သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ New York ကို လာမည်


ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း
မြန်မာအစိုးရရုံးဝန်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ဟာ မကြာခင်မှာ အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့မှာ ဒေသခံ မြန်မာတိုင်းရင်းသား မိသားစုတွေ နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။ ဒီပွဲကို စီစဉ်သူ ကိုတင်မောင်အေးကို ကိုသားညွန့်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်ရှင်။

မေး။ ။ ကိုတင်မောင်အေးရေ မကြာခင်မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နဲ့အဖွဲ့ နယူးယောက်ခ်မြို့ကို လာမယ်။ မြန်မာမိသားစု အသိုင်းအဝိုင်းနဲ့လည်း တွေ့ဖို့ ဆုံဖို့ရှိတယ်လို့ သိရပါတယ်ခင်ဗျ။ ကိုတင်မောင်အေးတို့က စီစဉ်နေတယ်ဆိုတော့ အစီအစဉ်လေး ပြောပြပါဦးခင်ဗျ။ ဘယ်သူတွေပါ ပါမလဲဆိုတာ။

ဖြေ။ ။ “ဟုတ်ကဲ့ ပြီးခဲ့တဲ့အပတ်က သူတို့ ကျနော့်ဆီကို ဆက်သွယ်လာတယ်ပေါ့နော်။ သူတို့ ဒီကိုလာမယ်။ လာပြီးလို့ရှိရင် အချိန်ရတဲ့အချိန်မှာ မြန်မာ community နဲ့လည်း တွေ့ဆုံဆွေးနွေးချင်တယ်ပေ့ါနော်။ အဲ့တော့ ဦးအောင်မင်းနဲ့ ပါလာမယ့်သူတွေက အဓိကကတော့ မြန်မာ peace center က ပုဂ္ဂိုလ်တွေ ပါလာမယ်။ နောက်ပြီးတော့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းရယ်၊ နောက်ပြီးတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ကြီး ဦးခင်ရီ ပါမယ်။ နောက်ပြီးတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းထွန်းပါမယ်။ နောက်ပြီးတော့ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး သူတို့ လေးယောက်စလုံးကတော့ community နဲ့ တွေ့ဖို့ စီစဉ်ထားတယ်ပေါ့နော်။ ကျနော်တို့ အခုလာမယ့် တနင်္ဂနွေနေ့ ဧပြီလ ၂၁ ရက်နေ့မှာ နယူးယောက်ခ်က UN Plaza မှာပဲ ကျနော်တို့ တွေ့ဖို့ စီစဉ်ထားပါတယ်။ ၁ နာရီကနေ ၄ နာရီအထိပေါ့နော်။”

မေး။ ။ ပထမတကြိမ်တုန်းကလည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း လာတုန်းက မြန်မာမိသားစုအသိုင်းအဝိုင်းနဲ့ အဲ့ဒီမှာတွေ့တယ်လို့ သိရပါတယ်ခင်ဗျ။ ဒီတခေါက်က သူတို့အနေနဲ့ ဘာတွေများ ဆွေးနွေးမယ်လို့ ကြားရပါလဲခင်ဗျ။

ဖြေ။ ။ “ဒီတခေါက်ကတော့ခင်ဗျ ကျနော်သိသလောက်ဆိုရင်တော့ ဒီအစီအစဉ်က သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်လာဖို့ စီစဉ်ထားတာပေါ့နော်။ သူ့ကို ICG – International Crisis Group ကနေပြီးတော့ ဒီငြိမ်းချမ်းရေးသဘောမျိုး၊ ဒီမိုကရေစီ transition ဆုတခုကို ပေးတယ်ပေါ့နော်။ အဲ့ဒီအတွက် သမ္မတကိုယ်စား သူတို့က ဒီဘက်ကိုဝင်ပြီးတော့ လာယူတဲ့သဘောပေါ့နော်။ ဒီတခေါက်မှာတော့ အဓိကကတော့ အတွင်းထဲမှာဖြစ်နေတဲ့ သူတို့ကိုယ်တိုင် ဝင်ရောက်လုပ်ကိုင်နေတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိစ္စတွေ၊ နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အပြောင်းအလဲ အခြေအနေတွေ၊ နောက်ပြီးတော့ လူမှုရေးနဲ့ စီးပွားရေး ပြောင်းလဲမှုတွေ၊ အထူးသဖြင့်တော့ တိုင်းရင်းသားရေးရာ အခြေအနေတွေပေါ့နော် အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ နယူးယောက်ခ်မှာရှိတဲ့ မြန်မာ community ကို သူတို့က ရှင်းပြချင်တယ်ပေါ့နော်။ ဒီဘက်ကလည်း မေးချင်တာရှိ ရင်မေး၊ နွေးနွေးထွေးထွေး အပြန်အလှန်ပေါ့ဗျာ ဒီလိုမျိုး အရင်ကအတိုင်းပဲပေါ့
ဆွေးနွေးကြမယ်၊ ဖလှယ်ကြမယ်ပေါ့ဗျာ။ အဲ့ဒါကို အဓိကထားပြီးတော့ သူတို့ ကျနော့်ဆီ အကူအညီ တောင်းတာပေါ့နော်။ ကျနော်တို့ကလည်း တတ်နိုင်တဲ့ ဘက်က ပွဲဖြစ်အောင် စီစဉ်ပေးပါတယ်။”

မေး။ ။ ပထမတခေါက်တုန်းကလည်း မြန်မာ community မြန်မာမိသားစု
တွေနဲ့ အဲ့ဒီမှာ တွေ့ထားတဲ့အခါကျတော့ မြန်မာမိသားစုတွေဘက်က တုံ့ပြန်မှုပေါ့ ပထမအကြိမ်လည်း တွေ့ပြီးပြီ။ သူတို့ရဲ့ တုံ့ပြန်မှုနဲ့ပတ်သက်ပြီး ကိုတင်မောင်အေး ဘယ်လို ခန့်မှန်းမိသလဲ။


ဖြေ။ ။ “ကျနော့်အမြင်ဆိုရင်တော့ဗျာ သူတို့နှစ်ဘက်ပေါ့ သူတို့အတွင်းထဲကလည်း လုပ်နိုင်ကိုင်နိုင်တဲ့ဘက်က သူတို့အနေနဲ့ကလည်း အကောင်းဆုံးဖြစ်အောင် လုပ်နေပါတယ်ပေါ့နော်။ လုပ်လည်းလုပ်နေတယ်ဆိုတာ ကျနော်တု့ိ သိရပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဒီဘက်မှာရှိနေကြတဲ့ မြန်မာ community အနေနဲ့ကလည်း အဲ့လိုမျိုး ပွင့်လင်းလာတဲ့အချိန်ကျတော့ ဖြစ်စေချင်တဲ့ ဆန္ဒတွေ၊ ဖြစ်စေချင်တာတွေ၊ ဖြစ်သင့်တာတွေကိုလည်း မြန်မြန်ဆန်ဆန် ဖြစ်စေချင်ကြတာရှိပါတယ်။ ကျနော့်အမြင်ဆိုရင်တော့ မျှော်လင့်ချက်နဲ့ လက်တွေ့မှာ အကောင်အထည်ဖော်နေတဲ့ အခက်အခဲတွေ၊ အကောင်အထည်ဖော်တဲ့နေရာ မှာ တွေ့ကြုံနေရတဲ့ အခက်အခဲတွေနဲ့ သူတို့လုပ်နေတဲ့ ဟာတွေနဲ့က နည်းနည်း ကွာဟနေတယ်ပေါ့နော်။ အဲ့ဒါလေးကို ကျနော်တို့အနေနဲ့ကလည်း တတ်နိုင်တဲ့ဘက်က လူချင်းတွေ့အောင် ကျနော်တို့ စီစဉ်ပေးတာပေါ့နော်။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ အပြောင်းအလဲတွေ တိုးတက်ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်စေချင်တာပေါ့ဗျာ။ တခါတလေကျတော့လည်း ကျနော်တို့ စိတ်ထဲမှာ မရှင်းတာတွေ၊ သံသယတွေ၊ ပွင့်ပွင့်လင်းလင်း ဆက်ဆံခွင့် မရတာတွေ၊ မရတော့ အတိအကျ အသေအချာ မသိရဘူးပေါ့။ အဲ့ဒါတွေ အများကြီးရှိနေ တယ်ဆိုတော့ သူတို့လာတော့မှ ဒီလို အခွင့်အရေးရတော့မှ ဒီလိုမျိုး ပွဲလေးတွေလုပ်တဲ့အတွက် တဘက်နဲ့တဘက် နားလည်မှု ပိုပြီးတော့ ခိုင်မာလာမယ် တိုးတက်လာမယ်ဆိုတဲ့ မျှော်လင့်ချက်တော့ ရှိတာပေါ့နော်။”
XS
SM
MD
LG