သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူ့ကိုစော်ကားမှုအတွက် တောင်းပန်မှ Miss Asia Pacific World သရဖူ ပြန်အပ်မည်


Miss Asia Pacific World ပြိုင်ပွဲရဲ့ သရဖူဆုရှင် မေမြတ်နိုးက ကိုရီးယားနိုင်ငံမှာ သူ့ကို လူကုန်ကူးသဘော သက်ရောက်တဲ့အထိ Miss Asia Pacific World အဖွဲ့အစည်းက ဆောင်ရွက်ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါ တယ်။

မြန်မာနိုင်ငံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အရေးယူနိုင်ဖို့အထိ ပြင်ဆင်သွားမယ် လို့လည်း ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်မြို့မှာရှိတဲ့ House of Memories စားသောက်ဆိုင်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

၂၀၁၄ Miss Asia Pacific World သရဖူ ဆွတ်ခူးခဲ့တဲ့ မြန်မာအလှမယ် မေမြတ်နိုးကို သရဖူ ရုပ်သိမ်းတယ်လို့ အဖွဲ့က ကြေညာချက်တွေ ထုတ်အပြီးမှာ တဘက်နဲ့ တဘက် အပြန်အလှန် ပြောဆိုမှုတွေ ရှိလာတာပါ။ သတင်းစာရှင်းလင်းပွဲ အတွင်းမှာတော့ Miss Asia Pacific World အလှမယ်ပြိုင်ပွဲရဲ့ ပထမဆုရှင် မေမြတ်နိုးက အဲဒီအဖွဲ့အစည်းက တာဝန်ရှိသူတွေကပဲ သူမကို ကိုရီးယားနိုင်ငံက သူဌေးကြီးတွေနဲ့ တွေ့ဆုံဖို့အပြင် ဂျပန်နိုင်ငံထိပါ သွားရောက်ပြီး စပွန်စာလို့ခေါ်တဲ့ အထောက်အပံ့တွေ ရှာရမယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒီအချက်ဟာ တဘက်နိုင်ငံကလာတဲ့ မြန်မာမိန်းကလေး တယောက်ကို ကိုရီးယားနိုင်ငံမှ လူကုန်ကူးဖို့ ကြိုးစားတဲ့သဘော သက်ရောက်တဲ့အထိ ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် သူမအနေနဲ့ မြန်မာနိုင်ငံက သက်ဆိုင်ရာနဲ့ တိုင်ပင် ပြန်လည် ဖြေရှင်းသွားမယ်လို့ ဗွီအိုအေရဲ့ မေးမြန်းမှုကို အခုလို ဖြေကြားခဲ့ပါတယ်။

“ဗီဇာကနေစပြီးတော့ ခေါ်စာကနေစပြီးတော့ သူတို့က ဒီစာချုပ်စာတမ်းထဲမှာလည်းပေါ့နော် သမီးအတွက်ကို အစစအရာရာ စီစဉ်ပေးမယ်ဆိုပြီး ပြောထားပြီးတော့ ဟိုလည်းရောက်ရော ဒီ Plan တွေကလည်း ပြောင်းသွားတယ်ပေါ့နော်။ ဟို Miss Asia Pacific World ကနေပြီးတော့ --- ကို ကျမ လုပ်ပေးမယ်ပြောပြီး ဟိုရောက်တော့ မဟုတ်ဘူး။ တခြားကဏ္ဍတွေ လုပ်ခိုင်းတယ်ပေါ့ ဒီ။ ---- လုပ်ပြီးလို့ရှိရင် စပွန်ဆာတွေနဲ့ တွေ့ရမယ်။ ပြီးရင် ဂျပန်နိုင်ငံထိတောင်သွားပြီးတော့ Visa Extension လုပ်ရမယ်ဆိုတာတွေ ဘာတွေ လုပ်လာပါတယ်။ သူတို့ရဲ့အကြောင်းပြချက်တွေကလည်း မဟုတ်မမှန်တာ ဖြစ်တဲ့အတွက် မြတ်နိုးအနေနဲ့ ဘယ်လို ဟိုဥစ္စာ အကယ်၍ နောက်ဆုံးအချိန်ထိပေါ့နော် နောက် ဟိုပေါ့နော် ဒီ တရားဥပဒေအရ အရေးယူရမယ်ဆိုရင်လည်း မြတ်နိုးဘက်ကနေပြီးတော့ အကောင်းဆုံး ဆောင်ရွက်ဖို့လည်း ရှိပါတယ်ရှင့်။ ဒီမှာ မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာလူကြီးတွေအနေနဲ့ ဝိုင်းဝန်းကူညီပြီးတော့ ဥပဒေအရ ဆောင်ရွက်ရမယ်ဆိုရင် ဝိုင်းဝန်းကူညီပြီး အတူတူ လုပ်ဆောင်ဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။”

မြန်မာအမျိုးသမီးတဦးကို ကိုရီးယားအဖွဲ့အစည်း တခုက အခုလို အလိုမတူဘဲ ဆောင်ရွက်မှုတွေကို အမှန်တကယ်သာ စေခိုင်းခဲ့မယ်ဆိုရင် မေမြတ်နိုးအနေနဲ့ နိုင်ငံတာက ရဲတပ်ဖွဲ့ရဲ့ အကူအညီနဲ့ နိုင်ငံတကာ ဥပဒေတွေအတိုင်း အဲဒီအဖွဲ့အစည်းကို ဖော်ထုတ်အရေးယူတာတွေ လုပ်ဆောင်ဖို့ လိုမယ်လို့ ဥပဒေပညာရှင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောပါတယ်။

“ဒီအလှမယ်လုပ်ငန်းကို ဗန်းပြထောင်ထားပြီးတော့မှ တကယ်လို့သာ အဲ့ဒီလို နောက်ကွယ်ကနေပြီးတော့ တရားမဲ့ ဆောင်ရွက်ချက်တွေ ရှိတယ်ဆိုရင် ဒီကျနော်တို့ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီးတော့ လုပ်ရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဗမာနိုင်ငံရဲ့ စီရင်ပိုင်ခွင့်နယ်ပယ်က အကန့်အသတ်ရှိတယ်။ တခြားကိစ္စတွေကျတော့ ကျနော်တို့အနေနဲ့ စီရင်ပိုင်ခွင့်အာဏာသဘောအရ သွားပြီးတော့ လုပ်လို့မရဘူး။ အချုပ်အာဏာ သဘောအရ မရဘူး။ အဲတော့ လုပ်သင့်တာကတော့ ဒီအစိုးရချင်း ညှိပြီးတော့မှ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ဖြစ်စေ သို့တည်းမဟုတ် ဒီဘက်က မြန်မာရဲတပ်ဖွဲ့နဲ့ ကိုရီးယားရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီးတော့ဖြစ်စေ ကျနော်တို့ ဒါကို အရေးယူသွားလို့ ရတယ်။ ဒါဖြစ်နိုင်တယ် သူက လူကုန်ကူးတာတင် မဟုတ်ဘူးဗျ။ နောက်ထပ်လည်း ပုံစံတမျိုးမဟုတ် တမျိုးနဲ့ အရေးယူလို့ ရနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုရီးယားနိုင်ငံမှာလည်း ဒါနဲ့ပတ်သက်တဲ့ ဥပဒေတွေ ရှိပါတယ်။”

အလှမယ် မေမြတ်နိုးနဲ့ Miss Asia Pacific World အဖွဲ့အစည်းတို့အကြား ဒီရက်ပိုင်းတွေအတွင်းမှာပဲ တဘက်နဲ့ တဘက် အပြန်အလှန် စွပ်စွဲပြောဆိုမှုတွေလည်း ရှိနေတာပါ။ Miss Asia Pacific World အဖွဲ့အစည်းကတော့ သူမအနေနဲ့ ဒေါ်လာ ၁ သိန်း သရဖူကို ပြန်မအပ်ဘဲ ရှောင်တိမ်းနေတယ်လို့ ပြောဆိုသလို၊ အသက်လိမ်လည်မှုတွေ၊ ရင်သားခွဲစိတ်မှုတွေကို ခံယူထားသူ ဖြစ်တယ်လို့ အဖွဲ့ရဲ့ဥက္ကဌ ဝိုင်စီးချိုင် က သတင်းမီဒီယာတွေကို ပြောဆိုထားတာပါ။

ဒါပေမဲ့ အလှမယ် မေမြတ်နိုးကတော့ သူမအနေနဲ့ သရဖူကို ပြန်မအပ်ဘဲနေတာ မဟုတ်သလို မြန်မာအမျိုးသမီးတဦးကို အရှက်ရအောင် စော်ကားမှုတွေ Miss Asia Pacific World အဖွဲ့အစည်းက သူမကို ပြန်လည် တောင်းပန်ပြီးမှသာ သရဖူ ပြန်အပ်မယ်လို့ ပြောဆိုပါတယ်။

“မြန်မာနိုင်ငံရော၊ မြန်မာအမျိုးသမီးတွေ အကုန်လုံးကိုရော ဂုဏ်သိက္ခာကို စော်ကားတယ်ပေါ့နော်။ မြန်မာနိုင်ငံကိုလည်း Crown ကို ပေးပြီးတော့မှ ကမ္ဘာတဝှမ်းမှာ မြန်မာမယ်တယောက်က Crown ခိုးပြီးပြေးပါတယ်ဆိုပြီး ပြောတာကတော့ မြန်မာနိုင်ငံ အပုပ်ချတာနဲ့ အတူတူပါပဲ။ အဲ့လို မြန်မာနိုင်ငံကို စော်ကားတဲ့အတွက် မြန်မာနိုင်ငံ ဂုဏ်သိက္ခာကို ထိတဲ့အတွက် သူတို့အနေနဲ့ တောင်းပန်သင့်ပါတယ်။ မြန်မာနိုင်ငံကိုလည်း တောင်းပန်သင့်ပါတယ်။ အဲ့ဒီတော့ မြန်မာနိုင်ငံကို တောင်းပန်မှသာ ဒီ Crown ကို မြန်မာနိုင်ငံ ရထားတဲ့အတွက် မြန်မာနိုင်ငံကပဲ ပြန်ပြီးတော့ ဒီ Crown ကို ပြန်အပ်ပါမယ်လို့ ပြောချင်ပါတယ်ရှင့်။”

သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့အတူ မြန်မာနိုင်ငံဟာ နိုင်ငံတကာနဲ့ ပိုမို ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့အပြီးမှာပဲ ကမ္ဘာလုံးဆိုင်ရာ အလှမယ်ပြိုင်ပွဲတွေမှာ မြန်မာအလှမယ်တွေလည်း ဝင်ရောက် ယဉ်ပြိုင်မှုတွေ ရှိလာတာပါ။ ဒါပေမဲ့ အခုလို အပြန်အလှန် အငြင်းပွားနေတာကတော့ ကောင်းတဲ့ဖြစ်ရပ်တခု မဟုတ်ဘူးလို့ ရှုမြင်တဲ့အကြောင်း Miss Universe Myanmar Organization ရဲ့ National Director မစိုးယုေ၀ က ပြောပါတယ်။

“အပြန်အလှန်ပြောနေမယ့်အစား နိုင်ငံကိုယ်စားပြု အလှမယ်ဖြစ်တဲ့အတွက် သူတို့ဘက်က တကယ်လွန်ခဲ့တယ်ဆိုရင် အစောကြီးကတည်းက ရိုးရိုးသားသားနဲ့ မှန်မှန်ကန်ကန် ဖွင့်ပြောပြီးတော့လေ ဖြေရှင်းပုံနည်းလမ်းတော့ လိုသွားတယ်လို့ ထင်တာပဲ။”

Miss Asia Pacific World အဖွဲ့အစည်းအနေနဲ့ Miss Asia Pacific World ပြိုင်ပွဲကို ကျင်းပတာ ၄ နှစ် သာ ရှိသေးပြီးတော့ အဲဒီကာလတိုအတွင်းမှာပဲ အငြင်းပွားစရာအချက်တွေ အမြောက်အမြား ရှိခဲ့တာပါ။ ၂၀၁၁ ခုနှစ်တုန်းက ကိုရီးယားအလှမယ်ကို သရဖူနဲ့ လိင်ကိစ္စ အလဲအထပ် ကမ်းလှမ်းခဲ့လို့ သရဖူပြန်အပ်ခဲ့သလို၊ ဗြိတိန်မယ် အေမီဝီလာတန်ကိုလည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ ရှိခဲ့တယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

XS
SM
MD
LG