သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါမုန်တိုင်း မဝင်ခင်တရက် ပြင်ဆင်မှု အရှိန်မြှင့်လုပ်ဆောင်


မိုခါ မုန်တိုင်းလမ်းကြောင်းပြ ရုပ်ပုံ (မိုးဇလ)
မိုခါ မုန်တိုင်းလမ်းကြောင်းပြ ရုပ်ပုံ (မိုးဇလ)

မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးကနေ ကုန်တွင်းပိုင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားတဲ့ အားပြင်းဆိုင်ကလုန်းမုန်တိုင်း "မိုခါ" ကို အနီရောင်အဆင့် မြန်မာမိုးဇလက သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံထဲကို စစ်တွေမြို့အနီးကနေ မေလ ၁၄ ရက်၊ တနင်္ဂနွေနေ့ နေ့လယ်ပိုင်းမှာ မုန်တိုင်းဖြတ်ကျော် ဝင်ရောက်နိုင်လို့ ရခိုင်ပြည်နယ်တွင်းမှာ ဒေသခံတွေ မုန်တိုင်းဘေး ကြိုတင်ရှောင်ရှားတာတွေ လုပ်ဆောင်နေပါတယ်။ မုန်တိုင်းမဝင်ခင် ၂၄ နာရီအတွင်း ရခိုင်ပြည်နယ်ထဲကအခြေအနေ သတင်းပေးပို့ချက်ကို မအေးသန္တာကျော် ဆက်ပြောပြပေးပါမယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" ဟာ ကိုကိုးကျွန်းမြို့ရဲ့ အနောက်နဲ့ အနောက်မြောက်ဘက် ရေမိုင် ၂၄၀ မိုင်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်ဘက်ရေမိုင် ၂၅၀ မိုင်၊ စစ်တွေမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင် ၂၈၀ မိုင်ဝန်းကျင်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။ ရခိုင်ကမ်းရိုးတန်းဆီ စစ်တွေမြို့အနီးကနေ အင်အားပြင်းထန်တဲ့ အနေအထားနဲ့ ဖြတ်ကျော်ဝင်ရောက်နိုင်တဲ့ အနီရောင်အဆင့် မိုခါရဲ့ အမြင့်ဆုံးလေတိုက်နှုန်းဟာ တနာရီကို ၁၁၅ မိုင်ကနေ ၁၂၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

မုန်တိုင်းလမ်းကြောင်း စတင်ဝင်ရောက်နိုင်တဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာလည်း မြစ်ကမ်းနဘေး နေသူတွေနဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာဆီ ပြောင်းရွှေ့ နေကြပါတယ်။ စစ်တွေမြို့မှာလည်း လူမှုကူညီရေး အဖွဲ့တွေပေါင်းပြီး မုန်တိုင်းဘေးသင့်နိုင်တဲ့ ဒေသတွေက ပြည်သူတွေကို မြို့ပေါ်က ဘုန်းကြီးကျောင်းတွေဆီ ပို့ဆောင်ပေးနေပါတယ်။

"စစ်တွေမြို့တွင်းက သက်ကြီးရွယ်အိုတွေ၊ ကမ်းနဲ့နီးတဲ့သူတွေကို ကူညီပေးနေတယ်။ ကယ်ဆယ်ရေး အပိုင်းကတော့ မုန်တိုင်းဝင်လာလို့ရှိရင် အချိန်နဲ့တပြေးညီ ကူညီလို့ရအောင်လို့ ကျနော်တို့ကတော့ ပြင်ဆင်နေတာပဲဗျာ။ စစ်တွေဘက်က အခု ညနေပိုင်းအချိန် မိုးဖွဲဖွဲရွာနေတယ်။ ပင်လယ်ကမ်းခြေအခြေအနေက ဒီအတိုင်းပါပဲ၊ ပုံမှန်ပါပဲ။"

မုန်တိုင်းမဝင်ခင် တရက်အလို မေလ ၁၃ ရက်နေ့ ညနေပိုင်းမှာ စစ်တွေမြို့မှာ မိုးအနည်းငယ် စရွာနေပြီး၊ ပင်လယ်ကမ်းခြေ အခြေအနေကတော့ ပုံမှန်ရှိနေတယ်လို့ ကူညီပေးနေသူတဦးက ပြောပါတယ်။ မေလ ၁၃ ရက်၊ ဒီကနေ့ ညနေကနေ မေလ ၁၄ ရက်နေ့အတွင်း ရခိုင်ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်းကျနေချိန် လေတိုက်နှုန်း တနာရီ မိုင် ၁၁၀ ကနေ ၁၂၀ အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လှိုင်းအမြင့်ကတော့ ၁၆ ပေကနေ ပေ ၂၀ အထိ မြင့်တက်နိုင်ပါတယ်။

ဒေသခံတွေအနေနဲ့လည်း နာဂစ်မုန်တိုင်းမှာ တွေ့ကြုံခဲ့ရတဲ့ အတိတ်ဆိုးကြောင့် မုန်တိုင်းအန္တရာယ်ကို ပိုကြောက်ရွံ့ ပြင်ဆင်နေကြပါတယ်။ နာဂစ်မှာ မိသားစုဝင်တွေ ဆုံးရှုံးထားတဲ့ ကိုသန့်ဇော်က သောကြာနေ့ကတည်းက မုန်တိုင်းဘေးရှောင်ရင်း စစ်တွေက ဘုန်းကြီးကျောင်းကို ရောက်နေပါပြီ

“မိသားစုကို ပြောပြထားပါတယ်။ ငါ တခါ ခံခဲ့ရတယ်။ အခု ငါ့မိသားစုနဲ့ အဲ့လိုမျိုး သေကွဲမကွဲချင်ဘူး။ ထပ်ပြီးတော့လည်း အဆုံးရှုံးမခံနိုင်ဘူး။ မပြေးလို့၊ ဒီလိုမျိုး မလုပ်ရင်လည်း မရဘူးလေ။ လေဆိုတာက ပြောလို့မရဘူး။ နာဂစ်လိုမျိုး ထပ်ဖြစ်မယ်ဆိုရင် ကျနော် အတွက် ပိုပြီးတော့ ဆုံးရှုံးမှုက တအားများသွားမှာပါ။ အဲ့ဒါကြောင့်လည်း မိသားစုကို ကျနော် ဒီကို မရ ရအောင် ခေါ်လာခဲ့တာပါ။”

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်ကိုလည်း မုန်တိုင်းဘေးလွတ်ရာ ရှောင်ရှားလာသူက ၁၂,၀၀၀ ကျော်အထိ ရှိထားပါတယ်။ မုန်တိုင်းဘေး ရှောင်လာသူတွေကို မြို့နယ်အရေးပေါ် လူမှုကူညီရေး ကော်မတီကနေ နေရာချထားပေးပြီး၊ စားသောက်ရေးလည်း ပြင်ဆင်ပေးနေတယ်လို့ ကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။

"မင်းပြားမြို့ပေါ်ကို မုန်တိုင်းဘေးရှောင်လာသူ ၂ ထောင်ကျော်၊ ၂,၅၀၀ လောက် ဖြစ်နေပြီခင်ဗျ။ နောက်ထပ် မင်းပြားမြို့နယ် တောင်ပိုင်းမှာရှိတဲ့ မင်းပြား-မြေပုံ ကားလမ်းပေါ်မှာရှိတဲ့ ကြပ်စင်ကုန်းမြင့်မှာရှိတဲ့ ရွာတွေရှိတယ်။ ကြပ်စင်ကျွန်းပေါ့နော်။ အဲဒီကျွန်းကို မြေပုံမြို့နယ်မှာရှိတဲ့ ပင်လယ်နားက ရွာတွေမှာရှိသူ အကုန်လုံးလာကြတာ ဒီနေ့သိသလောက်ဆို အဲဒီမှာ ၁ သောင်းလောက်ရှိနေပြီ။ ဆိုတော့ ကျနော်တို့ မင်းပြားမြို့နယ် တခုလုံးမှာဆိုရင် မြို့ပေါ်နဲ့ နယ်အကုန်လုံး ပေါင်းလိုက်ရင် ၁၂,၀၀၀ လောက်ဖြစ်နေပြီ။ အဓိကရှောင်တာက မြို့ပေါ်ဆို ဘုန်းတော်ကြီးကျောင်းတွေမှာ ရှောင်နေကြတယ်။ မြို့ပေါ်ရပ်ကွက်က ပြည်သူတွေက ရပ်ကွက်အလိုက် ထမင်းတွေဘာတွေလုပ်ဖို့ ကူညီပေးထားတယ်။ မင်းပြားမြို့နယ် အရေးပေါ်လူမှုကူညီရေး ကော်မတီလုပ်ထားပြီးတော့ အဲဒီကနေ ကူညီထောက်ပံ့ရေးတွေ လုပ်ပေးနေပါတယ်။ နယ်မှာဆိုရင်လည်း အဲဒီကပြည်သူတွေက လာတဲ့သူ ၁ သောင်းလောက်ကို အကုန်လုံး တာဝန်ယူပြီးတော့ ရွာတွေမှာလုပ်ပေးနေတယ်။"

မုန်တိုင်းကျရောက်ပြီးချိန် လိုအပ်တဲ့ ကယ်ဆယ်ရေးပိုင်းကိုလည်း ကြိုတင်ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

"ကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး ပြင်ဆင်တာက ဒီမှာသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ ရှိတယ်ပေါ့နော်။ အဲဒီ အဖွဲ့အစည်းတွေကပဲ အဓိက ပြင်ဆင်ထားတယ်လို့ ကျနော်တို့ သိရတယ်။ အသက်ကယ်လှေတွေ၊ လူနာတင်ယာဉ်တွေ၊ မီးသတ်ကားတွေ။ ကိုယ့်အပိုင်းနဲ့ကိုယ် တာဝန်ယူထားတာတော့ ရှိပါတယ်ခင်ဗျ။"

မုန်တိုင်းဖြတ်ကျော်ချိန်မှာ စစ်တွေခရိုင်နဲ့ မောင်တောခရိုင်က မြစ်ဝ၊ မြစ်လက်တက်တွေမှာ ပင်လယ်ဒီရေအမြင့် ၁၆ ပေကနေ ပေ ၂၀ ဝန်းကျင်အထိ ရှိနိုင်ပါတယ်။ ကျောက်ဖြူခရိုင်က မြစ်ဝ၊ မြစ်လက်တက်တွေမှာတော့ ၁၂ ပေကနေ ၁၆ ပေအထိ ပင်လယ်ဒီရေ တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အနီရောင်အဆင့် ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့အရှိန်ကြောင့် မြန်မာတပြည်လုံးမှာ ဒီကနေ့ ညနေကနေ မေလ ၁၅ ရက်နေ့အတွင်း မိုးထစ်ချုန်းရွာပြီး၊ နေရာကွက် မိုးကြီးနိုင်ပါတယ်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်း အပါအဝင် ချင်းပြည်နယ်တို့မှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီကို မိုင် ၇၀ ကနေ ၉၀ အထိ တိုက်ခတ်နိုင်ပါတယ်။ နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်း အပါအဝင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီကို မိုင် ၄၀ ကနေ ၆၀ အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ အဖျက်အားကောင်းခဲ့တဲ့ နာဂစ်မုန်တိုင်းနည်းတူ စစ်တွေမြို့အနီးကို ရောက်ရှိလာနေပြီး စစ်တွေနဲ့ မောင်တောမြို့ကြား ရသေ့တောင်အနီးကနေ ကမ်းတက်နိုင်တယ်လို့ မိုးလေဝသကျွမ်းကျင်သူ ဦးဝေဖြိုးအောင် ကလည်း ခန့်မှန်းထားပါတယ်။ မုန်တိုင်းကမ်းတက်ချိန်မှာ အနည်းငယ်အားလျော့ပြီး နာဂစ်မုန်တိုင်းနီးပါး တနာရီကို ၁၂၈ မိုင်နှုန်းနဲ့ လေတိုက်ခတ်နိုင်လို့ အခုတွက်ချက်မှုတွေ အရဆို ရခိုင်ပြည်နယ်ဟာ မုန်ုတိုင်းအန္တရာယ် အလွန်စိုးရိမ်ရတဲ့ အခြေအနေရှိလာလို့ ပြည်သူတွေ သတိပြုကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

XS
SM
MD
LG