သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ရောက် ဝန်ကြီးဦးအောင်မင်းရဲ့ လူထုတွေ့ဆုံပွဲ


တိုကျိုမြို့ ခေးအိုးတက္ကသိုလ် မှာ ပြုလုပ်တဲ့ ဝန်ကြီး ဦးအောင်မင်းနှင့် လူထုတွေ့ဆုံပွဲ။ သတင်းဓာတ်ပုံ-ဦးညိုအုန်းမြင့်
တိုကျိုမြို့ ခေးအိုးတက္ကသိုလ် မှာ ပြုလုပ်တဲ့ ဝန်ကြီး ဦးအောင်မင်းနှင့် လူထုတွေ့ဆုံပွဲ။ သတင်းဓာတ်ပုံ-ဦးညိုအုန်းမြင့်

အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်မှု အဖွဲ့ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်ဟာ မြန်မာအစိုးရရဲ့ အပစ်ရပ်ငြိမ်းချမ်းရေး ဖေါ်ဆောင်နေတဲ့ လုပ်ငန်း စဉ်တွေ အပေါ် ဂျပန်အစိုးရနဲ့ ဂျပန် အကူညီပေးရေးအဖွဲ့တွေက ယုံကြည်မှု ကင်းသွားမှာကို စိုးရိမ်တဲ့အတွက် လာရောက်ရှင်းပြတဲ့ သဘော ရှိတယ်လို့ ဂျပန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။ တိုကျိုမြို့ ခေးအိုး တက္ကသိုလ် မှာ မနေ့က ပြုလုပ်တဲ့ ဝန်ကြီး ဦးအောင်မင်နဲ့ လူထုတွေ့ဆုံပွဲ အတွင်း ပြောဆိုသွားတာကို အခြေခံပြီး ပြောဆိုလိုက်ကြတာပါ။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

မြန်မာအစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ဟာ ဧပြီ ၁၆ ရက် မနေ့တုန်းက ဂျပန်နိုင်ငံ တိုကျိုမြို့ Keio တက္ကသိုလ်မှာ ဂျပန်လူထုနဲ့ရော မြန်မာနိုင်ငံသားတွေနဲ့ပါ တွေ့ဆုံပြီး သူတို့ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ ရှင်းပြခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ ဂျပန်လူထုဖက်ကလည်း သူတို့ မရှင်းလင်းတဲ့ အချက်တွေကို မေးခွန်းထုတ်ခဲ့တာတွေရှိပြီး ဦးအောင်မင်းက ပြန်လည် ရှင်းပြခဲ့တာပါ။

အခုလို ရှင်းပြချက်တွေ ကိုကြည့်ရင် မြန်မာအစိုးရဟာ ဂျပန်အစိုးရနဲ့ ဂျပန် NGO အဖွဲ့တွေရဲ့ ယုံကြည်မှု ကင်းသွားမှာကို စိုးရိမ်နေတာ ပေါ်လွင် ကြောင်း ဂျပန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူ ဦးသန်းဆွေက သုံးသပ်ပါတယ်။

"ဒီဂျပန်မှာရှိတဲ့ လွှတ်တော်အမတ်တွေထဲမှာ မြန်မာနဲ့ပတ်သက်ပြီး ဖွဲ့ထားတဲ့ လွှတ်တော်အမတ် အဖွဲ့အစည်းလည်း ရှိတယ်ဆိုတော့လေ ဥပမာအားဖြင့် ဒီ ဆာဆာကာဝါ ဖောင်ဒေးရှင်းလို ဟာမျိုး ဒီ NGO အဖွဲ့အစည်းတွေက တိုင်းရင်းသားတွေနဲ့ဆက်သွယ်ပြီးတော့ တိုက်ရိုက် တိုင်းရင်းသားတွေကို ပေးနေတာမျိုး ရှိတယ်။ ဥပမာ နယ်စပ်ဒေသမှာ ရှိတဲ့ ကလေးသူငယ်တွေကိုရော၊ ဒုက္ခသည်တွေကိုရော နောက်တခါ စစ်ဘေးစစ်ဒဏ် ခံနေရတဲ့ ကချင် ဒေသတို့ ရှမ်းပြည်ကိစ္စတို့မှာပေါ့လေ တိုက်ရိုက် ဆက်သွယ်ပြီးတော့ တိုက်ရိုက်ပေးနေတဲ့ လွှတ်တော်အမတ်တွေ၊ NGO တွေ ရှိတယ်။ အဲ့ဒီ့တော့ အဲ့ဒီ့လွှတ်တော်အမတ်တွေကလည်း ဒီနေ့ မြန်မာနိုင်ငံတွင်းမှာ တဖက်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်နေသော်ငြားလည်း တဖက်က စစ်ပွဲတွေက ပိုပိုပြီး ကြီးလာတဲ့အတွက်ကြောင့်မို့လို့ သူတို့ဘက်ကလည်း ဒါနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုရှိတဲ့ အတွက်ကြောင့်မို့လို့ပေါ့လေ ဒါတွေနဲ့ပတ်သက်ပြီး သူတို့ဘက်က Pressure ရှိတဲ့အတွက် တခုခုဖြစ်လာတယ်နဲ့တူပါတယ်။

အဲ့တာကြောင့် ဒီနေ့ ပြည်တွင်းထဲမှာ ဒီကိုးကန့်ကိစ္စတို့၊ KIA ကိစ္စတို့နဲ့ ပတ်သက်ပြီးတော့ စစ်ပွဲတွေက ပိုပိုပြီးတော့ ပြင်းထန်လာ တယ်လို့ မြင်ရတဲ့ အပိုင်းမှာ သူတို့တွေ အနေနဲ့ ဒါကို လာရှင်းပြရင်း ဂျပန်အစိုးရနဲ့ ဂျပန်လူထု ယုံကြည်အောင် လာပြီးတော့ ပြောကြားတယ်ဆိုတဲ့ အဓိပ္ပါယ်က အဓိကပါပဲ။ ဂျပန်ရဲ့ ရပ်တည်ချက် ပြောင်းသွားမှာကို သူတို့ တော်တော် စိုးရိမ်တဲ့ပုံ ဖြစ်နေပါတယ်။"

ဂျပန်အစိုးရဟာ မြန်မာနိုင်ငံမှာလုပ်နေတဲ့ အပစ်ရပ်ငြိမ်းချမ်းရေး ဖေါ်ဆောင်တဲ့ လုပ်ငန်းစဉ်တွေကို ထောက်ပံ့ အကူအညီပေးနေတာပါ။ ဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ရဲ့ အခု ဂျပန်ခရီးစဉ်ဟာ ဂျပန်အစိုးရနဲ့ NGO အဖွဲ့တွေဆီက နောက်ထပ် အကူအညီတွေ ရအောင် လာတောင်းတဲ့ သဘောလဲ သက်ရောက်တယ်လို့ Keio တက္ကသိုလ်က တွေ့ဆုံပွဲကို ကိုယ်တိုင်တက်ရောက် မေးခွန်းထုတ်ခဲ့သူ ကရင်တိုင်းရင်းသားအရေး ဆောင်ရွက်နေတဲ့ စောမျိုးခိုင်ရှင်းက ပြောပါတယ်။

"သူတို့ငြိမ်းချမ်းရေး လုပ်တဲ့ကိစ္စကို သူက အဓိက ငွေလာတောင်းတော့ ဂျပန်အစိုးရကို လာတောင်းတာပါ။ ကျနော်က ငြိမ်းချမ်းရေး ရနေပြီသာပြောတယ် ဒါပေမဲ့ မနေ့က တနေ့ကအထိက မြန်မာပြည်အထက်မှာ တောက်လျောက် တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာ သူ့ကိုဖော်ညွန်းခဲ့တော့ သူက အဲ့ဒီ့မှာ လောက်ကိုင် ကိစ္စ ကိုးကန့်ကိစ္စက ဒါက ခြောက်လ လောက်မှ ပေါ်လာတယ်ဆိုတာ သူပြောတယ်လေ။ ဒါပေမဲ့သူက အဲ့လောက်တင် မကဘူးနော် နောက်ပိုင်း သူတို့ ထပ်တောင်းသွားသေးတယ်။ ဒုက္ခသည်တွေ ပြန်လာဖို့ IDP တွေပြန်လာဖို့ အလုပ်ပေးဖို့ ကျန်းမာရေး စီးပွားရေး ပြန်ထူထောင်ပေးမယ် လူမှုရေးတွေဆို လည်း ဆေးရုံတွေ ဆောက်ရမယ်။ ကျောင်းတွေ ဆောက်ရမယ် အဲ့တာတွေအတွက် အားလုံးပေါင်း လေးသိန်းကျော်လောက် ဂျပန်အစိုးရက တာဝန်ယူဖို့ဆိုတာ သူပြောပါတယ်။ ဒါက အပြောသပ်သပ်ပဲ အဓိက က သူတို့အတွက်လို့ပဲ ကျနော်မြင်ပါတယ်။"

မြန်မာနိုင်ငံက ဒီမိုကရေစီ လမ်းကြောင်းကို ဖေါ်ဆောင်ရာမှာ လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ ဝန်ကြီး ဦးအောင်မင်းရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး ဦးသန်းဆွေ ပြောတာက -

"ဦးအောင်မင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ ဒီမိုကရေစီကို သွားတဲ့နေရာမှာ သိပ်ပြီးတော့ အလျင်လို လို့ မရဘူးပေါ့နော်။ နည်းနည်း စိတ်ရှည်သီးညည်းခံရပါတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံသားတွေ Capacity Building အရ အရမ်းနိမ့်တဲ့အတွက်လို့ ပြန်ဖြေတယ်ခင်ဗျ။ ဒီမိုကရေစီကို ကျင့်သုံးဖို့အတွက် အဆင်သင့်မဖြစ်သေးအောင်လည်းပဲ နိမ့်တယ်ဆိုတဲ့ ပုံစံမျိုး ပြောတာ အတူတူပဲပေါ့ဗျာ။ အဲ့တော့ သူက အဲ့လိုဖြေချိန်မှာပဲ အပြင်းအထန်ကန့်ကွက်ပါတယ်လို့ ကျနော်ပြောလိုက်ပါတယ်။

အဲ့တာနဲ့ပတ်သက်ပြီးတော့ သူပြန်ဖြေရှင်းတာကတော့ သူတို့ကိုယ် သူတို့ Capacity နိမ့်ပါတယ်ဆိုတာ သူတို့ကိုယ်သူတို့ ဝန်ခံပါတယ်ဆိုပြီး သူတို့ စ ပြော တယ်ဗျ။ ပြောပြီးတော့ သူတို့ ဒီတံခါး ဖွင့်လိုက်တဲ့အချိန်မှာပေါ့လေ ကမ္ဘာနဲ့ရင်ဘောင် တန်းပြီးတော့ လိုက်နိုင်ဖို့အတွက်ပေါ့လေ သူတို့ အကူအညီတွေ အများကြီး ယူရပါတယ်ပေါ့။ သူက ရှင်းသွားပါတယ်။"

၁၉၈၈ ခုနှစ်နောက်ပိုင်း ဂျပန်နိုင်ငံကို ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ စစ်အစိုးရကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ လုပ်ကိုင်ကြတဲ့ အတွက် Black List အမည်မည်း စာရင်း အသွင်းခံရသူတွေရှိပြီး ၊ သမ္မတဦးသိန်းစိန် လက်ထက် မြန်မာနိုင်ငံ သားတွေ အိမ်ပြန်လာနိုင်ပြီလို့ ပြောခဲ့ပေမယ့် ဂျပန်နိုင်ငံက အမည်မည်း စာရင်းထဲပါသူ တချို့မြန်မာနိုင်ငံသားတွေကို တိုကျိုမြန်မာသံရုံးက ပတ်စ်ပို့ပြန်မထုတ်ပေးတာမျိုး ပြည်ဝင်ခွင့်ဗီဇာ ထုတ် မပေးတာမျိုးတွေနဲ့ ကြုံနေရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ သူတို့အနေနဲ့ ပြန်လည် သုံးသပ် ဖြေရှင်းပေး သွားမယ်လို့ ဝန်ကြီး ဦးအောင်မင်းနဲ့ လဝက ဝန်ကြီး ဦးခင်ရီတို့က ပြောဆိုသွားကြောင်း သိရပါတယ်။

XS
SM
MD
LG