ကုလသမဂ္ဂ စစ်ရာဇဝတ်မှုဆိုင်ရာ တရားခုံရုံး The Hague မှာ ဘော့စ်နီးယား ဆာ့ဘ် စစ်ခေါင်းဆောင်ဟောင်း ရတ်ကို မလာဒစ်ရှ် (Ratko Mladic) ဟာ ပထမဆုံး အကြိမ်အဖြစ် အမှုရင်ဆိုင်ဖို့ တက်ရောက်ခဲ့ပြီး လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် သူ့အပေါ် တရားစွဲဆိုထားတာကို သူ့အခေါ် လက်မခံနိုင်စရာ ဆိုးရွားလှတဲ့ စွဲဆိုချက်အဖြစ် ပြောဆိုခဲ့ပါတယ်။
အမှုနဲ့ ပတ်သက်တဲ့ အသနားခံစာတင်ဖို့ ကိစ္စကိုလည်း သူက ငြင်းဆန်လိုက်ပါတယ်။
၁၉၉၀ ခုနှစ် တိုက်ပွဲတွေမှာ တချိန်က ယူဂိုဆလားဗီးယား နိုင်ငံကနေ ခွဲထွက်ခဲ့တဲ့ သူ့နိုင်ငံနဲ့ သူ့လူမျိုးတွေအတွက် သူကာကွယ်ခဲ့တာ ဖြစ်တယ်လို့ တရားသူကြီး ၃ ဦးကို ပြောဆိုပါတယ်။
တရားစွဲဆိုချက်မှာ ပါတဲ့ ပြင်းထန်လွန်းတဲ့ စကားလုံးတွေကို ဖတ်ဖို့ တလကျော်လောက် အချိန်ယူဖို့ လိုမယ်လို့ သူက ပြောပါတယ်။
မလာဒစ်ရှ်ဟာ ၁၉၉၅ ခုနှစ် ဆရီဘရန်နီကာ (Srebrenica) မှာ မွတ်ဆလင် အမျိုးသား ၈,၀၀၀ ကျော် သတ်မှုနဲ့ လူ ၁၀,၀၀၀ ကျော် သေခဲ့ရတဲ့ ဆာရာယေဗို (Sarajevo) မြို့ကို ၄၄ လကြာ ပိတ်ဆို့ထားမှုတွေမှာ တာဝန်ရှိသူအဖြစ် သူ့ကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
မလာဒစ်ရှ်က နားမထောင်ချင်ဘူးလို့ ငြင်းဆိုခဲ့ပေမဲ့ တရားသူကြီး အယ်လ်ဖွန် အိုရီ (Alphon Orie) က သူ့ကို စွဲဆိုထားတဲ့ အမှု ၁၁ မှုကို ဖတ်ပြခဲ့ပါတယ်။
အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ မလာဒစ်ရှ်က သူ အလွန်နေမကောင်းတဲ့အတွက် တကမ္ဘာလုံးကို ရုပ်မြင်သံကြားက တင်ပြမယ့်အစား တရားသူကြီးတွေနဲ့ သီးသန့် တွေ့ဆုံပြီး သူ့ကျန်းမာရေး အခြေအနေကို တင်ပြချင်တယ်လို့ တောင်းဆိုပါတယ်။
ရုံးတော်မှာ သူ မတောင်းဆိုဘဲ အစောင့်တွေက သူ့ကို ကူညီတာမျိုး မလိုချင်ကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။
မလာဒစ်ရှ်ရဲ့ အမှုကို လာမယ့် ဇူလိုင်လ ၄ ရက်နေ့မှာ ကြားနာဖို့ ထပ်ချိန်းလိုက်ပါတယ်။ အဲဒီကြားနာပွဲမှာ သူ့အတွက် အသနားခံစာ တင်ရမယ့် နောက်ဆုံးရက်ဖြစ်ပြီး အဲဒီနေ့မှာ မတင်ဖြစ်ရင်တော့ သတ်မှတ်ချိန် ကုန်ဆုံးသွားမှာ ဖြစ်ပါတယ်။