အမေရိကန်ပိုင်တဲ့ ပေါ်တိုရီကို (Puerto Rico) ကျွန်းရဲ့ ရီပါပလစ်ကန် သမ္မတလောင်း ပဏာမ ရွေးကောက်ပွဲ မှာ မစ်ရွန်မနီ (Mitt Romney) က အနိုင်ရသွားပါတယ်။ လာမယ့် နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ အိုဘားမားနဲ့ ယှဉ်ပြိုင်ဖို့ အတွက် မစ်ရွန်မနီ (Mitt Romney) ကို ရီပါပလစ်ကန် သမ္မတလောင်း အဖြစ် အရွေးခံရဖို့ အခြေအနေ ပိုပြီး ခိုင်မာလာတာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ က ကျင်းပခဲ့တဲ့ ပေါ်တိုရီကို (Puerto Rico) ကျွန်း ရစ်ပါပလစ်ကန် သမ္မတလောင်း ရွေးကောက်ပွဲမှာ မဲရုံပေါင်း လေးပုံ သုံးပုံကျော်ရဲ့ ရလဒ်အရ မစ်ရွန်မနီ (Mitt Romney) က (၈၃) ရာခိုင်နှုန်း နဲ့ ဦးဆောင်နေတာလို့ ရွေးကောက်ပွဲ တာဝန်ခံတွေက ပြောပါတယ်။ သူရဲ့ ပြိုင်ဘက် ရစ်ဆန်တိုရမ် (Rick Santorum) က ရှစ် ရာခိုင်နှုန်း၊ နယူ့ဂင်းဂရှစ်ရ် (Newt Gingrich) က နှစ် ရာခိုင်နှုန်း အသီးသီး ရရှိနေပါတယ်။
မစ်ရွန်မနီ (Mitt Romney) ဟာ ပေါ်တိုရီကို (Puerto Rico) မှာ ရှိတဲ့ ရီပါပလစ်ကန် ကိုယ်စားလှယ် (၂၀) ရဲ့ ထောက်ခံမဲ ကို ရရှိလိုက်တာ ကြောင့် သမ္မတလောင်း အဖြစ် သေချာဖို့ အတွက် ကိုယ်စားလှယ်လောင်း အရေအတွက် (၁၁၄၄) ယောက် ပြည့်ဖို့ နီးစပ်လာပြီ လို့ ဆိုရမှာပါ။ မစ်ရွန်မနီ (Mitt Romney) က ပေါ်တိုရီကန် ပြည်သူတွေ နဲ့ အတူ အုပ်ချုပ်ရေးမှူး ကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ သူ့ကို ထောက်ခံခဲ့တဲ့ ကိုယ်စားလှယ် (၂၀) ကိုလည်း ကျေးဇူးတင်ရှိကြောင်း အီလီနွိုင် (Illinois) ပြည်နယ်မှာ စည်းရုံးရေး ခရီး တထောက်နားစဉ် မနေ့က ပြောဆိုလိုက်ပါတယ်။ အမေရိကန်ပိုင်တဲ့ ပေါ်တိုရီကို (Puerto Rico) ကျွန်းက ပြည်သူ တွေဟာ (Primary) သမ္မတလောင်း ရွေးပွဲတွေမှာ မဲပေးနိုင်ပေမဲ့လို့ တကယ့် အမေရိကန် ပြည်ထောင်စု ရဲ့ သမ္မတ ရွေးကောက်ပွဲမှာတော့ မဲပေးပိုင်ခွင့် မရှိကြပါဘူး။