သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆ ပွင့်ဆိုင် အပေါ် သူတို့အမြင်


၆ ပွင့်ဆိုင် ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ မြန်မာ့နိုင်ငံရေး သုံးသပ်သူတွေ၊ နိုင်ငံရေး သမားတွေက သဘောထား အမြင် အမျိုးမျိုး ရှိနေကြပါတယ်။ ဒီလိုတွေ့ဆုံမှုက ကောင်းမွန်တဲ့ အစပျိုးမှုတခု ဖြစ်ပေမဲ့ - ကျေနပ်လောက်တဲ့ ရလာဒ် ထွက်ပေါ်လာပါ့မလား ဆိုတာကိုတော့ အများစုက သံသယရှိနေကြတာ ဖြစ်ပါတယ်။

မြန်မာ့အရေးသုံးသပ်သူ ပင်တိုင်ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်ကတော့ - အခု ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုဟာ အရင်တွေ့ဆုံမှုတွေ ထက်စာရင် ပိုတိုးတက်မှုရှိပေမဲ့ - သမ္မတဦးသိန်းစိန်တို့ ယခင်ပြောထားချက်တွေ ကို ကျော်လွှားနိုင်ပါ့မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

"တွေ့တဲ့အချိန်မှာ သူတို့ မူဘောင်ဆွေးနွေးပွဲတွေ လုပ်တယ်။ မူဘောင်ဆိုင်ရာတွေ လုပ်တယ်။ နောက် အချိန်ဇယား သတ်မှတ်တာတွေပါ လုပ်တယ်ဆိုတဲ့အခါကျတော့ တိကျတဲ့အဖြေကို ပြည်သူလူထုတွေ သိရတယ်။ ဆိုလိုတာက တိကျတဲ့ လုပ်ငန်းစဉ် သူတို့မှာ ရှိသွားပြီဆိုတော့ တော့်တော့်ကို တိုးတက်တယ်လို့ ပြောလို့ရတယ်။ အချိန်ဇယား အားဖြင့်ဆိုရင်လည်း ဒီလာမယ့် သင်္ကြန်အပြီးကာလမှာ ပထမဦးဆုံး ပြန်ကျင်းပမယ့် လွှတ်တော်ကာလအတွင်းမှာ ပြန်ပြီးတော့ ဆုံတွေ့ကြမယ် ဆိုတဲ့ဟာကို သိရတဲ့အခါကျတော့ ဒါက ဆွေးနွေးမှု လုပ်ငန်းရဲ့ အစလို့ ကျနော်တို့ မှတ်ယူလို့ရသွားပြီ။ ဒါ အလွန်တိုးတက်မှုလို့တော့ ကျနော်မြင်ပါတယ်။

လောလောဆည်ကတော့ ဒီအထဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမယ် ဆိုတာလောက်တော့ ဒါကတော့ သေချာသွားပြီ။ အဲ့တာတခုကတော့ ကောင်းတာပေါ့။ ဒါပေမဲ့ ဘယ်ဟာတွေ ဆွေးနွေးမယ်။ ဘယ်ဟာတွေ လုပ်မလဲ ဆိုတာနဲ့ ပတ်သက်ရင် သမ္မတရော နောက် လွှတ်တော် ဥက္ကဋ္ဌဖြစ်တဲ့ ဦးခင်အောင်မြင့်ရော ရှေ့မှာ ပြောထားတာတွေ ရှိတဲ့အခါကျတော့ အဲ့တာကတော့ သိပ်ပြီးတော့ အားရစရာ မရှိဘူးပေါ့နော်။ သမ္မတဦးသိန်းစိန်ကဆို ဘာပြောထားလဲဆိုတော့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးနေတယ်။ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးတာတွေ လုပ်မယ်။ အဲ့ ပြီးရင် မူဘောင်ဆွေးနွေးတာတွေ လုပ်မယ်။ အဲ့ဒီ့မူဘောင်ဆွေးနွေးပွဲ ရလာတဲ့ ရလာဒ်အပေါ် မူတည်ပြီးတော့မှ နိုင်ငံရေးဆွေးနွေးပွဲ လုပ်မယ်။ နိုင်ငံရေးဆွေးနွေးပွဲမှာ သဘောတူတဲ့ဟာတွေကိုမှ ဖွဲ့စည်းပုံမှာ ပြင်ရအောင် ဆိုပြီးတော့မှ အဲ့လိုပြောထားတယ် ဆိုတော့ ဒါက လတ်တလော လွှတ်တော်ဘက်က လုပ်နေတဲ့ ၁၂ကြိမ်မြောက်မှာ ဖွဲ့စည်းပုံပြင်ရေးကို သိပ်ပြီးတော့မှ စိတ်မဝင်စားဘူး။ ဒီမှာ သိပ်ပြီးတော့ မပြင်ချင်ဘူးဆိုတဲ့ သဘောကို သက်ရောက်တယ်။

အလားတူပဲ ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့တုန်းကဆိုရင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့ ဒီက ခေါင်းဆောင်တွေနဲ့ အစိုးရခေါင်းဆောင်တွေ နဲ့ တွေ့ဆုံကြတယ်။ အဲ့ဒီ့မှာ လွှတ်တော် ဥက္ကဋ္ဌ နှစ်ယောက်လည်း လက်ခံတွေ့တယ်။ လက်ခံတွေ့တဲ့အခါ လွှတ်တော်ဥက္ကဋ္ဌ တယောက်ဖြစ်တဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကနေ သူက ဘာပြောသလဲဆိုတော့ သမ္မတ ဦးသိန်းစိန် ပြောတဲ့အတိုင်းပဲ အခုဆို တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ လုပ်နေတယ်။ အဲ့ဒီ့ငြိမ်းချမ်းရေးဆွေးနွေးပွဲက ရလာတဲ့ ရလာဒ်တွေကို တခါတည်း ဖွဲ့စည်းပုံပြင်ရေးမှာ ထည့်သွင်းသွားချင်တယ်။ အဲ့တော့ အကြိမ်ကြိမ်လုပ်ရတာထက် စာရင် တကြိမ်တည်း တပြိုင်တည်း လုပ်ချင်တယ်လို့ ပြောထားတာ ရှိတဲ့အခါကျတော့ အခု ၁၂ကြိမ်မြောက် လွှတ်တော်တွင်းမှာ လုပ်မယ့် ဖွဲ့စည်းပုံ ပြင်ရေးမှာ ဒါ သူတို့သမ္မတရော ခုနက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရော ဦးခင်အောင်မြင့် အပါအဝင် သူ့ဟာက လွှတ်တော် သဘောထားဆိုရင်တော့ ဦးရွှေမန်းလည်း ပါတာပေါ့နော်။ သူတို့ဘက်ကတော့ ဖွဲ့စည်းပုံကို ဒီအချိန်မှာ ကောင်းကောင်းပြင်ချင် တဲ့ ဆန္ဒ ကတော့ ရှိပုံရတာ မတွေ့ရဘူး။ ဒါရှေ့ပိုင်းမှာပေါ့။

ဒါပေမဲ့ အခု ခြောက်ပွင့်ဆိုင် တွေ့ဆုံပြီးပြီ ဆိုတဲ့အခါ ကျတော့ ဒေါ်အောင်ဆန်း စုကြည် ကလည်း ပြောမယ်။ ဒေါက်တာအေးမောင်တို့ ကလည်း ပြောမယ်။ ဒီအချိန်မှာ ဒါဟာ အရေးကြီးတယ်။ အရေးတကြီး လိုအပ်တယ်လို့ ပြောတဲ့ အခါကျတော့ အဲ့ဒီ့အချိန်မှာ ဒီ ၁၂ကြိမ်မြောက် လွှတ်တော်ထဲမှာ ဆွေးနွေးနိုင်မလား။ မဆွေးနွေးနိုင်ဘူးလားဆိုတာကတော့ လာမယ့် ဆွေးနွေးပွဲတွေကို ကျနော်တို့ စောင့်ကြည့်ရမယ်လို့ ထင်ပါတယ်။"

မြန်မာ့အရေး သုံးသပ်သူ ပင်တိုင်ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်ဖြစ် ပါတယ်။ မြန်မာ့နိုင်ငံရေး အကဲခတ် ဒေါက်တာ ရန်မျိုးသိမ်းကတော့ - ဒီဆွေးနွေးပွဲ ပါဝင်တဲ့ကိုယ်စားလှယ်တွေဟာ အာဏာရတဲ့ဘက်က ပိုများနေပြီး အထူးသဖြင့် တိုင်းရင်းသားကိုယ်စားလှယ်တွေ ပိုမို ပါဝင်သင့်တယ်လို့ ဆိုပါတယ်။

"ကိုယ်စားပြုမှုကို ကြည့်မယ်ဆိုလို့ရှိရင် အာဏာရ ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက သုံးယောက်ဖြစ်နေတယ် တပ်မတော်ဘက်က တစ်ယောက်ဖြစ်ပြီးတော့ တိုင်းရင်းသား ကိုယ်စားလှယ်က တစ်ယောက်၊ ဒေါ်အောင်ဆန်းစုကြည်က တစ်ယောက်ဖြစ်နေတယ်။ အဲ့တော့ ယေဘူယျအားဖြင့် ကြည့်မယ်ဆိုလို့ရှိရင် လေးယောက် နှစ်ယောက် ပုံစံမျိုး ဖြစ်နေတာကို တွေ့ရတယ်။ အဲ့ဒီ့တော့ တနည်းအားဖြင့် ပြောရမယ် ဆိုရင် နိုင်ငံရေး ကိုယ်စားပြုမှု အရပေါ့လေ။ တန်းတူရည်တူ မဖြစ်ဘူးလို့ ပြောလို့ရတဲ့ အနေအထားတခုကို တွေ့ရတယ်။

ကျနော့်ရဲ့ အယူအဆကတော့ နောက်လုပ်မယ့် တွေ့ဆုံဆွေးနွေးပွဲတွေမှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေကို ထပ်ပြီးတော့ ထည့်သွင်းနိုင်ရင် နိုင်ငံရေးအရ ကိုယ်စားပြုမှု အပိုင်းမှာ တန်းတူညီမျှမှု အားမျှခြေတခုကို ရနိုင်မယ်လို့ ကျနော်က မြင်တယ်။ SNLD ပါတီက ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးလို ပုဂ္ဂိုလ်မျိုး၊ အဲ့လို အလားတူပေါ့လေ တိုင်းရင်းသားတွေထဲမှာလည်း ကိုယ်စားပြုမှုလည်း မြင့်မားတယ်။ တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုလည်း မြင့်မားတယ်။ အဲ့ဒီ့လို ပုဂ္ဂိုလ်မျိုးတွေကို နောက်လုပ်မယ့် တွေ့ဆုံဆွေးနွေးပွဲတွေမှာ ထည့်သွင်းနိုင်မယ်ဆိုရင် ပိုပြီးတော့ အားကောင်းမယ်လို့ ကျနော်က မြင်တယ်။

နောက်ဒုတိယတချက် ဒီခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးဟာ လိုသည်ထက် ပိုပြီးတော့ ယေဘူယျ ဆန်လွန်းတယ်လို့ ကျနော်က မြင်တယ်။ နိုင်ငံရေး အရ ပြောမယ် ဆိုလို့ရှိရင် နိုင်ငံရေး ကကြီး ခခွေးအဆင့်ပဲ ရှိတယ်လို့ ကျနော်က မြင်တယ်။ ကျနော်တို့တိုင်းပြည်ရဲ့ လတ်တလော ကြုံတွေ့နေရတဲ့ နိုင်ငံရေး စီးပွားရေး အကျပ်အတည်းတွေကို အမြန်ဖြေရှင်းနိုင်ဖို့ ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စကို အမြန်ဆုံး ညှိနှိုင်းသဘောတူမှု ရအောင် လုပ်သင့်တယ်လို့ မြင်တယ်။

ဒီနေ့ ကျနော်တို့ တွေ့ဆုံကြတဲ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကို ကြည့်မယ်ဆိုရင် တိုင်းပြည်ရဲ့ ဖြစ်နေတဲ့ အခြေအနေနဲ့ တကယ့်တိုက်ရိုက်ကျတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဒီအခြေအနေပေါ်မှာ တုန့်ပြန်မှုဟာ လိုက်လျောညီထွေမှု မဖြစ်ဘူးလို့ ကျနော်က ခံစားမိတယ်။

နောက်လုပ်မယ့် တွေ့ဆုံဆွေးနွေးပွဲတွေမှာ ဒီ့ထက်ပိုပြီးတော့ အချိန်ယူပြီးတော့ အသေးစိတ် တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ လိုအပ်တယ်လို့ မြင်တယ်။ နောက် အဲ့ဒီ့တွေ့ဆုံဆွေးနွေးပွဲတွေရဲ့ ရလာဒ်အချို့ကိုလည်း တိုင်းရင်းသားပြည်သူလူထု တရပ်လုံး သိအောင် ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ ထုတ်ပြန်ဖို့ လိုအပ်တယ်လို့ မြင်တယ်။"

မြန်မာ့နိုင်ငံရေးအကဲခတ် ဒေါက်တာ ရန်မျိုးသိမ်း ဖြစ်ပါတယ်။

၁၉၉၀ ပြည့် ရွေးကောက်ပွဲ လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးဖြစ်တဲ့ ဒေါက်တာ တင့်ဆွေကတော့ ဒီ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲမှုကို မည်ကာမတ္တ ဆွေးနွေးမှုမျှသာ ဖြစ်တယ်၊ သိပ်အလားအလာ မကောင်းဘူးလို့ သုံးသပ်ခဲ့ပါတယ်။

"ဆွေးနွေးပွဲ ရလာဒ်တွေကတော့ ဘာရယ်လို့ ကျနော်တို့ မသိရသေးဘူး။ နောက်ဆွေးနွေးတဲ့ ခေါင်းစဉ်ကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီက အစီရင်ခံစာကိုပဲ ဆွေးနွေးတယ်ဆိုတော့ ဗမာနိုင်ငံက အကြီးဆုံး ပြဿနာတွေကို တာဝန်အရှိဆုံး ပုဂ္ဂိုလ်ကြီး ခြောက်ယောက်ကနေ ဆွေးနွေးတဲ့အခါမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီက ဟာလေးပဲ ဆွေးနွေးတယ်ဆိုတော့ - ဆိုရင်ပေါ့လေ။ သိပ်တော့ အလားအလာကိုတော့ မျှော်လင့်လို့ မရနိုင်ဘူး။

ဘာပဲဖြစ်ဖြစ် ဖွဲ့စည်းပုံပြင်ဆင်ရေးက နံပတ်တစ် အရေးကြီးဆုံး ဖြစ်တဲ့ အတွက်ကတော့ ဒီအပေါ်မှာတော့ တက်ရောက်တဲ့ ပုဂ္ဂိုလ်တွေက အလေးအနက် ရှိကြလိမ့်မယ်လို့ ထင်တယ်။ သို့သော်လည်းပဲ အလေးအနက်ဆိုတာက ဒီ ဒေါ်အောင်ဆန်းစုကြည်ရယ် နောက်တခါ တိုင်းရင်းသားကိုယ်စားပြု ကိုယ်စားလှယ်ရယ် ဘက်က ကျကျနနတော့ တင်ပြရမှာ။ သို့သော် ကျန်တဲ့လေးဦးက ဘယ်လိုသဘောထားလဲတော့ မပြောတတ်တဲ့ အတွက် ပြောရမှာတော့ စောတယ်ခင်ဗျ။

ဒီအစည်းအဝေးကြီး ဖြစ်လာအောင်ကလည်း အကြီးအကျယ် လုပ်ခဲ့ကြရတယ်။ နောက်တခါ ဒီမတိုင်ခင်လည်း ဆွေးနွေးပွဲတွေ လုပ်ကြရတယ် ဆိုတော့ ဆွေးနွေးမှုဆိုတာ ကောင်းတယ်ဆိုတဲ့ စကားထက်တော့ သိပ် ပိုတဲ့ အလားအလာတော့ မရှိသေးဘူး။ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုတာ ပြင်ဆင်ချင် တဲ့ ဆန္ဒဆိုတာထက် ပြင်ဆင်ရဲတဲ့ စွမ်းရည်သတ္တိက ဒီ အာဏာဆုပ်ကိုင်ထားတဲ့ ဘက်က နည်းနေသေးတဲ့အချိန်ဖြစ်တဲ့အတွက် ကျနော်တော့ အများကြီး မမျှော်လင့်ပါဘူးခင်ဗျာ။

ဆက်ဆွေးနွေးတာတော့ ကောင်းတယ်ပေါ့လေ။ ကောင်းပေမဲ့လို့ ကျနော်တို့ အချိန်အကန့်အသတ်ကလည်း ရှိတယ်။ အခက်အခဲကြီးမားမှုပြဿနာက လည်း ရှိနေတော့ကာ လာမယ့် ရွေးကောက်ပွဲ မတိုင်ခင်မှာ ဖွဲ့စည်းပုံ အရေးကြီးတဲ့အပိုင်းတွေအထိ ပြင်နိုင်ပါ့မလားဆိုတာကတော့ ဟို ကျနော်ကတော့ သိပ်အားမရှိဘူး။ "

၉၉၀ ပြည့် ရွေးကောက်ပွဲ လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးဖြစ်တဲ့ ဒေါက်တာ တင့်ဆွေဖြစ်ပါတယ်။ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ မြန်မာ့နိုင်ငံရေး သုံးသပ်သူတွေ၊ နိုင်ငံရေးသမားတွေက သဘောထား အမြင်တွေကို စုစည်းတင်ပြပေးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG