သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မယ်စင်္ကြဝဠာ ဗိုလ်လုပွဲ မိုးစက်ဝိုင် ဆက်လက်ယှဉ်ပြိုင်


ညနေခင်းဝတ်စုံနဲ့ပဲ ဒီကနေ့ညမှာ ဆန်ခါတင်ရွေးချယ်မှုမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့အလှမယ် မိုးစက်ဝိုင်။
ညနေခင်းဝတ်စုံနဲ့ပဲ ဒီကနေ့ညမှာ ဆန်ခါတင်ရွေးချယ်မှုမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့အလှမယ် မိုးစက်ဝိုင်။
ရုရှနိုင်ငံမှာ ကျင်းပနေတဲ့ မယ်စကြဝဠာပြိုင်ပွဲ နောက်ဆုံး ဆန်ခါတင် ၁၆ ဦး စာရင်းကို ရုရှစံတော်ချိန် ည ၁၀ နာရီမှာ ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်။ နောက်ဆုံးဖိုင်နယ် ၁၆မှာ ဆန်ခါတင်ဝင်ရောက်နိုင်ခြေရှိတယ်လို့ တစ်ပြေးနေတဲ့ မြန်မာအလှမယ် မိုးစက်ဝိုင်ကလည်း ဒီညဖိုင်နယ်ပွဲအတွက် ဝတ်စုံပြည့် လေ့ကျင့်နေပြီ ဖြစ်ပါတယ်။ မိုးစက်ဝိုင်နဲ့အတူ ရုရှနိုင်ငံခရီးစဉ်အတွင်း လိုက်ပါ အားပေးကူညီပေးနေတဲ့ Country Director မစိုးယုဝေကို မယ်စကြာဝဠာပြိုင်ပွဲ ဖိုင်နယ်ရွေးချယ်မှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး ဗွီအိုအေမြန်မာပိုင်းက အခုအသံမလွှင့်ခင် နာရီပိုင်းဖြစ်တဲ့ ရုရှစံတော်ချိန် နေ့လည်ပိုင်းအချိန်မှာ ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ မစိုးယုဝေက အခုလိုပြောပြပါတယ်။

“ဒီနေ့ စစချင်း round မှာ ၁၆ ယောက်ချည့်ပဲ ထုတ်မှာပေါ့နော်။ အဲဒီ ၁၆ ယောက်က Miss Universe Offical Website ကလုပ်ထားတဲ့ voting မှာ အများဆုံးရလို့ရှိရင်တော့ အဲဒီ ၁၆ ယောက်ထဲမှာ အော်တို ဝင်မှာပေါ့နော်။ အဲဒီ voting မှာတော့ အများဆုံးဖြစ်လိမ့်မယ်လို့တော့ ထင်ပါတယ်ရှင့်။ ဒါပေမဲ့ result ကတော့ တရားဝင်မပြထားတော့ မသိရသေးဘူးပေါ့နော်။ တခြား Website တွေက လုပ်တဲ့ voting တွေမှာတော့ သူ အများဆုံး ရထားပါတယ်ရှင့်။ သူက စစချင်း semi final ၁၆ ယောက် ရွေးတာပေါ့နော်။ အဲဒီ ၁၆ ယောက်က voting အများဆုံးရတဲ့သူ တစ်ယောက်ကတော့ တန်းပြီးတော့ ဝင်တာပေါ့။ ကျန်တာကတော့ judges တွေရဲ့ အမှတ်ပေးပြီး ရွေးတဲ့ဟာပေါ့။ ကျန်တဲ့ ၁၅ ယောက်ကတော့။”

မေး။ ။ အခု ဒီ နေ့ ရုရှားစံတော်ချိန် နေ့လည်ပိုင်းလောက်မှာ မမိုးစက်ဝိုင်တို့ရဲ့ နောက်ဆုံးအခြေအနေလေး ဘယ်လိုရှိနိုင်ပါသလဲ။

“အခုကတော့ ပြိုင်ပွဲအတွက်ပဲ ပြင်ဆင်နေပါတယ်ရှင့်။ ညနေအတွက်ကိုလေ။ Evening gown ကတော့ သူ ၅ ရက်နေ့က ဝတ်တဲ့ဟာကိုပဲ ဝတ်မှာပါရှင့်။ အဲဒါ သူက ပြောင်းလို့မရဘူးလေ။ အဲဒီမှာ final ဝတ်တဲ့ဟာကိုပဲ ဝတ်ပြီး ပြတာဆိုတော့- အဲဒါပဲရှိပါတယ်ရှင့်။ တရားဝင် ၁၆ ယောက်ရွေးမှာပေါ့လေ။ ပထမ Round မှာ။ ပြီးလို့ရှိရင်တော့ ၁၀ ယောက် ရွေးမှာ။ ၁၀ ယောက်ထဲကမှ Top 5 ထုတ်မှာ။ Top 5 ထဲကမှ Question and Answer မေးမှာပေါ့။”

မေး။ ။ မယ်စကြဝဠာပြိုင်ပွဲမှာ ရုရှားခရီးစဉ်တလျှောက်လုံး သူနဲ့အတူတူ ရှိနေခဲ့တယ် ဆိုတဲ့အခါကျတော့ အခု ဒီပြိုင်ပွဲနောက်ဆုံးနေ့ ရောက်လာတဲ့အခါမှာပေါ့နော် - အမတို့အနေနဲ့ ဘယ်လို ခံစားချက်ရှိပါလဲ။ နောက်ပြီးတော့ အခု ဒီပွဲမှာ ဘယ်လောက် အတိုင်းအတာအထိ အောင်မြင်မှုရမယ်လို့ မျှော်လင့်ပါလဲရှင့်။

“အခု ဒီပွဲကလေ ပထမဆုံးဖြစ်တော့ အတွေ့အကြုံတော့ အများကြီးရတာပေါ့ရှင့်။ အခုမှ စပြီးပြိုင်တယ်ဆိုတော့လေ- ပြင်ဆင်ရတဲ့ အချိန်ကလည်း နည်းသွားတော့ လိုအပ်ချက်တွေတော့ ရှိနေပါတယ်ရှင့်။ ဘာပဲပြောပြော ကျမတို့လည်း သူ့ကို အတတ်နိုင်ဆုံးပံ့ပိုးပေးပြီး သူလည်း အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားတော့ အကောင်းဆုံး အတွေ့အကြုံတော့ ရပါတယ်ရှင့်။ ဒီ အတွေ့အကြုံတွေကနေ နောက်နှစ် နောက်နှစ်တွေ လာတဲ့လူတွေကို ဒီထက်ပိုပြီးတော့ ပြည့်စုံအောင် ပြင်ဆင်ပေးသွားနိုင်မယ်လို့ ထင်ပါတယ်။”

ဒါကတော့ Country Director မစိုးယုဝေကို ဆက်သွယ်မေးမြန်းခဲ့တာပါ။ ဆက်ပြီးတော့ မယ်စကြဝဠာပြိုင်ပွဲရဲ့ အကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ ဦးတင်မောင်အေးကလည်း ဒီနေ့ အဖြေသိရမယ့် မယ်စကြဝဠာဖိုင်နယ် ရွေးချယ်ပွဲမှာ မြန်မာနိုင်ငံဘက်က အားပေးဖို့ ပြင်ဆင်နေတာနဲ့ ပတ်သက်ပြီး အခုလို ပြောပြပါတယ်။

“ကျနော်တို့အမြင်ကတော့ ကျနော်တို့နိုင်ငံရဲ့ အနေအထားပေါ့နော်။ ၅၂ နှစ်ကျော် ကျနော်တို့ ပြိုင်ပွဲမဝင်ခဲ့ဘူး။ အခုမှ ပထမဆုံး ပြိုင်ပွဲဝင်တယ်ဆိုတာကို သူတို့က အားလုံး တော်တော်များများ သိနေကြတယ်ခင်ဗျ။ သူတို့လက်ခံကြတယ်။ ဒီပြိုင်ပွဲဝင်တဲ့အချိန်မှာလည်း ဗမာပြည်ကနေ ရွေးလိုက်တဲ့ Constestant တစ်ယောက်က ဒီလို အရည်အချင်းနဲ့ ဒီလိုအရည်အသွေးမျိုးရှိတယ်ဆိုတာကို သူတို့ အသိအမှတ်ပြုတာကိုလည်း တွေ့ခဲ့ရပါတယ်။ သူတို့ထင်ထားတာက ကျနော်တို့က သာမန်ပဲပြိုင်လိမ့်မယ်လို့ထင်တာ။ အခုက ကျနော်တို့က ဘာပဲပြောပြော ထိပ်ပိုင်းမှာပါ ဝင်ပြိုင်နိုင်တဲ့ အနေအထားရှိနေတာကိုး။ ကလေးမလေးကလည်း ပညာအရည်အချင်းကအစ ပြည့်စုံတယ်ဆိုတော့ သူတို့လည်း အတော်များများ လက်ခံတယ်၊ အသိအမှတ်ပြုကြတယ်။”

မေး။ ။ အခု ဒီ ရုရှားစံတော်ချိန် နေ့လည်ပိုင်းရှိပြီပေါ့နော်။ ညပိုင်းမှာ ပြိုင်မယ်ဆိုတော့ စောင့်နေရတဲ့အနေအထားလေးလည်း နည်းနည်း ပြောပြပေးပါအုံးရှင့်။

“ဗမာပြည်သူပြည်သားတွေကလည်း စိတ်ဝင်စားလို့ ကျနော့်အမျိုးသမီး ဒေါ်စိုးယုဝေပေါ့- သူက National Director ပါ။ သူ့ဆီကို အဆက်အသွယ်လုပ်ပြီး မေးကြတယ်။ သူတို့ ညမအိပ်ဘဲ စောင့်နေမယ်ဆိုတဲ့အကြောင်းတွေ ပြောကြတယ်။ ဒီ ရုရှားမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေအားလုံး၊ သံရုံးဝန်ထမ်းအားလုံးကလည်း အားတက်သရောရှိပြီး လှုပ်လှုပ်ရှားရှားဖြစ်နေကြတာပေါ့နော်။ ညနေ ကျနော်တို့ သွားပြီး အားပေးဖို့လည်း တော်တော်များတယ်။ ကျနော်မြင်တာတော့ ကျန်တဲ့နိုင်ငံတွေနဲ့စာရင် ကျနော်တို့ ဗမာအရေအတွက်က ပိုများလိမ့်မယ်လို့ ထင်တယ်။ ဝင်အားပေးတာ။ ရုရှားကလွဲရင်ပေါ့နော်။ အဝေးကနေ လာတဲ့အထဲမှာ။ ကျနော်တို့နဲ့ ဖိလစ်ပိုင်က အများဆုံး ဖြစ်လိမ့်မယ်ထင်တယ်။ ဒါပေမဲ့ ကျနော်တို့ ဗမာက ပိုများပါတယ်ခင်ဗျ။ အားပေးတဲ့ ပရိသတ်အရေအတွက်။”

မေး။ ။ ဟုတ်ကဲ့။ အခု အဲဒီတော့ နောက်ဆုံး ဖိုင်နယ်ပွဲမှာ ဒီ ၁၆ ယောက် ဆန်ခါတင်ရွေးမယ့်အချိန်မှာပေါ့နော်- ဦးတင်မောင်အေးတို့လည်း တောက်လျှောက် ရုရှားခရီးစဉ်မှာ ပါခဲ့တယ်ဆိုတော့ ဘယ်လိုများမျှော်လင့်ချက် ရှိပါလဲ။ နောက် ဘယ်လိုများ ခံစားချက်ရှိပါလဲရှင့်။

“ကျနော်မြင်တာတော့ ကျနော်တို့အနေအထားက ကျနော်တို့မှာ လိုအပ်ချက်တွေတော့ ရှိတာပေါ့နော်။ အချိန်တိုအတွင်း ပြင်ရတယ်။ ကလေးမလေးကလည်း ဒီလောက က မဟုတ်ဘဲ ကျောင်းသူလေး တစ်ယောက်အနေနဲ့ ဝင်ပြိုင်ရတာပေ့ါနော်။ ဒါပေမဲ့ ၁၆ ယောက်ထဲမှာတော့ ပါလိမ့်မယ်လို့ ကျနော့်စိတ်ထဲမှာ ခံစားမိပါတယ်ခင်ဗျ။ ရုရှား စံတော်ချိန် ည ၁၀ နာရီမှာ- ကျနော်တို့ ၉ နာရီခွဲမှာ နေရာယူပါမယ်။ ည ၁၀ နာရီမှာ ပြိုင်ပွဲ စတင်ပါမယ်ခင်ဗျာ။ ၁၂ နာရီမှာ ပြီးပါမယ်။ ၁၂ နာရီပြီးလို့ရှိရင် ၁၂ နာရီမှာပဲ After Party သူတို့ လုပ်ပါမယ်။ သီးသန့်ဖိတ်ကြားထားတဲ့သူတွေနဲ့လေ။”

ဒါကတော့ ရုရှစံတော်ချိန် ည ၁၀နာရီမှာ နောက်ဆုံးအဆင့် ၁၆ဦး နံမည်စာရင်းကြေညာတော့မယ့်ပွဲ မကျင်းပခင်မှာ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မယ်စကြာဝဠာအဖွဲ့က တာဝန်ရှိသူတွေကိုဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။ မယ်စကြာဝဠာပြိုင်ပွဲရဲ့ နောက်ဆုံးရသတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
မြန်မာအလှယ်မယ် မိုးစက်ဝိုင်
မြန်မာအလှယ်မယ် မိုးစက်ဝိုင်
XS
SM
MD
LG