သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမာရိုးကျ ကျား-မ အိမ်ထောင်ပြုမှုထောက်ခံသူ Romney ကို လူကြိုက်များ


အမေရိကန်ပြည်ထောင်စုမှာ ရီပက်ဘလီကန် ပါတီဘက်က သမ္မတလောင်းအဖြစ်နဲ့ ဝင်ရောက် ယှဉ်ပြိုင်မယ့်သူလို့ ပြောလို့ရတဲ့ မစ် ရွန်မနီ (Mitt Romney) ဟာ အမျိုးသမီးနဲ့ အမျိုးသားကြား လက်ထက် ပေါင်းသင်းတဲ့ ဓမ္မတာ အိမ်ထောင်ရေးကိုပဲ ထောက်ခံ ပြောဆိုသွားလို့ စနေနေ့မှာ သမာရိုးကျဝါဒီ ခရစ်ယာန်တက္ကသိုလ်မှာ သူ့မိန့်ခွန်းကို လာနားထောင်ကြတဲ့ ပရိသတ်က အကြီးအကျယ်ကို ထောက်ခံခဲ့ပါတယ်။

ရီပက်ဘလီကန်ပါတီက တကယ့် သမာရိုးကျဝါဒီတွေရဲ့ သံသယမျက်လုံးနဲ့ ကြုံရတတ်တဲ့ မစ္စတာ ရွန်မနီဟာ ဗာဂျီးနီးယားပြည်နယ်က လစ်ဘာတီတက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ မိန့်ခွန်းပြောကြားတော့ လူတစ်ယောက်ရဲ့ ကိုယ်ပိုင် သက်ဝင်ယုံကြည်မှုနဲ့ မိသားစုအပေါ်မှာ အလေးအနက်ရှိမှုက ဘယ်လောက် အရေးကြီးလှကြောင်း ပြောသွားခဲ့ပါတယ်။

သမ္မတ ဘရက်အိုဘားမားက အမေရိကန် ပြည်ထောင်စုမှာ လိင်တူချင်း တရားဝင် လက်ထပ်ပေါင်းသင်းမှု ကိစ္စကို ထောက်ခံကြောင်း ပြောသွားပြီးတော့ ရက်ပိုင်းအတွင်းမှာပဲ ဒီလို လိင်တူ လက်ထပ်မှုနဲ့ ပတ်သက်ပြီး မစ္စတာ ရွန်မနီက မှတ်ချက် ခပ်တိုတို ပေးသွားတော့ ပရိသတ် သုံးသောင်းကျော်ထဲက အကြီးအကျယ် ထောက်ခံမှု ရခဲ့တာပါ။

ပြည်နယ် ခြောက်ခုနဲ့ District of Columbia ကပဲ လိင်တူချင်း လက်ထပ်ခွင့်ရှိတဲ့ အမေရိကန် ပြည်ထောင်စုမှာ သမ္မတရဲ့ ထောက်ခံမှုက အငြင်းပွားစရာ ဖြစ်နေပါတယ်။ ပြည်နယ် ၃၁ ပြည်နယ်က ဒါကို တားဆီးထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး လိင်တူချင်း လက်ထပ်မှုကို ထောက်ခံမှုက များလာနေပြီးတော့ အရေအတွက်အားဖြင့် ဆိုရင်တော့ မထောက်ခံသူတွေထက် နည်းနည်း ပိုသာနေတာ တွေ့ရပါတယ်။

XS
SM
MD
LG