သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားရှိ မြန်မာ့အလုပ်သမားရေးလှုပ်ရှားသူမိသားစု ဖမ်းဆီးခံရပြီးပျောက်ဆုံး


မလေးရှားနိုင်ငံက မြန်မာဒုက္ခသည်နဲ့ မြန်မာ့အလုပ်သမားရေးတက်ကြွလှုပ်ရှားသူ ဒေါ်သူဇာမောင်နဲ့မိသားစု မိသားစု
မလေးရှားနိုင်ငံက မြန်မာဒုက္ခသည်နဲ့ မြန်မာ့အလုပ်သမားရေးတက်ကြွလှုပ်ရှားသူ ဒေါ်သူဇာမောင်နဲ့မိသားစု မိသားစု
မလေးရှားနိုင်ငံကမြန်မာဒုက္ခသည်နဲ့ မြန်မာ့အလုပ်သမားရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ မသူဇာမောင် နဲ့သူ့မိသားစုဝင်အားလုံး ဇူလိုင်လ ၄ ရက်နေ့ကစပြီး အတင်းအဓမ္မခေါ်ဆောင်ခံသွားရတယ်လို့ Human Rights Watch က ဇူလိုင်လ ၁၇ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။အခုချိန်ထိတော့ ဘယ်သူဘယ်ဝါ တွေရဲ့လက်ချက်ဆိုတာကို ထုတ်ဖော်နိုင်ခြင်းမရှိသေးပါဘူး။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံက မြန်မာဒုက္ခသည်နဲ့ မြန်မာ့အလုပ်သမားရေးတက်ကြွလှုပ်ရှားသူ ဒေါ်သူဇာမောင်နဲ့သူ့ မိသားစုဝင်အားလုံးကို အမည်မသိသူတွေက ဇူလိုင်လ ၄ရက်နေ့မှာ အိမ်ကိုလာရောက်ပြီး ခေါ်သွားတာ ဖြစ်ပါတယ်။ ဒေါ်သူဇာမောင်ဟာ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန ကနေဖွဲ့စည်းပေးထားတဲ့ မလေးရှားနိုင်ငံဆိုင်ရာ Myanmar Migrant Workers Committe- MMWC Malaysia ကတာဝန်ခံတဦးဖြစ်သလို Myanmar Muslim Refugee Community -MMRC Malaysia ရဲ့တည်ထောင်သူ ဥက္ကဌ လည်းဖြစ်ပါတယ်။ သူ့ကို ခေါ်ဆောင်သွားပြီးတဲ့နောက် CCTV က နေ တွေ့ရှိချက်တွေကို Myanmar Migrant Workers Committe- MMWC ကတာဝန်ခံတဦးက အခုလိုပြော ပြပါတယ်။

"ရဲကားလို့ထင်ရတဲ့ကားတစီးက လုံခြုံရေးဆီကိုဝင်သွားတုန်းက သူတို့ရဲ့ အိုင်ဒီကိုပြတယ်။ ဝင်သွားတဲ့ အချိန်က ညနေ ၄နာရီ ၃၀လောက်က။ သူတို့ ပြန်ထွက်သွားတဲ့အချိန်တုန်းကတော့ ၇နာရီ ၁၈ မိနစ်လောက်ကဖြစ်တယ်။ ဒေါ်သူဇာမောင်ကားရယ်၊ ဒေါ်သူဇာမောင်ရဲ့ သားစီးတဲ့ကားရယ်။ အဲဒီရဲလို့ပြောတဲ့ကားရယ် ထွက်သွားတာဖြစ်တယ်"

Myanmar Migrant Workers Committe- MMWC အနေနဲ့ ဒေါ်သူဇာမောင်တို့မိသားစု ဖမ်းဆီးခံရချိန် ကစပြီးရဲထံကို အမှုဖွင့်တိုင်ကြားတာတွေရှိပေမယ့် ရဲဖက်ကတော့သူတို့ရဲ့စုံစမ်းစစ်ဆေးချက်တွေကိုတော့ ပြန်လည် ပြောကြားတာမရှိသေးဘူးလို့ ဆိုပါတယ်။

မလေးရှားမှာရှိတဲ့တက်ကြွလှုပ်ရှားသူတွေပြောတာကတော့ ဥပဒေနဲ့မညီတာတွေလုပ်တာကြောင့်စစ်ဆေးဖို့ ခေါ်ဆောင်သွားတာလို့လည်းပြောဆိုနေသူတွေရှိသလို တချို့ကတော့ထွက်ပြေးသွားတာဆိုပြီး ဝေဖန် နေကြသူတွေလည်းရှိပါတယ်။ လတ်တလောမှာတော့ ဒေါ်သူဇာမောင်ကို ခေါ်ဆောင်သွားသူတွေဟာ အမည်မသိသူတွေလား၊ မလေးရှားရဲတွေကလားဆိုတာ မသိသေးပေမယ့် သူနဲ့အတူ ခေါ်ဆောင်ခံ သွားရတဲ့ ကလေးတွေအတွက်ကတော့ စိုးရိမ်စရာရှိကြောင်းအခုလိုပြောပါတယ်။

"တကယ်လို့ ဒေါ်သူဇာမောင်သာ အပြစ်ကျူးလွန်ထားတယ်ဆိုရင် သူကိုဖမ်းဆီးပိုင်ခွင့်ရှိတယ်။ သို့သော် ကလေးတွေကတော့ ကျောင်းသားတွေဖြစ်တဲ့အတွက်သူတို့ကိုဖမ်းပိုင်ခွင့်မရှိဘူး။ ကလေးတွေရဲ့ လူ့အခွင့်ရေး အရတော့ကာကွယ်ပိုင်ခွင့်ရှိတယ်၊ ကျန်တဲ့ အပိုင်းကတော့ ရဲတွေရဲ့စုံစမ်းစစ်ဆေးမှုတွေ မပြီးမချင်း ကတော့ ကျနော်တို့က ဖြူတယ်၊ မဲတယ်မသိရသေးတော့ ကလေးတွေရဲ့ Human Right အခွင့်အရေးကတော့ ကျနော်တို့ကလိုအပ်တာပေါ့နော်"

မလေးရှားအစိုးရအနေနဲ့ မြန်မာဒုက္ခသည်အရေး တက်ကြွလှုပ်ရှားသူဒေါ်သူဇာမောင်နဲ့ သူ့ရဲ ကလေး၃ဦး ခင်ပွန်းနဲ့ မိသားစုတွေ အတင်းအကျပ်ခေါ်ဆောင်ခံရတာတွေနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာစွာ စုံစမ်း စစ်ဆေးမှုတွေအမြန်ဆုံးလုပ်ပေးဖို့ကိုလည်း Human Rights Watch ကတောင်းဆိုခဲ့ပါတယ်။

ဒေါ်သူဇာမောင်တို့မိသားစုဟာ ၂ပတ်ခန့်ကြာတဲ့အထိ သတင်းအစအန ပျောက်နေတဲ့အပေါ်မှာ Human Rights Watch အာရှဆိုင်ရာ ဒါရိုက်တာ Elaine Pearson ကလည်း ဒီဖြစ်ရပ်အတွက် စိုးရိမ်စရာအခြေ အနေရှိနေပြီလို့ပြောဆိုခဲ့ပါတယ်။

ဒေါ်သူဇာမောင်တို့မိသားစုဟာ ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံကနေ မလေးရှားကို ထွက်ပြေးတိမ်းရှောင် လာကြသူတွေဖြစ်ပါတယ်။ သူတို့အားလုံးဟာ မလေးရှားနိုင်ငံမှာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ဒုက္ခသည်များအဖြစ်အသိအမှတ်ပြုထားတဲ့သူတွေဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG