သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မယ်စကြာဝဠာပြိုင်ပွဲဝင်ဖို့ မြန်မာအလှမယ် မေဘရဏီသော် Las Vegas ရောက်


မြန်မာ မယ်စကြာဝဠာအလှမယ် မေဘရဏီသော် Las Vegas မြို့ကိုရောက်ရှိ (Miss Universe)
မြန်မာ မယ်စကြာဝဠာအလှမယ် မေဘရဏီသော် Las Vegas မြို့ကိုရောက်ရှိ (Miss Universe)

အမေရိကန်ပြည်ထောင်စုမှာကျင်းပတဲ့ Miss Universe ကမ္ဘာ့ မယ်စကြာဝဠာအလှ မယ်ပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း (၈၁)နိုင်ငံက အလှမယ်တွေနဲ့ယှဉ်ပြိုင်ဖို့သူ့အနေနဲ့ ယုံကြည်မှုအပြည့်နဲ့ နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်သွားမှာဖြစ်တယ် လို့ မြန်မာမယ်စကြာဝဠာအလှမယ် မေဘရဏီသော်က ဗွီအိုအေကိုပြောပါတယ်။ National Costume နိုင်ငံအလိုက်ဝတ် စုံပြိုင်ပွဲအတွက် ပြင်ဆင်ထားတဲ့ Queen of the Ka Yan လို့အမည်ပေးထားတဲ့ ကယန်းဝတ်စုံဟာလည်း လူအများစိတ်ဝင်စား ခံနေရတယ် လို့လည်း မေဘရဏီသော်ကဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

(၆၄)ကြိမ်မြောက် မယ်စကြာဝဠာပြိုင်ပွဲပြုလုပ်တဲ့ အမေရိကန်ပြည်ထောင်စု Nevada ပြည်နယ် Las Vegas မြို့ကို ဒီဇင်ဘာလ (၂)ရက်နေ့ကတည်းက မြန်မာမယ်စကြာဝဠာအလှမယ် မေဘရဏီသော် ရောက်ရှိပြီး ပြိုင်ပွဲဝင်ဖို့ စခန်းဝင်ပြင်ဆင်နေတာပါ။ ဒီဇင်ဘာလ (၂၀)ရက်နေ့မှာ ကျင်းပတော့မယ့် ပြိုင်ပွဲကြီးအတွက် သူ့အနေနဲ့ ယုံကြည်မှုအပြည့်နဲ့ နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နိုင်အောင် ကြိုးစားနေကြောင်း မေဘရဏီသော်က ဗွီအိုအေကိုအခုလို ပြောပါတယ်။

“ညီမက ဒီဇင်ဘာ (၂)ရက်နေ့ရောက်ပါတယ်။ ဒီအတွက်လည်း တော်တော်လေးပြင်ဆင်ခဲ့တယ်ဆိုတော့ အခက်အခဲတွေသိပ်ပြီးမရှိဘူးပေါ့။ အဓိကကတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရမှာပေါ့နော်။ ညီမတို့လူမျိုးတွေလည်း အကောင်းဆုံးကြိုးစားရင်တော့ သူတို့နဲ့ရင်ဘောင်တန်းနိုင်မယ်လို့ ကျမထင်ပါတယ်။”

မေဘရီဏီသော်ရဲ့ ကယန်းဝတ်စုံ
မေဘရီဏီသော်ရဲ့ ကယန်းဝတ်စုံ

National Costume နိုင်ငံအလိုက်ဝတ်စုံပြိုင်ပွဲအတွက် ပြင်ဆင်ထားတဲ့ ကယန်းဝတ်စုံကို မယ်စကြာဝဠာ ပြိုင်ပွဲစီစဉ်သူတွေ အထူးစိတ်ဝင်စားနေကြောင်းလည်းသူက ဆိုပါတယ်။

“သူတို့အနေနဲ့ကြိုက်ကြတယ်။ အခြားဝတ်စုံတွေဆိုရင် ကြီးတယ်။ ဒါပေမဲ့ ပေါ့တယ်ပေါ့နော်။ ညီမဝတ်စုံကြတော့လေးတယ်။ ကြည့်လိုက်ရင်တော့ တကယ့်ကို ပေါ့ပေါ့ပါးပါးပုံစံမျိုးနဲ့ လေးလဲလေးတယ်၊ နောက်ပြီးတော့ ဝတ်တဲ့ပုံစံ လည်ပင်းတွေ၊ ခြေထောက်တွေအစ ဒီဇိုင်နာက အသေးစိတ်ကို လုပ်ထားတာပါ။ အပေါ်ဝတ်စုံမှာဆိုရင် ကျောက်သေးသေးလေးတွေထိုးတာပါတယ်။ သေသေချာချာကြည့်မယ်ဆိုရင် ဝတ်စုံရဲ့အပေါ်ပိုင်း မှာ မြန်မာနိုင်ငံရဲ့မြေပုံ ထိုးထား တာကိုတွေ့ရပါလိမ့်မယ်။”

နှစ်ပေါင်းထောင်ချီ ဝတ်ဆင်ခဲ့ကြတဲ့ ကယန်းတိုင်းရင်းသူတွေရဲ့ ရိုးရာ ဝတ်စုံကို ခေတ်နဲ့အညီ ဖန်တီးချုပ်လုပ်ထားပြီး ဝတ်စုံတန်ဖိုးဟာ အမေရိကန်ဒေါ်လာ တသောင်းကုန်ကျတယ်လို့ဆိုပါတယ်။ ဒါအပြင် ဝတ်စုံနဲ့အတူ ကိုင်ဆောင်ထားတဲ့ ကယန်းရိုးရာဂစ်တာ ကိုလည်း ၂၄ ကာ ရက် ရွှေ ပြားနဲ့ပြုလုပ်ထားပါတယ်။

မေဘရဏီသော်ရဲ့ ကယန်းဝတ်စုံ
မေဘရဏီသော်ရဲ့ ကယန်းဝတ်စုံ

ဒီနှစ်မှာ မယ်စကြာဝဠာအဖွဲ့အစည်းပိုင်ရှင်တွေ အပြောင်းအလဲဖြစ်ခဲ့တဲ့အတွက် မြန်မာအလှမယ်တဦးအနေနဲ့ တွေ့ကြုံရတဲ့အခက်အခဲတချို့ကိုလည်း မေဘရဏီသော်ကအခုလိုပြောပါတယ်။

“ဒီနှစ်မှာ တခုခက်ခဲသွားတာရှိတယ်။ Miss Universe က ပိုင်ရှင်ပြောင်းသွားတယ်လေ။ စိန်ခေါ်မှုတွေက တခုနဲ့တခုမတူဘူးဖြစ်နေတယ်။ အဲတော့ ညီမအနေနဲ့ ဘယ်လိုအချိန်မှာ ဘယ်လိုလာမယ်ဆိုတာ စိတ်ပူရတာပေါ့။ တော်တော်ကိုစိတ်ထိန်းပြီး ပြိုင်ရတာပေါ့။”

မြန်မာနိုင်ငံအနေနဲ့လည်း အရင်တုန်းက ကမ္ဘာ့ မယ်စကြဝဠာပြိုင်ပွဲမှာ ၁၉၅၉ ခုနှစ်ကပါဝင်ခဲ့တဲ့အလှမယ်ဟာ ဒေါ်သန်းသန်းအေးဖြစ်ပြီး အခု အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်မှာ နေထိုင်နေပါတယ်။ ၁၉၆၀ တုန်းကတော့ ဒေါ်မြင့်မြင့်မေဖြစ်ပြီး သူကတော့ ကမ္ဘာ့မယ်စကြဝဠာပြိုင်ပွဲမှာ Miss Congeniality ဆုကို ရရှိခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်မှာ မြန်မာအလှမယ် ဒေါ်မြင့်မြင့်ခင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် နှစ်ပေါင်း ၅၂နှစ်အကြာ၂၀၁၃ ခုနှစ်မှာ မြန်မာ အလှမယ် မိုးစက်ဝိုင် စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ၂၀၁၄ ခုနှစ်မှာ အလှမယ် သျှားထွဋ်အိန္ဒြာ နဲ့ အခု ၂၀၁၅ခုနှစ်အတွက် အလှမယ် မေရဏီသော်က ပါဝင်ယှဉ်ပြိုင်နေပါတယ်။

XS
SM
MD
LG