သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တော်ပြန် ရှစ်လေးလုံးခေါင်းဆောင်များ အစိုးရဝန်ကြီးများနဲ့တွေ့


Moe Thee Zun
Moe Thee Zun
လက်ရှိ မြန်မာနိုင်ငံထဲက ပြုပြင် ပြောင်းလဲမှု လုပ်ငန်းတွေ အပေါ်မှာ အားရကျေနပ်မိတယ်လို့ မကြာခင်ကမှ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုမိုးသီးဇွန်က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ အပြန်အလှန် သံသယဖြစ်မှုတွေ ကင်းရှင်းပြီးတော့ အပြောင်းအလဲ အတွက် ပူပေါင်း လုပ်ဆောင်သွားကြဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။ ကိုမိုးသီးဇွန်အပါအဝင် ပြည်ပကနေ မကြာခင်ကမှ ပြန်လည် ရောက်ရှိလာတဲ့ အတိုက်အခံ ခေါင်းဆောင်တချို့နဲ့ နိုင်ငံတော်သမ္မတ ရုံးက ပြည်ထောင်စု ဝန်ကြီး နှစ်ဦးတို့ ဒီကနေ့ ရန်ကုန်မှာ တွေ့ဆုံခဲ့ပါတယ်။ ရန်ကုန်မှာ ရောက်နေတဲ့ ကိုမိုးသီးဇွန်ကို ကိုသားညွှန့်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။

ဒီကနေ့ တွေ့ဆုံမှုနဲ့ပတ်သက်လို့ ကိုမိုးသီးဇွန်က အခုလို စ ပြောပြပါတယ်။
“ကျနော်တို့ မြန်မာပြည်မှာ ငြိမ်းချမ်းရေး ရဖို့ပေါ့ဗျာ၊ နောက်တခုက တိုင်းပြည် ပြန်လည် ထူထောင်ရေးကိစ္စတွေကို ကျနော်တို့ ဆွေးနွေးကြပါတယ်။ အဓိက ကတော့ ဝန်ကြီး ဦးအောင်မင်း ရယ်၊ ဝန်ကြီး ဦးစိုးသိန်း ရယ် ကျနော်တို့ တွေ့ဖြစ်ပါတယ်။ စကား ပြောဖြစ်တယ်။”

ထူးထူးခြားခြား သဘောတူညီချက်တွေ ရတာမျိုး ရှိပါလား။ -

“တွေ့ဆုံ ဆွေးနွေးမှုတွေ အရ အလွန် တိုးတက်ပါတယ်။ အလွန် အားရကျေနပ်ပါတယ်။ အစိုးရအဖွဲ့ကနေပြီးတော့ လက်ရှိ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကို ဘယ်လို ကြိုးပမ်း ဆောင်ရွက်နေတယ် ဆိုတဲ့အကြောင်း၊ နောက်ပြီးတော့ အခက်အခဲတွေလည်း ရှိတဲ့အကြောင်းပေါ့နော်။ အဲဒီတော့ ကျနော်တို့ မရောက်ခင်ကတော့ ကျနော်တို့မှာလည်း သံသယတွေ ရှိတယ်။ မယုံကြည်မှုတွေ ရှိတယ်။ အခုတော့ စပြီး ယုံကြည်မှုတွေ ဖြစ်လာတာပေါ့ဗျာ။ ဆိုတော့ ယုံကြည်လောက်တဲ့ ပြောင်းလဲချင်တဲ့ဆန္ဒတွေ ဝန်ကြီး နှစ်ပါးဆီက တွေ့ရတယ်။”

ကိုမိုးသီးတို့ ဒီလာတဲ့ခရီးစဉ်က သမ္မတရဲ့ ဖိတ်ကြားချက်လို့ သိရပါတယ်ခင်ဗျ။ သမ္မတ ဦးသိန်းစိန် နဲ့ရော တွေ့ဆုံဖို့ ရှိပါလား။ -

“တွေ့ဖို့ အစီအစဉ် ရှိပါတယ်။”

ကိုမိုးသီး မြန်မာပြည်ကို ပြန်မရောက်တာ ကြာပြီ။ အခု မြန်မာပြည်ကို ရောက်ပြီ။ မနေ့ကလည်း လေဆိပ်မှာ တော်တော်လေး ကြိုကြတာ တွေ့ရပါတယ်။ ကိုမိုးသီး ဘယ်လိုများ ခံစားမိလဲ။ မြန်မာပြည်ပြန်ရောက်တဲ့အခါ အခြေအနေက -

“မရောက်တာ ကြာတော့ဗျာ၊ မြန်မာပြည်ကိုရော အမြဲတမ်း သတိရနေတာပေါ့။ ပျော်တာပေါ့။ ဒီကိုရောက်တဲ့ အခါကျတော့လည်း ပြည်သူလူထုတွေ ကြုံတွေ့နေရတဲ့ စီးပွားရေး အခက်အခဲ ပြဿနာတွေကို ကျနော် မြင်ရတာပေါ့ဗျာ။ အဲဒီအတွက်လည်း စိတ်မကောင်းဘူးပေါ့။ ကျနော် မြင်တာကတော့ မြန်မာပြည်ဟာ စီးပွားရေး ပြဿနာကို အမြန်ဆုံး ဖြေရှင်းဖို့ လိုပါတယ်။”

ကိုမိုးသီး အနေနဲ့ ရှေ့ဆက် နိုင်ငံရေး အခြေအနေကိုရော၊ နိုင်ငံရေး လုပ်ဖို့ကိုရော ဘယ်လိုမျိုး စဉ်းစားထားပါသလဲ။ -

“ကျနော် ဒီကို ရောက်လာတဲ့အခါကျတော့ဗျာ၊ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒီနေ့ ဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေး ပြဿနာကြီးကို အလေးထားရေးအမြင်နဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ မြန်မြန်ဆန်ဆန် လျှောက်နိုင်ဖို့ ကျနော် ကျရာနေရာကနေ လုပ်ပေးချင်တာ ပိုများလာတယ်ဗျ။ ကျနော်တို့ အားလုံးဟာ အစိုးရကနေပြီး ပြည်သူတွေကို မယုံကြည်တဲ့ သံသယတွေ ကြီးနေတဲ့အချိန်မှာ၊ ဒီနေ့ အင်တာဗျူးတွေမှာလည်း ပြောပြပါတယ်။ ဒီမိုကရေစီ အင်အားစုတွေ ကြားထဲမှာလည်း သံသယတွေ ဖြစ်နေတယ်။ အဲဒါကြီးကိုက ကျနော်တို့ ပတ်ဝန်းကျင် တခုလုံးမှာ ဖြစ်နေတယ်။ အဲဒီတော့ အဲဒါတွေ အကုန်လုံးဟာ ဘာ သံသယတွေလဲ ဆိုတော့ ပေါ်လစီပိုင်းဆိုင်ရာ သံသယတွေ ဆိုတာထက် တယောက်နဲ့ တယောက် နိုင်ငံရေး ပြဿနာတွေအပေါ်မှာ အခြေခံသွားတဲ့ဟာတွေ၊ အဲဒီလိုသာ သံသယရှိနေမယ်၊ တယောက်နဲ့တယောက် ဒီကွင်းထဲက ပယ်ထုတ်နေမယ် ဆိုရင် ကျနော်တို့ တိုင်းပြည်ဟာ ဘာမှ အဖြေမှန်မရဘဲ တဝဲလည်လည် ဖြစ်နေမယ်။ အဲဒါကြောင့်မိုလို့ ကျနော်တို့က ဒီအပြောင်းအလဲကို ကဲ - လာ လက်တွေ့ လုပ်ကြမယ်။ အဲဒီတော့ ကျနော်တို့က ဒီမိုကရေစီရေးကို ဦးတည်သွားချင်တယ်။ အားလုံး ပါဝင်နိုင်တဲ့ ပုံစံမျိုးကို အစိုးရက ဖန်တီးပေးဖို့လိုတယ်။ အဲဒါဆိုရင် အစိုးရ အခု ရင်ဆိုင်နေရတဲ့ စီးပွားရေး ပိတ်ဆို့မှု ပြဿနာ၊ ပြည်တွင်းစစ် ပြဿနာကို ကျနော်တို့ ကူညီ ဆောင်ရွက် ပေးနိုင်တယ်။ အဲဒီဟာကလွဲလို့ ကျနော် နိုင်ငံရေး ပါတီတွေ ထောင်ဖို့၊ ရွေးကောက်ပွဲတွေ ဝင်ဖို့ ဆိုတာ ကျနော်က ဆန္ဒ သိပ်မရှိတော့ဘူး။”

ဒေါ်အောင်ဆန်းစုကြည် တို့ ဘာတို့နဲ့ရော တွေ့ဖို့ရှိပါလားခင်ဗျ။ -

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော် တွေ့ချင်တယ်။ အဓိက လာတဲ့အထဲမှာ ဒေါ်စုကို တွေ့ချင်တာ လည်း ပါတယ်။ အဲဒီတော့ ဒေါက်တာ တင်မျိုးဝင်းနဲ့ ကျနော် ဖုန်းဆက်တယ်။ ကျနော့် message ကို ပို့ပေးဖို့ ကျနော် ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မျက်နှာကို မတွေ့ရတာလည်း ၂၄ နှစ်ရှိပြီ။ အဲဒီတော့ ကျနော် တွေ့ချင်တဲ့အကြောင်း ဒေါက်တာ တင်မျိုးဝင်းကတဆင့် အကြောင်းကြား ထားပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ခရီးထွက်နေတယ် လို့လည်း သိရပါတယ်။ သူ ပြန်လာမယ်ဆိုရင်တော့ ကျနော်တို့ သင့်လျော်တဲ့အချိန်မှာ ကျနော်တို့ တွေ့ဖို့ အစီအစဉ် ရှိတယ်။”

ကိုမိုးသီးဇွန်ကို ကိုသားညွှန့်ဦး ဆက်သွယ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ကိုမိုးသီးဇွန်တို့အဖွဲ့ဟာ ဒီကနေ့မှာ ရန်ကုန်မြို့မှာရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ရုံးမှာ ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
XS
SM
MD
LG