သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားလေယာဉ်ကို ယူကရိန်းခွဲထွက်ရေးသမားတွေ ဒေသက ပစ်ချခြင်းဖြစ်


အမေရိကန်သမ္မတ အိမ်ဖြူတော် မိန့်ခွန်းပြော။ (ဇူလိုင် ၁၈၊ ၂၀၁၄)။
အမေရိကန်သမ္မတ အိမ်ဖြူတော် မိန့်ခွန်းပြော။ (ဇူလိုင် ၁၈၊ ၂၀၁၄)။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ပျက်ကျသွားတဲ့ မလေးရှား ခရီးသည်တင်လေယာဉ် ဟာ မြေပြင်ကနေ ဝေဟင်ကိုပစ်တဲ့ ဒုံးကျည်ထိမှန်ပြီး ပျက်ကျသွားတာဖြစ်ပြီး၊ အဲဒီဒုံးကျည်ကို ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေထိန်းချုပ်ထားတဲ့နေရာကနေ ပစ်လိုက်တာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုက ယုံကြည်ကြောင်း သမ္မတအိုဘားမားက ပြောကြားလိုက်ပါတယ်။


ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၉၈ ယောက်သေဆုံးသွားရတာဟာ အတိုင်းမသိဖြစ်စေတဲ့ ဒေါသထွက်စရာကောင်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ သမ္မတအိုဘားမားက အိမ်ဖြူတော်မှာ သောကြာနေ့က ပြောကြားလိုက်ပါတယ်။ ဒီလေယာဉ်ကို ပစ်ချခဲ့မှုနဲ့ ပတ်သက်ပြီး သမ္မတအိုဘားမားက တဦးတယောက် ဒါမှမဟုတ် အဖွဲ့အစည်းတခုခုကို တိုက်ရိုက် ပြစ်တင်ပြောဆိုသွားခြင်းတော့မရှိပါဘူး။


ဒါပေမဲ့ ယူကရိန်းခွဲထွက်ရေးသမားတွေဟာ ရုရှားနိုင်ငံကနေ လက်နက်ကြီးတွေ၊ လေယာဉ်ပစ် လက်နက်တွေ နဲ့ စစ်ရေးလေ့ကျင်မှုတွေ အပါအဝင် အကူအညီတွေပုံမှန်ရနေတယ်ဆိုတာကို သိတယ်လို့တော့ သူကပြောကြားသွားပါတယ်။ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ဟာ ယူကရိန်းနိုင်ငံကအခြေအနေတွေကို အများဆုံးထိန်းချုပ်နိုင်စွမ်းရှိကြောင်း၊ ဒါပေမဲ့ စေ့စပ်ဆွေးနွေးပြီး သဘောတူညီမှုရဖို့အတွက် ရုရှားဘက်က လုပ်ဆောင်ခြင်းမရှိဘူးလို့ သမ္မတအိုဘားမားက ပြောလိုက်ပါတယ်။

အခုလို အဆင့်မြင့်တဲ့ ဒုံးကျည်စနစ်အကြောင်း နားလည်တတ်ကျွမ်းတဲ့သူရဲ့ အကူအညီမပါဘဲတော့ ခွဲထွက်ရေးသမားတွေအနေနဲ့ ဒါကို အသုံးပြုနိုင်ခြေမရှိဘူးလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင်းအမေရိကန်သံအမတ်ကြီး Samantha Power က ပြောလိုက်ပါတယ်။ တဆက်တည်းမှာပဲ မလေးရှားလေယာဉ်ပျက်ကျသွားတဲ့ကိစ္စကို ယုံကြည် လက်ခံနိုင်လောက်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေ ခွင့်ပြုနိုင်ဖို့အတွက် ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ အပစ်အခတ်ရပ်စဲရေးတွေ ချက်ချင်းလုပ်ဆောင်သွားဖို့ လိုတယ်လို့ သမ္မတအိုဘားမားက ပြောလိုက်ပါတယ်။


စုံစမ်းစစ်ဆေးသူတွေအနေနဲ့ အဲဒီနေရာကို သွားခွင့်ရဖို့လိုအပ်ပြီး ဘယ်သူမှ တားဆီးမခံရသင့်ဘူးလို့ သမ္မတ အိုဘားမားက သောကြာနေ့မှာ ပြောကြား လိုက်ပါတယ်။ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့အတွက် ဗဟိုအစိုးရ စုံစမ်းစစ်ဆေးသူတွေ နဲ့ ကျွမ်းကျင်သူတွေကို FBI ကနေ ယူကရိန်းနိုင်ငံကို စေလွှတ်လိုက်ပြီဖြစ်ပါတယ်။

XS
SM
MD
LG