သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အခမဲ့ ရုပ်သံလိုင်းသစ်တွေ ရေရှည်ရပ်တည်ရေး စိုးရိမ်စရာရှိ


မဇ္ဈိမရုပ်သံလိုင်း၊ Mizzima TV Channel တရားဝင် မိတ်ဆက်ခြင်း အခမ်းအနား

မဇ္ဈိမရုပ်သံလိုင်း၊ Mizzima TV Channel တရားဝင် မိတ်ဆက်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၂၇ ရက်၊ အင်္ဂါနေ့က ကျင်းပခဲ့ပါတယ်။ မြန်မာ့ရုပ်မြင်သံကြား MRTV ကတဆင့် အခမဲ့ ထုတ်လွှင့်ပေးမယ့် ဒီ ရုပ်သံလိုင်းအသစ် ၅ ခု အနေနဲ့ ဈေးကွက်ဈေးကွက်ထဲကို နောက်ကျပြီးမှ ၀င်လာတာဖြစ်တဲ့အတွက် ထိုးဖောက်ဖို့ အခက်အခဲတွေ ရှိနိုင်တယ်ဆိုတဲ့ သုံးသပ် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကိုတော့ အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားလုပ်ငန်းရဲ့ လက်ရှိ MRTV Multi Channel Playout System ထဲမှာ DVB-T2 စနစ်နဲ့ ထည့်သွင်းမယ့် ရုပ်သံလိုင်း ၅ လိုင်းကို လုပ်ငန်း လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း ၂၀၁၇ ခုနှစ်၊ ဧပြီလမှာ ကြေညာခဲ့ပြီးတဲ့နောက် အခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာတော့ ရုပ်သံလိုင်းသစ်ငါးခုနဲ့ MRTV တို့အကြား တရားဝင် လက်မှတ်ရေးထိုးခဲ့ကြတာပါ။

အများပြည်သူအတွက် အခမဲ့ ထုတ်လွှင့်ပေးမယ့် အဲဒီ ရုပ်သံလိုင်းအသစ် ၅ ခုထဲက ပထမဆုံး စတင်ထုတ်လွှင့်မယ့် မဇ္ဈိမရုပ်သံလိုင်း မိတ်ဆက်ပွဲ အခမ်းအနားကို အင်္ဂါနေ့က စမ်းချောင်းမြို့၊ မြေနီကုန်းမှာရှိတဲ့ ပြည်သူ့ရင်ပြင်၊ စမ်းချောင်းသာကွင်းမှာ ကျင်းပခဲ့တာမှာ အဓိက ၀န်ဆောင်မှုပေးမယ့် ရုပ်သံအစီအစဉ်တွေကို မဇ္ဈိမမီဒီယာဂရုရဲ့ စီမံခန့်ခွဲမှုဒါရိုက်တာနဲ့ အယ်ဒီတာချုပ် ဦးစိုးမြင့်က အခုလို ရှင်းပြပါတယ်။

"အဓိက ကျနော်တို့ မဇ္ဈိမ TV Channel က Free to Air Digital Channel ။ လူငယ်တွေနဲ့ ကလေးတွေကို ကျနော်တို့က အဓိကထားတာပါ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံမှာလည်း အရေးကြီးတယ်၊ နောက်ပြီးတော့ ကျနော်တို့က လူငယ်တွေနဲ့၊ အထူးသဖြင့်တော့ လူငယ်တွေအတွက် သူတို့ရဲ့ ဖန်တီးမှုတွေ၊ သူတို့ရဲ့ တီထွင်မှုတွေ၊ သူတို့ရဲ့ ဦးဆောင်မှုတွေကို ကျနော်တို့က ပံ့ပိုးမယ်၊ နေရာပေးမယ်။ ပြီးတော့ သူတို့ ထုတ်ဖော် ပြသလို့ရအောင် လုပ်တယ်ဆိုတဲ့ အနေအထားပါ။ နောက်တခုက ဘာလဲဆိုတော့ ကျနော်တို့ မဇ္ဈိမ TV Channel က Mix Channel လိုပေါ့၊ Entertainment - အထွေထွေ ဖျော်ဖြေမှုပါမယ်၊ နောက်ပြီးတော့ Infotainment ဖြစ်တဲ့ သတင်းနဲ့ ဖျော်ဖြေမှုကို အချိုးအစား ပေါင်းထားတဲ့ဟာ ပါမယ်၊ ပြီးတော့ သတင်းပါမယ်။ မဇ္ဈိမလို့ ပြောလိုက်ရင် လူတော်တော်များများက သတင်းမီဒီယာ အနေနဲ့ သိတာပေါ့နော်။ အဲဒီတော့ သတင်းမီဒီယာတော့ ပါမယ်။ နိုင်ငံရေးသတင်း၊ စီးပွားရေးသတင်း ပါမယ်။ ဒါပေမယ့်လည်း ဒါပေမယ့်လည်း ခုနကပြောတဲ့ လူငယ်နဲ့ ကလေးတွေကို ဗဟုသုတ၊ ပညာပေး၊ သူတို့အတွက် ဖန်တီးမှုတွေကို ဖော်ထုတ်ပေးတဲ့ ဖျော်ဖြေမှုတွေ၊ သတင်းနဲ့ အချက်အလက်တွေကို ပေးတဲ့ Channel ဖြစ်မှာပါ။"

သံလွင် - နိုင်ငံသားစွမ်းရည်မြင့်တင်ရေးအဖွဲ့ စတင်တည်ထောင်သူ တဦးဖြစ်သူ ဦးဇော်မင်းကျော်ကတော့ - ဈေးကွက်ထဲကို နောက်ကျပြီးမှ ၀င်ရောက်လာကြတဲ့ မဇ္ဈိမရုပ်သံလိုင်းအပါအ၀င် ရုပ်သံလိုင်းအသစ် ၅ ခုအနေနဲ့ ဈေးကွက်ထဲကိုထိုးဖောက်ဖို့ ကြိုးစားတဲ့နေရာမှာ အခက်အခဲတွေ ရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။

"အခုလို မီဒီယာအသစ်တခု ပေါ်လာတာကတော့ ဒါ ဘာဘဲဖြစ်ဖြစ် ကျနော်တို့အနေနဲ့ ကြိုဆိုရမယ့် ကိစ္စပါဘဲ။ ဒါက ပြည်သူတွေအတွက် Knowledge (အသိပညာ) ရဖို့၊ နားမျက်စေ့ ဖွင့်ပေးဖို့အတွက် မီဒီယာအသစ်တခု ပေါ်လာတာ အင်မတန် ကောင်းတဲ့ကိစ္စပါ။ ဒါပေမယ့် ကျနော်တို့ တခုစိုးရိမ်တာက အခုဆိုလိုရှိရင် ဒီ အစိုးရသစ် လက်ထက်မှာ ဒီ မီဒီယာ ၅ ခုကိုပေါ့နော် ရုပ်သံအတွက် ချပေးလိုက်တယ်။ ဒါပေမယ့် တနှစ်နီးပါးလောက် ရှိပါပြီ။ သို့သော်လည်း အခုမှ ပထမဦးဆုံးအနေနဲ့ မဇ္ဈိမက တာထွက်နိုင်တယ်ပေါ့။ အဲဒီတော့ တကယ်လဲ စိုးရိမ်စရာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရှေ့မှာ ဈေးကွက်ကို ရရှိပြီးသားပေါ့နော်၊ နှစ်ပေါင်းများစွာ ရှေ့မှာ တည်ဆောက် ထားပြီးသား မီဒီယာကြီးတွေ ရှိတယ်။ ရှိတဲ့အတွက် တိုးနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်လည်း ရှိပါတယ်။ တဘက်က မီဒီယာအသစ်တခု ပေါ်လာလို့ ၀မ်းသာရသလို တဘက်ကလည်း သူတို့အတွက် စိုးရိမ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်းအနှီးလည်း များတယ်၊ ဈေးကွက် ဝေစုရဖို့ကလည်း အတော်ခက်တယ်ပေါ့။ ဥပမာအားဖြင့် ကျနော်တို့ နိုင်ငံမှာဆိုလို့ရှိရင် မြန်မာ့အသံရှိတယ်၊ MRTV 4 ရှိတယ်၊ SkyNet ရှိတယ်။ အဲဒီတော့ ကျနော်တို့နိုင်ငံရဲ့ ဈေးကွက် အနေအထားနဲ့က သူတို့က အတော်လေး ထဲထဲဝင်ဝင် စီးထားပြီး ဖြစ်တဲ့အတွက် နောက်ထပ် ဈေးကွက်ရဖို့ဆိုတာ အတော်လေးတော့ ခက်တယ်။ အဲဒီတော့ မျှမျှတတဖြစ်ပါစေလို့တော့ ဆုတောင်းရတာပေါ့နော်။ ဒီ အစိုးရအနေနဲ့ မူဝါဒပိုင်းအရသော်၎င်း၊ ဥပဒေပိုင်းအရသော်၎င်း မျှမျှတတနဲ့ အားလုံး ညီညီညွတ်ညွတ်ဖြစ်အောင် လုပ်ပေးနိုင်မယ် ဆိုရင်တော့ ဒါ ပိုပြီးတော့၊ အသစ်ဝင်လာတဲ့ မီဒီယာ အသစ်တွေအတွက် ပိုပြီးတော့ ကောင်းမယ်လို့ ထင်ပါတယ်။"

မဇ္ဈိမမီဒီယာဂရုရဲ့ စီမံခန့်ခွဲမှုဒါရိုက်တာ ဦးစိုးမြင့်ကလည်း ဈေးကွက်ကို ထိုးဖော်နိုင်ဖို့ စိန်ခေါ်မှုတွေ များကြီးရှိနိုင်တယ်ဆိုတာကို မျှော်လင့်ထားပါတယ်။

မဇ္ဈိမအပြင် တခြား မြန်မာ့အသံကနေ ထုတ်လွှင့်ပေးမယ့် ရုပ်သံလိုင်း လေးခုကို လည်ပတ် လုပ်ဆောင်ပေးမယ့် ကုမ္ပဏီတွေကတော့ - DVB Multimedia Group Company Limited ၊ Fortune Broadcasting Company Limited ၊ KMA TeleMedia Holdings Company Limited နဲ့ My Multi Media Group Company Limited တို့ဖြစ်ပါတယ်။

ဒီမိုကရေစီစံနစ်အောက်မှာ ကျင့်သုံးတဲ့ ဈေးကွက်စီးပွားရေး သဘောအရ ဈေးကွက်ထဲမှာ ပြိုင်ဆိုင်မှုများလေ စားသုံးသူ အများပြည်အတွက် ရွေးချယ်စရာများပြီး ဈေးနှုန်းသက်သာလေ ဖြစ်ပေမယ့်လည်း လက်ရှိ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ စံနစ်ဟာ စစ်မှန်တဲ့ ဈေးကွက် စီးပွားရေး လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ မဆိုနိုင်သေးပါဘူး။ ဒါကြောင့်လည်း လက်ရှိမှာ ရုပ်သံလိုင်းလောက ပြန်ကြားရေးဌာန လက်အောက်ခံ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား ဌာနအပါအ၀င် ခေတ်အဆက်ဆက်က အစိုးရနဲ့ အဆင်ပြေတဲ့ မီဒီယာကုမ္ပဏီကြီးက တချို့ကဘဲ လွမ်းမိုးထားဆဲ ဖြစ်ပါတယ်။

အခမဲ့ ပြသမှာဖြစ်တာကြောင့် အများပြည်သူအတွက် အဆင်ပြေနိုင်ပေမယ့် ရုပ်သံလုပ်ငန်းရဲ့ အရင်းအနှီး ကြီးမားမှုကြောင့် အခု အသစ်ထုတ်လွှင့်မယ့် ကုမ္ပဏီတွေအနေနဲ့ သူတို့ ရေရှည် ရပ်တည်ရေးအတွက် ကြော်ညာကို အားထားရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့အနေနဲ့ ဘယ်လောက်အထိ ကြာကြာ တောင့်ခံထားနိုင်မလဲ၊ အများပြည်သူအနေနဲ့ အခမဲ့ ရုပ်သံလိုင်းတွေကို ဘယ်လောက် ခံစား ကြည့်ရှုနိုင်ကြမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG