သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီဇိုးရမ်းဝန်ကြီးချုပ်ဟောင်း မြန်မာငြိမ်းချမ်းရေးကူညီဖို့ ရောက်ရှိ


ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (ဓာတ်ပုံ၊ ဦးလှမောင်ရွှေ)
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (ဓာတ်ပုံ၊ ဦးလှမောင်ရွှေ)

အိန္ဒိယ - မြန်မာနယ်စပ် မီဇိုးရမ်း (Mizoram) ပြည်နယ် ဝန်ကြီးချုပ်ဟောင်း Pu Zoramthanga ဟာ မြန်မာနိုင်ငံအတွင်းက ချင်းတိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှာ လက်ရှိ ဆောင်ရွက်နေတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို လေ့လာဖို့ ရန်ကုန်မြို့မှာ ရောက်ရှိနေပါတယ်။

Pu Zoramthanga ဟာ ဒီကနေ့ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာငြိမ်းချမ်းရေး စင်တာက တာဝန်ရှိသူတွေနဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အိန္ဒိယလက်အောက်ခံ မီဇိုးရမ်းဒေသကို သီးခြားပြည်နယ်အဖြစ် အသိအမှတ်ပြုရေး နှစ်အတန်ကြာ လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ပြီးတဲ့နောက် အိန္ဒိယအစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို အောင်မြင်စွာ ဦးဆောင် ပြုလုပ်နိုင်ခဲ့တဲ့ သူ့ရဲ့ အတွေ့အကြုံတွေကို ဝေမျှဖို့အတွက် Pu Zoramthanga ဟာ မြန်မာပြည်ကိုရောက်တာ ဖြစ်ပါတယ်။

သူ့အနေနဲ့ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်ကြောင့် အခုလို ရောက်လာတာမဟုတ်ဘဲ မိတ်ဆွေ ချင်းတိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့ရဲ့ ဖိတ်ကြားချက်အရသာ လာရောက်ခြင်းဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာက အရာရှိတဦးဖြစ်သူ ဦးလှမောင်ရွှေက ပြောပါတယ်။

“မီဇိုးရမ်းမှာရှိတဲ့ Chief Minister ဟောင်း၊ ဝန်ကြီးချုပ်ဟောင်းအနေနဲ့က ဝန်ကြီးဦးအောင်မင်းတို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဘက်က သီးခြားဖိတ်ကြားတာ မဟုတ်ပါဘူးခင်ဗျ။ ကျနော်တို့သိတာတော့ မြန်မာပြည်မှာရှိတဲ့ သူ့ရဲ့ မိတ်ဆွေတချို့ကနေပြီးတော့ သူ့ကို ဖိတ်ကြားလို့သာ လာတယ်လို့ပဲ နားလည်ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ ပေါ့နော် ၁၉၈၆ လောက်ကနေ မီဇိုးရမ်းငြိမ်းချမ်းရေးကိစ္စတွေမှာ သူက ဦးဆောင်ပြီးတော့ ပါဝင်ခဲ့တဲ့အတွက် သူ့မှာ ငြိမ်းချမ်းရေး အတွေ့အကြုံတွေ ရှိတယ်။ အဲ့ဒီကနေပြီးမှ သူက ဝန်ကြီးချုပ်လည်းဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့တော့ သူ့ရဲ့ အတွေ့အကြုံတွေကို ကျနော်တို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေထဲမှာ သူ့အနေနဲ့ တတ်အားသ၍ ကူညီချင်ပါတယ်ဆိုတဲ့ ချဉ်းကပ်မှုနဲ့ လာတယ်လို့ပဲ ကျနော်တို့ နားလည်ပါတယ်။ နောက်တခုကတော့ ကျနော်တို့ ဝန်ကြီး ဦးအောင်မင်းရဲ့ လုပ်ငန်းကော်မတီဘက်ကလည်း ကျနော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အပြုသဘောနဲ့ စိတ်စေတနာကောင်းနဲ့ အကြံဉာဏ် အကူအညီ ပေးမယ့် ဘယ်သူနဲ့မဆို တွေ့လေ့ရှိတဲ့အတွက် ရှေ့မှာလည်း အမြောက်အများ နိုင်ငံတကာ အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တွေ့ခဲ့တဲ့ အဖွဲ့အစည်းပေါင်း ကျနော်ထင်တယ် ရာချီပြီးတော့ ရှိပါတယ်။ ဒီဝန်ကြီးချုပ်ဟောင်း အနေနဲ့ သူ့မှာလည်းပဲ ထိုက်သင့်တဲ့ အတွေ့အကြုံလည်း ရှိကောင်းရှိပါလိမ့်မယ်။ ဝန်ကြီးဦးအောင်မင်းနဲ့ အားတဲ့ရက်တွေမှာတော့ တွေ့မယ့်အနေအထားရှိပါတယ်။ သူ့ခရီးစဉ်ကတော့ တနင်္ဂနွေနေ့ကိုတော့ ဒီနိုင်ငံကနေ ပြန်မယ်လို့ပြောပါတယ်။ တကယ်လို့ တိုင်းရင်းသားတွေနဲ့ရော၊ ဝန်ကြီးဦးအောင်မင်းတို့ ဘက်ကလည်း လိုအပ်ရင်တော့ သူ ဝိုင်းကူပါ့မယ်လို့တော့ သိရပါတယ်။ ဒီနေ့ညနေပိုင်းကတော့ ကျနော်တို့ MPC ကို လာလည်တဲ့အတွက် ကျနော်တို့ MPC က အလုပ်အဖွဲ့တချို့နဲ့တော့ ရင်းရင်းနှီးနှီး စကားပြောဆိုဆွေးနွေးတာ ရှိပါတယ်။”

မေး။ ။ ဆိုတော့ လောလောဆယ်ကတော့ သူ့အနေနဲ့က ဒါက အရင် သူရှိခဲ့တဲ့ အတွေ့အကြုံတွေအရ သဘောက လွန်ရောကျွံရော အကြံပေးတာ၊ အတွေ့အကြုံတွေ မျှဝေပေးတာလောက် အဆင့်ပဲရှိမယ်ပေါ့နော်။ ကျနော်တို့ ယေဘုယျနားလည်လို့ရမယ်ဆိုရင်။

ဖြေ။ ။ “အဲ့လိုပဲ ကျနော်တို့တော့ နားလည်ပါတယ်ခင်ဗျ။ ဟို သီးခြားကြီး နှစ်ဘက်အဖွဲ့အစည်းတွေကြားထဲမှာ ညှိနှိုင်းပေးမယ့်သူ negotiator ပုံစံမျိုးတော့ ကျနော်တော့ မမြင်မိပါဘူးခင်ဗျ။ ဟို observer အနေနဲ့ ကျနော်တို့ နှစ်ဘက်ကြားထဲမှာ ဆွေးနွေးပွဲတွေ တက်ရောက်မယ်လို့လည်း ကျနော့်အနေနဲ့တော့ မရှိပါဘူး။ သူ့အနေနဲ့ ကောင်းမွန်တဲ့ဆန္ဒနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဝိုင်းပြီးတော့ အကြံဉာဏ်ပေးတဲ့ ကူညီတဲ့ လူပုဂ္ဂိုလ်တယောက်အနေနဲ့တော့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။”

မေး။ ။ ဆိုတော့ သူ့ကိုဖိတ်တယ်ဆိုတာကတော့ မီဇိုးတွေနဲ့ ဆက်နွယ်နေတဲ့ ချင်းတိုင်းရင်းသားတွေပဲ ဖြစ်မယ်ထင်တယ်နော်။ CNF ဖြစ်မလားခင်ဗျ။

ဖြေ။ ။ “CNF မဟုတ်ဘူးခင်ဗျ။ ဒီ ချင်းတချို့ပေါ့နော်။ ပါတီခေါင်းဆောင်တချို့ကနေပြီးတော့ ဖိတ်ကြားမှုနဲ့ သူ လာလည်တယ်လို့ ကြားရပါတယ်။”

Pu Zoramthanga အနေနဲ့ သူ့ရဲ့ နိုင်ငံရေးပါတီ အပါအဝင် အစိုးရအဖွဲ့အစည်းတခုခုကို ကိုယ်စားပြုပြီး မြန်မာနိုင်ငံကိုသွားတယ်လို့ မထင်ကြောင်း Khonumthung အွန်လိုင်းသတင်းစာက လက်ထောက် အယ်ဒီတဦးဖြစ်သူ ကိုသွီဒင်း(မ်) က ပြောပါတယ်။

“ဘယ်လို ချဉ်းကပ်ပုံ ချဉ်းကပ်နည်းကတော့ ဘယ်လိုချဉ်းကပ်တယ်ဆိုတာတော့ မသိဘူး။ ဒါပေမဲ့ personal ကိုပဲ focus ပြီးတော့ ဖိတ်တယ်လို့ပဲ ကျနော်တော့ ယူဆတယ်။ သူက MNF ပါတီလည်း base မလုပ်ဘူး။ မီဇိုးရမ်းအစိုးရကိုလည်း base မလုပ်ဘူးလို့ ကျနော်တော့ မြင်တယ်။”

Pu Zoramthanga အနေနဲ့ မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မီတီ ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အခုလ ၁၉ ရက်ကနေ ၂၁ ရက်အထိ ပြုလုပ်ဖို့ရှိတဲ့ NCCT - တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ရဲ့ ဆွေးနွေးပွဲကို တက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ NCCT ရဲ့ အဲဒီ ဆွေးနွေးပွဲပြီးမှသာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်မှာဖြစ်ကြောင်း ဦးလှမောင်ရွှေက ပြောပါတယ်။

XS
SM
MD
LG