သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာမိသားတစုနေရပ်ပြန်မှု မြန်မာအစိုးရထုတ်ပြန်ချက်ကို ဘင်္ဂလားဒေ့ရ်ှငြင်းဆို


ပထမဆုံး ပြန်လာတဲ့ ရိုဟင်ဂျာမိသားစု
ပထမဆုံး ပြန်လာတဲ့ ရိုဟင်ဂျာမိသားစု

ရိုဟင်ဂျာ မိသားစု တခု ဌာနေပြန်လည် ဝင်ရောက်လာကြောင်း မြန်မာ အစိုးရဘက်ရဲ့ ထုတ်ပြန်ချက် အပေါ် ဘင်္ဂလားဒေရှ့် အစိုးရက ပယ်ချလိုက်ပါတယ်။ ဘင်္ဂလားဒေရှ့် အစိုးရရဲ့ ကယ်ဆယ်ရေးနဲ့ ဌာနေပြန်ရေးဆိုင်ရာ မဟာမင်းကြီး Abul Kalam က အဲဒီ ဌာနေပြန်သွားတယ်ဆိုတဲ့ မိသားစုဟာ ဘင်္ဂလားဒေရှ့်ဘက်ကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ဖူးသူ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါက ဌာနေပြန်တာ မဟုတ်ပါဘူး၊ ဝါဒဖြန့်တာသာ ဖြစ်တယ်လို့ Abul Kalam က ရိုက်တာ သတင်းအေဂျင်စီကို မနေ့ တနင်္ဂနွေနေ့က ပြောပါတယ်။ ဘင်္ဂလားဒေရှ့် ပြည်ထဲရေး ဝန်ကြီး Asaduzzaman Khan ကတော့ မြန်မာနိုင်ငံရဲ့ ကြေညာချက်က ဟာသ သက်သက်သာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဌာနေပြန်လာမယ့် ရိုဟင်ဂျာတွေ အတွက် လုံခြုံရေး စိုးရိမ်ချက်ကို မဖြေရှင်းရသေးတာကြောင့် အခုဆောင်ရွက်ချက်က လူတွေ အာရုံစိုက်လာအောင် ဖန်တီးဆောင်ရွက်ချက်သာ ဖြစ်တယ်လို့ အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေက ဘေးကင်းလုံခြုံမှုရှိရှိ၊ ဂုဏ်သိက္ခာနဲ့ အညီ ဖြစ်ပြီး ရေရှည် ခံမယ့် ဌာနေပြန်ရေး အတွက် အခြေအနေမျိုး မရှိသေးဘူးလို့ ဒုက္ခသည်များဆိုင်ရာ ကုလ အဖွဲ့က ပြီးခဲ့တဲ့ သောကြာနေ့မှာ ပြောဆိုထားတာပါ။

မြန်မာ အစိုးရ ထုတ်ပြန်ချက်မှာတော့ မောင်တော အကြမ်းဖက်မှုကြောင့် နေရပ်စွန့် ထွက်ပြေးရတဲ့ မိသားစုဝင် ၅ ဦး ပြန်လည် ဝင်ရောက်လာတာ ဖြစ်ပြီး သူတို့ကိုတော့ နိုင်ငံတွင်း အမှန်တကယ် နေထိုင်ခြင်း ရှိမရှိ၊ နိုင်ငံသား ဖြစ်မှု ဥပဒေနဲ့ စစ်ဆေးခဲ့ပြီး နိုင်ငံသား စိစစ်ခံမည့်သူတွေကို ထုတ်ပေးတဲ့ NV ကတ်ပြားတွေ ထုတ်ပေးခဲ့တယ်လို့ ဖော်ပြပါတယ်။ ပြန်လည် ဝင်ရောက်လာသူ ၅ ဦးတို့ကတော့ မောင်တောမြို့က ဆွေမျိုးတွေ အိမ်မှာ ယာယီ နေရာချထားပေးထားကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။ အစိုးရ ထုတ်ပြန်တဲ့ သတင်းဓာတ်ပုံမှာတော့ အမျိုးသားတဦး၊ အမျိုးသမီး ၂ ဦးနဲ့ ကလေး ၂ ဦးတို့ကို တွေ့ရပါတယ်။ ဒါပေမယ့် ဒီလူတွေက ဘင်္ဂလားဒေရှ့်ကို ထွက်ပြေးခဲ့ကြသူတွေလား၊ ဒေသတွင်းမှာဘဲ ထွက်ပြေး တိမ်းရှောင်နေသူတွေလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG