သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးထိမိုးမိဆန္ဒပြသူတွေ အဖမ်းခံရ


မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် အပိုင်မှာရှိတဲ့ မိုးထိမိုးမိတောင်အောက်ဘက် ရွှေမြင်တင်ဘုရားအတွင်းမှာ မှီခိုနေကြတဲ့ ဒုက္ခသည် ရွှေတွင်းလုပ်သားတွေကို အာဏာပိုင်တွေက ဖမ်းဆီးနေခဲ့တာမှာ မနေ့က မတ်လ ၄ ရက်နေ့ ညနေပိုင်းမှာတော့ လက်ကျန် အလုပ်သမား အားလုံးကို ဖမ်းဆီးသွားခဲ့ပါတယ်။

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက မိုးထိမိုးမိတောင်မှာ ရွှေတူးဖော်ခွင့် ရထားပြီဖြစ်တဲ့အတွက် အလုပ်လက်မဲ့ ဖြစ်ကုန်ကြတဲ့ အသေးစား ရွှေတူးဖော်ရေးလုပ်ငန်းက အလုပ်သမားတွေဟာ ဆက်လက် ရွှေတူးဖော်ခွင့်ရရေး ဆန္ဒပြ တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒီအကြောင်းကို စုံစမ်းမေးမြန်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ခဲ့ပါတယ်။

မိုးထိမိုးမိတောင်က ဆင်းလာတဲ့ ရွှေလုပ်သား ၁၀၀ ခန့်ဟာ ရွှေမြင်တင်ဘုရား ဇောင်းတန်းမှာ နေထိုင် သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ မိုးထိမိုးမိတောင်မှာ ရွှေတူးဖော်ခွင့်ရထားတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီနဲ့ သူတို့ ရွှေလုပ်သားတွေကြား ညှိနှိုင်းပေးဖို့ ဆန္ဒပြရင်း တချို့လည်း ဖမ်းဆီးခံထားရပြီး တချို့လည်း တရားစွဲဆို ခံထားရတာပါ။

မတ်လ ၄ ရက်နေ့မှာတော့ ကလေး၊ လူကြီး သက်ကြီးရွယ်အိုများပါတဲ့ လက်ကျန် ရွှေလုပ်သားတွေကို ရွှေမြင်တင်ဘုရား ဇရပ်တွေကနေ အာဏာပိုင်တွေက လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း ရွှေမြင်တင်ဘုရားမှာရှိတဲ့ သံဃာတပါးက မိန့်ပါတယ်။

“၅ နာရီထိုးမှာ လာဖမ်းသွားတယ်။ သူတို့ကို ၆ နာရီမတ်တင်းမှာ ရမည်းသင်းထောင်အချုပ်ကို တခါတည်း ခေါ်သွားတယ်။ ရဲအင်အား ၁၅၀ နဲ့ အဖွဲ့အစည်းနဲ့ဆိုတော့ လူအင်အား ၂၀၀ လောက်နဲ့ လာဖမ်းသွားတာ။ လျှောလျှောလျှူလျှူ အဖမ်းခံတဲ့အတွက်ကြောင့်မို့ ဘာမှတော့ မဖြစ်သွားဘူး။ အချုပ်ကားပေါ်ကို ခေါင်းဆောင်လိုလို လှုပ်ရှားမှုရှိတဲ့ကောင်တွေကို လက်ထိပ်ခတ်ပြီးတော့ အချုပ်ကားပေါ်တင်သွားတယ်။ အမျိုးသမီးတွေရော၊ ကလေးတွေရော၊ ယောကျာ်းသားတွေရော အကုန်လုံးကို တခြားကားနဲ့ တင်သွားတယ်။ အဲ့ဒီမှာ မြို့နယ်မှူးကလည်း ဦးဇင်းကိုပြောတယ်။ ဦးဇင်း တပည့်တော်တို့ ဖမ်းတော့မှာ။ ဝိုင်းတော့မှာ။ အဲ့ဒါ ဦးဇင်းကျောင်းကို လာမယ်ဆိုရင် ဦးဇင်း လက်မခံနဲ့။ လက်ခံရင် ဦးဇင်းကိုပါ ဖမ်းမယ်ဆိုပြီး သတိလှမ်းပေးတယ်လေ။ အမျိုးသားတိုးတက်ကြီးပွားရေးကုမ္ပဏီက သူတို့ကို နိုင့်ထက်စီးနင်းလုပ်ပြီးတော့ နားလှည့်ပါးရိုက်လုပ်လို့ သူတို့အဖွဲ့က မခံနိုင်လို့ သူတို့ဆန္ဒပြနေတာ ၄ လကျော်သွားပြီ။ ဘာအဖြေမှ သဲသဲကွဲကွဲမရလို့ သူတို့က ငုတ်တုတ်ထိုင်ပြီးတော့ ဆန္ဒပြတာ။”

မိုးထိမိုးမိရွှေလုပ်သားတွေဟာ မိုးထိမိုးမိတောင်မှာ ပြန်လည် လုပ်ကိုင် စားသောက်ခွင့် ရဖို့အတွက် သူတို့ရဲ့နစ်နာမှုတွေအတွက် ဆန္ဒပြခွင့်တောင်းဆိုခဲ့ပေမဲ့ ခွင့်ပြုမိန့်များ ပယ်ချခံခဲ့ရတာပါ။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက ထောင်နဲ့ချီရှိတဲ့ ရွှေလုပ်သားတွေဟာ ခွင့်ပြုမိန့်မရဘဲ ဆန္ဒထုတ်ဖော်မှုတွေလုပ်ခဲ့ပြီး ရန်ကုန်မှာရှိတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီထိ သွားရောက်ဆန္ဒပြပြီး အသေးစား ရွှေတူးဖော်ခွင့်လုပ်ငန်းတွေ ရဖို့အတွက် တောင်းဆိုခဲ့ကြတာပါ။

ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်မှု ပုဒ်မ ၁၈၊ ဆူပူမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ ရွှေလုပ်သားတွေကို အာဏာပိုင်တွေက ဖမ်းဆီးပြီး ခေါင်းဆောင်ပိုင်းကို ထောင် ၆ လစီ ချလိုက်ပါတယ်။ ပြီးခဲ့တဲ့လတွေတုန်းကပဲ ရဲတွေနဲ့ ဆန္ဒပြတဲ့ ရွှေလုပ်သားတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ရွှေလုပ်သားတချို့ရမည်းသင်းဆေးရုံ ပို့ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ တချို့ကိုတော့ ဖမ်းဆီးထားတာပါ။ ကျန်နေတဲ့ ရွှေလုပ်သား ဒုက္ခသည် ၅၀ ခန့်ကို ဖမ်းဆီးသွားတာနဲ့ပတ်သက်ပြီး ရမည်းသင်းခရိုင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ -

“အဲ့ဒါတော့ ကျနော်တို့ဘက်က မသိရဘူးခင်ဗျ။ ကျနော်တို့က ဒီမှာပဲထိုင်တာဆိုတော့။”

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီအနေနဲ့ မိုးထိမိုးမိတောင် ရွှေထုတ်လုပ်မှု အသေးစား လုပ်ငန်းတွေကနှေ အကြီးစားလုပ်ငန်းတွေကို ပြောင်းလဲလုပ်ကိုင်ဖို့အတွက် စီစဉ်နေတဲ့အတွက် အကျိုးတူ ပူပေါင်းလုပ်ခဲ့တဲ့ အလုပ်သမားများဘက်ကလည်း နစ်နာမှုရှိတယ်ဆိုပြီး ညှိနှိုင်းပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG