သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်


လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင် မဟာမိတ်တပ်များ အပြည့်အဝသိမ်းပိုက် (ဓါတ်ပုံ - MNDAA)
လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင် မဟာမိတ်တပ်များ အပြည့်အဝသိမ်းပိုက် (ဓါတ်ပုံ - MNDAA)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က စစ်ကောင်စီရဲ့ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) ကို ဒီကနေ့ ဩဂုတ်လ ၃ ရက် နေ့လည်မှာ MNDAA ကိုးကန့် ဦးဆောင်တဲ့တပ်တွေက သိမ်းလိုက်ပါပြီ။

ရမခ စစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရမခ ကို အလုံးစုံထိန်းချုပ်နိုင်ပြီး ရမခ တိုင်းရုံးမှာရှိတဲ့ မိသားစုနဲ့ တပ်ဖွဲ့ဝင် အများအပြားကို ထိန်းသိမ်းဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း TNLA တအာင်းတပ်မတော် အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ဗွီအိုအေကို အတည်ပြုပြောပါတယ်။

ကိုးကန့်တပ်ရဲ့ သတင်းတွေကို ထုတ်ပြန်ပေးနေတဲ့ Kokang 365 အင်တာနက်စာမျက်နှာကလည်း သွေးထွက်သံယို တိုက်ပွဲများနဲ့အတူ ဒီနေ့နေ့လည် ၁၂ နာရီ ၂၀ မိနစ်မှာ ရမခကို အပြည့်အဝ သိမ်းလိုက်ပြီလို့ ဖော်ပြထားပါတယ်။ အဲဒီ ကိုးကန့်တပ် သတင်းထုန်ပြန်ချက် Facebook စာမျက်နှာမှာပဲ ရမခကို သိမ်းပိုက်လိုက်တဲ့ ဓာတ်ပုံမှတ်တမ်းတွေကို တင်ထားတာတွေ့ရပါတယ်။

တခြား လူမှုကွန်ယက်တွေမှာတော့ ရမခ စစ်ဌာနချုပ်မှာ ကိုးကန့်အလံကို လွှင့်ထူလိုက်တဲ့ပုံတွေလည်း တက်နေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီ သက်တမ်း ၆ လတိုးချိန် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က လားရှိုးမှာ ကိုးကန့်တပ် ဝင်တိုက်လို့ ပြည်သူတွေ ထိခိုက်တာကို အစွမ်းကုန်ကာကွယ်သွားမယ်လို့ ပြောအပြီးမှာ အခုလို ဖြစ်လာတာပါ။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း စစ်တိုင်းကြီး ၁၄ ခုထဲက ပြည်ပ ကူမင်တန်ကျုးကျော်စစ်ပါ ရိုက်ချိုးခဲ့ပြီး အစဉ်အလာကြီးတဲ့ ရမခကို ဝင်လာတဲ့ အကြမ်းဖက်တွေကို သုတ်သင်ရှင်းလင်းသွားမယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာပဲ ပြောခဲ့ပါသေးတယ်။

ရမခကို ကာကွယ်ဖို့ စစ်ကူပို့လိုက်တဲ့ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၂) လည်း လမ်းမှာ ဖြတ်တိုက်ခိုက်ခံရပြီး အရာရှိတွေပါ ကျခဲ့တာကြောင့် တပ်မမှုးကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို သတ်သေခဲ့တယ်လို့လည်း နီးစပ်သူတွေက ပြောနေပါတယ်။

ရမခ ကျသွားတယ်ဆိုကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန် ဖြေဆိုခြင်း မရှိသေးပါဘူး။

Forum

XS
SM
MD
LG