သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီနဲ့ ဒေသခံအဖွဲ့တွေ တိုက်ပွဲဆက်ဖြစ်နေ


မင်းကင်း PDF တပ်ဖွဲ့ဝင်များ။ (ယခင်ပုံဟောင်း)
မင်းကင်း PDF တပ်ဖွဲ့ဝင်များ။ (ယခင်ပုံဟောင်း)

{{Zawgyi/Unicode}}

စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဆက်ပြီး တိုက်ခိုက်နေကြပါတယ်။ မင်းကင်းနယ်မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေက စစ်ကောင်စီယာဉ်တန်းကို ဒီနေ့ နိုဝင်ဘာ ၁၅ ရက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ် လို့ ပြောပါတယ်။ ကလေးမြို့အနီးက ကျေးရွာတွေမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့အတွက် စစ်ဘေးဒုက္ခသည် အရေအတွက်တိုးလာနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

စစ်တပ်ဘက်က စစ်အင်အားတွေတိုးချဲ့နေတဲ့ စစ်ကိုင်းတိုင်း မင်းကင်းနယ်ထဲမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စစ်တပ်စစ်ကြောင်းတခုကို ဒီကနေ့ နိုဝင် ဘာ ၁၅ ရက် နေ့လည်ပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ ကျောက်ခဲတက်ကျေးရွာနဲ့ သင်တောကျေးရွာ ကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ မင်းကင်း ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“ကျနော်တို့ဖြစ်တာက ကျောက်ခဲတက်ကျေးရွာနဲ့ သင်တော ကျေးရွာကြားထဲမှာ ဖြစ်တာ။ မနက် ၄ နာရီ လောက်ကတည်းက။ ဒီအတိုင်း ခြေလျင် အယောက် ၈၀ လောက်နဲ့ အရပ်ဝတ်တွေနဲ့ လက်နက်ကိုင်ပြီးတော့ ကျနော်တို့ဒီဘက်ကို သူတို့က လာနေကြလေ။ တလကို ၃/၄ ကြိမ်လောက် လာလိုက်၊ မွှေလိုက်၊ ဒုက္ခ ပေးနေတာ။ မိုင်းနဲ့ လက်နက်ကြီးနဲ့ ဗုံးနဲ့ပဲလုပ်လိုက်တာပါ။ အပြန်အလှန် ပစ်ခတ်တာမျိုးတော့ မဟုတ်ဘူးခင်ဗျ။ သေတယ် မသေတယ်တော့ တိတိကျကျမပြောနိုင်ဘူး။ ထမ်းပိုးသွားတာတော့ အနည်းဆုံး ၈ ယောက်ကနေ ၁၀ ယောက်လောက်ရှိတယ်။ သူတို့ကို လှမ်းကြည့်တော့ မြင်နေကြတယ်။ ကျနော်တို့ ပစ်လိုက်တော့ သူတို့က ပြန်ဆုတ်သွားတယ်။ ပြန်ခေါက်သွားတယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းတွေကစလို့ မင်းကင်းဘက်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေဟာ လေကြောင်းကနေ ရဟတ်ယာဉ်အသုံးပြုပြီး စစ်အင်အား တိုးချတာတွေ ပြုလုပ်နေတဲ့အတွက် တိုက်ပွဲတွေဖြစ်ပေါ်လာမှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။

တဆက်တည်းမှာပဲ စစ်ကိုင်းတိုင်းထဲက ကလေးမြို့နယ် အနီးက ကျေးရွာတွေဘက်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တို့ကြား တိုက်ပွဲတွေဆက်ရှိနေပါတယ်။ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက်လည်း တိုးလာနေပါတယ်။

နိုဝင်ဘာ ၁၃ ရက်ကစလို့ ကလေးမြို့အနီး မြစ်သာမြစ်အရှေ့ဘက် ကျေးရွာတွေဖြစ်တဲ့ အင်းကျော်၊ ဥယျာဉ်၊ ဥတို၊ ကင်းမွန်ခြုံစတဲ့ ကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာကို ကျေးရွာတွေကို တိမ်းရှောင်ထွက်ပြေးနေရပါတယ်။

ထွက်ပြေးနေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“၁၃ ရက်နေ့ ၉ နာရီလောက်ကတည်းကစပြီး လက်နက်ကြီးတွေနဲ့ပစ်လို့။ အဲ့ဒါ သူတို့ အဲ့ကတည်းက ထွက်ပြေးခဲ့ကြရတာ။ ၁၃ ရက်နေ့ညကိုတော့ ဖြစ်သလိုပဲ တောထဲတွေရှောင်ပုန်း အိပ်ကြပြီးတော့ ၁၄ ရက်နေ့ကို ဥယျာဉ်ဘက်ကို ပြေးခဲ့တယ်ပေါ့။ ဒီနေ့က ပစ်တာခတ်တာတော့ မကြားရသေးဘူး။ ဒါပေမယ့် မနေ့က အထိကတော့ ပစ်တယ်။ ပြည်သူတွေက အခုထိပြေးနေကြတုန်း။ ရွာထဲမှာ မရှိကြတော့ဘူး။ သက်ကြီးရွယ်အို ကျန်ခဲ့တဲ့သူတွေက ကျန်ခဲ့သေးတယ်လို့ပြောတယ်။ အဲ့အင်းကျော်မှာကတော့ တရွာတည်းနဲ့ကို အိမ်ခြေက ၁၀၀ ကျော် ၃ ရွာပေါင်းဆို အိမ်ခြေ ၄၀၀/၅၀၀ လောက်ရှိမှာပေါ့။ အနောက်ဘက်ကမ်းက ရွာတွေမှန်သမျှကတော့ တတ်နိုင်သမျှ စစ်ဘေးရှောင်တွေကို လက်ခံပြီးတော့ သူ့ရွာကိုယ့်ရွာ ရောက်လာတဲ့ စစ်ဘေးရှောင်တွေကို ကျွေးမွေး အဝတ်အစားတွေပေး လုပ်နေကြပါတယ်။”

နိုဝင်ဘာ ၃ ရက်ကလည်း ကလေးမြို့အနီး မြစ်သာမြစ် အနောက်ဘက် နတ်ချောင်း၊ ချောင်းခွ စတဲ့ကျေးရွာတွေအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တာကြောင့် ကျေးရွာထဲက နေအိမ်အချို့ မီးလောင်ကျွမ်းခဲ့ပြီး ဒေသခံတွေ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်


===========

{{Unicode}}












===========

XS
SM
MD
LG