သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းကင်းမှာ ဖမ်းဆီးခံရပြီး သေဆုံးမှုရှိကြောင်း ဒေသခံတွေပြောဆို


Min Kin Arson
Min Kin Arson

Zawgyi/Unicode

စစ်ကိုင်းတိုင်း၊ မင်းကင်းနယ်ဘက်က ကျေးရွာတွေမှာ စစ်တပ်က ဖမ်းဆီးပြီး သတ်ပစ်ခဲ့လို့ တပတ်အတွင်း လူ ၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကသာမြို့မှာဆိုရင်လည်း စစ်ကောင်စီတပ်တွေက မြို့တွင်းမှာ ပစ်ခတ်တာတွေလုပ်နေလို့ ဒေသခံတွေ စိုးရိမ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ဝင်ရှာ၊ ကျေးရွာသားတွေကို ဖမ်းဆီးပြီး သတ်ပစ်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောတာပါ။ ဒေသခံတွေ ပြောပြချက်အရ တပတ်အတွင်း ၇ ဦးထက်မနည်း သေဆုံးပြီး ၆ ဦးလောက် ဖမ်းဆီးခံထားရတယ်လို့ မင်းကင်းဒေသခံတဦးက အခုလိုပြောပါတယ်။
“အခု ၄-၅-၆ ရက်အတွင်းကို သေဆုံးတဲ့သူဦးရေက အနည်းဆုံး ၇ ဦးလောက်အထိကိုရှိတယ်။ အဓိက တိုက်ပွဲ ဖြစ်ပွားတာမဟုတ်ဘူး။ တိုက်ပွဲဖြစ်တာက ၂ ကြိမ်လောက်ပဲရှိတယ်။ အဓိက ပျူစောထီးတွေက သတင်းပေးမှု ကြောင့်မို့လို့ တချို့အိမ်တွေဆို အတိအကျနဲ့ ဖမ်းဆီးပြီး သတ်တာမျိုးတွေ ဖြစ်နေတယ်။ တချို့အိမ်တွေ သိသလောက်ဆိုရင် အိမ်နာမည် အတိအကျနဲ့ကို အဖမ်းခံရတာမျိုးတွေရှိတယ်။ သေဆုံးတဲ့သူ ၂ ယောက် ၃ ယောက်ဆိုရင် ဒီအိမ်တက် ဒီအိမ်တက်ဆိုပြီး လက်ညှိးထိုးပြီးမှ လာပြီး ဖမ်းသွားတာမျိုးတွေလည်း ရှိတယ်။ ဒီတပတ်အတွင်းမှာဆိုရင် အနည်းဆုံး အဖမ်းခံရသူ ၆ ဦး ၇ ဦးလောက်လည်းရှိတယ်။ တချို့ပြန်လွတ်လာတယ် ကြားတယ်။ ပြန်လွတ်လာတဲ့ သူတွေမှာ ဆိုရင်လည်း အထိုးခံအကြိတ်ခံဒဏ်ရာတွေနဲ့ အဖုအထစ်တွေနဲ့ အဲ့ဒါတွေနဲ့ပဲ ပြန်လွတ်လာတယ်။ အဲ့ဒါပြီးတော့ အဲ့နေရာမှာ အသက် ၆၀ ကျော် လူကြီး ၁ ယောက်ပေါ့ ရွာထဲကို ခဏ အပြန်မှာ လမ်းမှာ အသတ်ခံလိုက်ရတယ်။”
စစ်တပ်ဟာ မင်းကင်းနယ်တဝိုက်မှာ မကြာခနဆိုသလို ရွာတွေထဲကို ဝင်ရှာနေတာပါ။ မနေ့ ဇူလိုင် ၁၅ ရက်နေ့ကလည်း စစ်တပ်က ရွာတွေထဲမှာ ဝင်ရှာပြီး အပြန်မှာ မင်းကင်း PDF တပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်က တဦး ကျဆုံးပြီးတော့ တဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်လို့ မင်းကင်း PDF ဘက်က ပြောပါတယ်။
ဒီလို ကျဆုံးဒဏ်ရာရတဲ့ အရေအတွက်ကို ဗွီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့ကလည်း မင်းကင်းနဲ့ နယ်မြေဆက်စပ်နေတဲ့ ကနီနယ်က ယင်းရွာမှာ စစ်ဘေးရှောင်နေတဲ့ အမျိုးသား ၁၅ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ တိုက်ပွဲဖြစ်ပွားတာအပြင် အစုလိုက် သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ တစုံတရာ ပြောကြားတာ မရှိသေးပါဘူး။
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ကသာဘက်မှာဆိုရင်လည်း စစ်တပ်က အင်အားတိုးချဲ့နေပြီး မြို့တွင်းမှာလည်း ပစ်ခတ်နေလို့ မြို့ခံတွေက စိုးရိမ်နေပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကသာမြို့ခံ တဦးက -
“စစ်တပ်က မနေ့ကစပြီးတော့ အင်အားထပ်ဖြည့်တယ် မနေ့ကစပြီးတော့လေ။ အင်အား ထပ်ဖြည့်ပြီးတော့ မနေ့က ညနေပိုင်းမှာပဲ မြို့လှနား နှင်းပန်းတောဆိုတဲ့ နေရာလေးမှာ တိုက်ပွဲ ခဏဖြစ်လိုက်သေးတယ်။ မြို့ထဲမှာတော့ နေ့စဉ်လို ညတိုင်းမှာ ဗုံး ၂ လုံး ၃ လုံးတန်သည် ကွဲတယ်။ ကွဲပြီးတဲ့နောက်မှာ တမြို့လုံးကိုလှည့်ပြီးတော့ တချို့ကလည်းဆိုင်ကယ်တွေနဲ့ ဆိုင်ကယ် တစီးကို နှစ်ယောက်စီးပြီးတော့ သေနတ်တွေနဲ့ ရမ်းပစ်နေတယ်။ ပြီးတော့လည်း ကားတွေနဲ့လိုက်ပြီးတော့ ပစ်နေတယ်။ ကားတွေဆိုတာ 4 Wheel နောက်ပွင့်တွေနဲ့ မြို့ခံတွေက မြို့လည်ခေါင်ထိ ဒီလိုကြီး လိုက်ပစ်နေတယ်ဆိုတော့ ကိုယ့်အိမ်ကိုယ် တံခါးတွေ ပိတ်ပြုပြီးတော့ လမ်းပေါ်မှာ တယောက်မှ မထွက်ရဲတော့ဘူးပေါ့နော်။ တိတ်ဆိတ် ခြောက်ကပ်နေတယ်။ မြို့ပေါ်မှာ ယာဉ်အသွားအလာလည်း မရှိဘူး။ လူအသွားအလာလည်း မရှိတော့ဘူး။ ဈေးဆိုင်တွေမှာလည်း ခြောက်ကပ်နေတယ်ခင်ဗျ။”
ဇူလိုင်လထဲမှာ ကသာမြို့အနီးက ကျေးရွာတွေမှာ မင်းကင်း PDF နဲ့ KIA ပူးပေါင်းအဖွဲ့နဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး စစ်ကောင်စီဘက်က အကျအဆုံးများတယ်လို့ ဒေသခံတွေက ပြောပေမယ့် သီးခြားအတည်မပြုနိုင်ပါဘူး။
ကသာမြို့အနီးမှာ အခုလို တိုက်ပွဲတွေ ဖြစ်နေတာအပြင် မြို့ပေါ်မှာပါ ကိုဗစ်ရောဂါ ပျံ့နှံ့ကူးစက်ပြီး လူသေဆုံးတာတွေ ရှိနေတဲ့အတွက် ဒေသခံတွေက ပိုပြီး စိုးရိမ်နေပါတယ်။

တိုက်ရိုက် လင့်ခ်


Unicode




XS
SM
MD
LG