သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးကုတ် နှစ် ၈၀၀ ပြည့်ပွဲတော် စတင်


မိုးကုတ်ဒေသမှာ ခရီးသွားလုပ်ငန်းနဲ့ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကထားလုပ်ဆောင်ပေးသွားမယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြာလိုက်ပါတယ်။ မိုးကုတ်ဒေသကို ဘက်စုံ ဖွံ ့ဖြိုးတိုးတက်လာစေရေးအတွက် ရည်ရွယ် ကျင်းပတဲ့ မိုးကုတ် နှစ် ၈၀၀ ပြည့်အခမ်းကို တက်ရောက်လာတဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အဲဒီလို ပြောကြားလိုက်တာပါ။ ဒီအကြောင်း မိုးကုတ်မြို့မှာ ကိုယ်တိုင် သတင်းသွားယူနေတဲ့ မမေခက သတင်းပေးပို့ထားပါတယ်။

မိုးကုတ်မြို့ နှစ် ၈၀၀ပြည့်ပွဲမှာ မိုးကုတ်မြို့ဖွံ့ဖြိုးတိုးတက်စေဖို့ လုပ်ဆောင်ပေးသွားမယ့် ရှေ့လုပ်ငန်းစဉ်နဲ့ပတ်သတ်ပြီး ဗွီအိုအေက မေးမြန်းတာမှာ ဒေါက်တာ ဇော် မြင့်မောင်က အခုလို ပြန်လည် ဖြေကြားခဲ့ပါတယ်။

"ဝန်ကြီးချုပ်တဦးအနေနဲ့ ဘာလုပ်ပေးစေချင်သလဲဆိုတော့ Tourist Destination တခု ဖြစ်ခိုင်စေချင်တယ်။ နောက်ပြီးတော့ Gems and Jewelry က မြန်မာပြည်က ထွက်တဲ့ မိုးကုတ်ဆိုတဲ့ မြို့ကလေးကထွက်တဲ့ဟာတွေကို ဥရောပကို ရောက်စေချင်တယ် အဲဒီအတွက်မျှော်မှန်းပြီး ဒါကိုလုပ်တာပါ။ လုပ်ပေးနိုင်တာ ဒါတခုရှိတာပေါ့နော်။"

ပထမဆုံးအနေနဲ့ မြို့ဒေသ နှစ်ပြည့်ပွဲကို ကျင်းပတာမှာ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအတွက် အလေးထားစီစဉ်ဆောင်ရွက်ကာ မြို့ တွင်း နေထိုင်ကြတဲ့ လူမျိုးစုတိုင်းက စည်းလုံးမှုကို ပြသစေတဲ့ ပွဲတော်ဖြစ်တယ်လို့ မြို့ခံတွေကဆိုပါတယ်။ ခရီးသွားလုပ်ငန်းတွေ ဖွင့်ဖြိုးဖို့နဲ့ ဒေသတွင်းတိုးတက်ဖို့ ရည်ရွယ် ချက်တွေနဲ့ မိုးကုတ်မြို့နှစ် ၈၀၀ပြည့်ပွဲကို စီစဉ်ကြတာဖြစ်တယ်လို့ ပွဲစီစဉ်ကျင်းပတဲ့ကော်မတီ ဒုဥက္ကဌ ဦးကျော်ဇင်သက်ကဆိုပါတယ်။

"ကျနော်ကတော့ မိုးကုတ် နှစ် ၈၀၀ ကို ကျနော်တို့မြို့ရဲ့ လူမျိုးဘာသာပေါင်းစုံ အေးချမ်းစွာအတူယှဉ်တွဲနေထိုင်တဲ့ ဂုဏ်ပုဒ်ကို ဖော်ဆောင်ချင်တယ် ကျနော်တို့ မိုးကုတ်မြို့ရဲ့ ခရီးသွားလာရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက်ဆောင်ရွက်ချင်တယ်။ နောက်ပြီးတော့ ကျောက်မြတ်ရတနာဈေးကွက်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျနော်တို့ ရည်ရွယ်တယ်။ ပြီးတော့ အလွှာစုံ ကဏ္ဍစုံမှာ ဖွံ့ဖြိုးတိုးတက်ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့လုပ်တာဖြစ်ပါတယ်။”

မြို့ခံတွေကတော့ ဆယ်စုနှစ်တခုကြာ စည်းကားသိုက်မြိုက်မှု ဝေးကွာနေတယ်လို့ ဆိုကြပါတယ်။ ဒီလို စည်ကားသိုက်မြိုက်မှုတွေ ပြန်လည်ပေါ်ပေါက်လာဖို့ ရည်ရွယ်ထားတဲ့ ဒီမိုးကုတ်မြို့မှာ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာနိုင်ဖို့အတွက် မြို့ခံတွေကလိုလားကြပါတယ်။ ဒါပေမယ့် ဒီဒေသကို နိုင်ငံခြားခရီးသွားတွေ လာရောက်ခွင့် ပိတ်ပင်ထားဆဲ ဖြစ်တာကြောင့် ဒေသခံတွေ မျှော်လငိ့ထားသလို စည်ကားသိုက်မြိုက်တဲ့ မြို့တခု ဖြစ်လာရေး အလှမ်းကွာဝေးနေဆဲပါ။

ဒီနှစ် ၈၀၀ ပြည့်ပွဲကိုလာရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံသား Michael Shara ကတော့ ဒီမြို့အပေါ် သူ့ရဲ့အမြင်ကို အခုလိုမှတ်ချက်ပေးပြောဆိုလိုက်ပါတယ်။

"အရမ်းကို ချစ်ဖို့ကောင်းတဲ့နေရာပါ။ ကျနော်ဒီကို တခါမှ မလာဖူးပါဘူး။ အရမ်းကို ကောင်းပါတယ် ပျော်ဖို့လည်းကောင်းပါတယ်။ လူတွေကလည်း ဖော်ရွေကြပါတယ်။ အစားအသာက်ကလည်း အရမ်းကို ကောင်းပါတယ်။ ဂီတတွေနဲ့ ကခုန်တာလည်း ပျော်ဖို့ကောင်းပါတယ် လူတွေလာလည်သင့်ပါတယ် နိုင်ငံခြားသားတွေအတွက်အရမ်းကောင်းတဲ့နေရာတခုပါပဲ။"

တကယ်တော့ ပတ္တမြားမြေလို့တင်စားခေါ်ဝေါ်ကြတဲ့ မိုးကုတ်မြို့ဟာ နာမည်ကျော် ကျောက်မျက်ရတနာ မျိုးစုံထွက်ရှိရာနေရာတခုဖြစ်ပေမယ့် ဒေသတွင်းနေ ထိုင်သူတွေအတွက်ကတော့ အကျိုးခံစားခွင့်နည်းနေကြဆဲ ရှိတယ်လို့ ဆိုပါတယ်။ မိုးကုတ်မြို့ခံတဦးဖြစ်တဲ့ ကျောက်မျက်ကုန်သည် ဦးဖုန်းမြင့်ကြည်ကလည်း မိုးကုတ်မြို့ကြီးနဲ့ပတ်သတ်လို့ မြို့ခံတဦးရဲ့မေ ျှာ်လင့်ချက်ကို အခုလိုဆိုသွားပါတယ်။

“ကျောက်မြတ်ရတနာရောင်းဝယ်ရေးလုပ်ငန်းတွေအားလုံးက ကမ္ဘာကသိပြီးတော့မှပေါ့နော် နဂိုကလည်း သိပြီးသားဖြစ်တယ်။ အခုပိုပြီးတော့သိလာမယ် ပိုပြီးတော့ စီးပွားရေးတွေ တိုးတက်လာမယ်လို့ မျှော်လင့်ထားပါတယ်။”

၂.၆၈ စတုရန်းမိုင်ကျယ်ဝန်းတဲ့ မိုးကုတ်မြို့ကို အများက ပတ္တမြားမြေလို့သိကြပေမယ့် မိုးကုတ်မြို့ဟာ ပတ္တမြားတမျိုးထဲထွက်ရှိတာမဟုတ်ဘဲ နီလာ၊ ဥဿဖျား၊ ပြောင်ခေါင်းစိမ်း၊ ဂေါ်မုတ်၊ စလင်း၊ ထပ်တရာ အစရှိတဲ့ အဖိုးတန်ကျောက်မျက်ရတနာမျိုးတွေလည်းထွက်ရှိပါတယ်။

မြန်မာဘုရင်အဆက်ဆက် အထွဋ်အမြတ် ထားခဲ့တဲ့ ပတ္တမြားငမောက် အမည်ရတဲ့ ပတ္တမြားဟာ မိုးကုတ်ဒေသကထွက်ရှိတာဖြစ်ပြီး လက်ရှိအချိန်ထိ နာမည်ကျော်ကျောက်မျက် ရတနာများစွာထွက်ရှိနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG