သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးဗြဲ ငါးရက်တာတိုက်ပွဲ အရပ်သားထိခိုက်သေဆုံးမှုရှိ


စစ်ပြေးဒုက္ခသည်များ (Photo: မိုးဗြဲ PDF)
စစ်ပြေးဒုက္ခသည်များ (Photo: မိုးဗြဲ PDF)
ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်နေတာ ၅ရက်ရှိသွားပြီးလို့ ပရဟိတကယ်ဆယ်ရေးလုပ်နေသူတွေက ဗွီအိုအေကို ပြောပါတယ်။ ၅ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေပစ်ခတ်လို့ အရပ်သား ၈ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး ၁၁ ဦးရှိလာပြီလို့ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို နန်လောဝ်ပြောပြမှာပါ။
ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့မှာနှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ပြင်းပြင်းထန်ထန် ကြားနေရတဲ့အကြောင်း ပရဟိတ ကယ်ဆယ်ရေးလုပ်နေသူတဦးက ဗွီအိုအေကို ပြောပါတယ်။
“(ဒီနေ့)၂နာရီခွဲကနေစ ၅နာရီအထိတော့ လက်နက်ကြီးရော လက်နက်ငယ်ရော အဲ့လိုမျိုးပစ်ခတ်တာပေါ့။ မိုးဗြဲမြို့ပေါ်မှာ အဲ့ဒီကျနော်တို့ရဲ့ စည်ကား(၂)ရပ်ကွက်တွေ ပေါ်ဦး(၁)ရပ်ကွက်တွေ အားလုံးက ထိခိုက်မှုတော့ရှိကြတာပေါ့။”
လက်နက်ကြီးကြောင့် အရပ်သားသေဆုံးမှုနဲ့ နေအိမ်မီးလောင်မှုရှိတယ်လို့ သိရပါတယ်။
မိုးဗြဲအခြေစိုက် ခမရ (၄၂၂) က မိုးဗြဲမြို့ဖက်ကို စစ်ကြောင်းဆင်လာတဲ့အတွက်
ကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်သွားတာလို့ ဒေသခံတွေပြောပါတယ်။ စစ်ကောင်စီဖက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်မှုရှိတယ်လို့ ပရဟိတကယ်ဆယ်ရေးလုပ်နေသူတဦးက ပြောဆိုပါတယ်။
“တိုက်ပွဲ ဒီနေ့တော့ အပြင်းထန်ဆုံးပေါ့။ ဒီနေ့တော့ ကြာတာပေါ့ ၂နာရီခွဲကနေ ၅နာရီအထိဖြစ်တယ်၊ အရင်ရက်ကတော့ ခဏလောက်ပဲပေါ့နော်၊ ၁၅ မိနစ် ၁၀မိနစ်လောက်ပါပဲ၊ (တိုက်ပွဲဖြစ်တာ)ဒီနေ့နဲ့ဆို ၅ရက်ရှိပြီ။ လက်နက်ကြီးကတော့ ဒီလက်နက်ငယ်တွေ ကြားတာနဲ့တော့ ပစ်ပြီးသားပဲပေါ့နော်၊ ဒါကတော့ သူထုံးစံပဲလေ၊ အမြဲတမ်းတော့ ပစ်နေကြပဲပေါ့နော်။ တိုက်ပွဲရှိတဲ့နေရာလည်း ပစ်တယ်။ မရှိတဲ့နေရာလည်း ရောက်တာပေါ့နော်။ မရှိတဲ့နေရာဆိုတော့ သူတို့ ခန့်မှန်းခြေပေါ့။ သူတို့ရဲ့ ရန်သူရှိမယ်ထင်တဲ့နေရာတွေ ခန့်မှန်ခြေသူတို့ ပစ်တာလည်း ရှိတယ်၊ ဒါပေမယ့် ပြည်သူတွေပဲ ထိကြတယ်ပေါ့နော်။”
၅ ရက်တာတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ၈ဦးသေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး ၁၁ ဦးရှိလာပြီးလို့လည်း သူက ပြောပါတယ်။
“သေဆုံးကတော့ ၈ယောက်ရှိပြီး နေအိမ်ပျက်စီးမှုကတော့ အတည်မပြုနိုင်သေးဘူးပေါ့နော်။ ခန့်မှန်းခြေလောက်ပဲ ရှိသေးတာ၊ နေအိမ်ပျက်စီးမှုက ခန့်မှန်းခြေဆိုရင်တော့ ၅လုံး ၆လုံးတော့ရှိမယ်၊ ပြည်သူအရပ်သားသေဆုံးမှုက ၈ယောက်လောက်ရှိတယ်ပေါ့နော်၊ လက်နက်ကြီးမိလို့ သေတာမျိုးများတယ်ဗျ၊ ဒီတိုက်ပွဲအတွင်းမှာတော့ မဟုတ်ဘူးပေါ့။ ထိခိုက်တဲ့လူလည်း ရှိတယ်ဗျာ… ၁၁ ယောက်တော့ အတည်ပြုထားတယ်ဗျ။ လောလောဆယ်တော့။”
ဒါကြောင့် မြို့ထဲက ဒေသခံအတော်များများက ဘေးကင်းတဲ့နေရာကို ပြောင်းရွှေ့နေရပြီလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၇ရက်နေ့ ၂၈ ရက်နေ့တုန်းကလည်း မိုးဗြဲမြို့မှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ အဲ့တုန်းက လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၂ဦးသေဆုံးပြီး အရပ်သား ၉ ဦးထက်မနည်း ဒဏ်ရာရရှိတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူက ဗွီအိုအေကို ပြောထားပါတယ်။
တိုက်ပွဲကြောင့် ထိခိုက်သေဆုံးသူတွေ ပိတ်မိနေသူတွေကို ဝင်ရောက် ကယ်ဆယ်ဖို့က အလွန်ခက်ခဲတဲ့ အကြောင်း ပရဟိတ ကယ်ဆယ်ရေးလုပ်နေသူက ပြောပါတယ်။
“တိုက်ပွဲရဲ့ အတောအတွင်းမှာ ကယ်ဖို့တော့ မလွယ်ဘူးပေါ့နော်။ မလွယ်ပေမယ့် ဒါပေမယ့် ဒီအဆင်ပြေလောက်မယ့် နေရာကနေဝင်တိုး စုံစမ်းရတာပေါ့။ ဘယ်နေရာဝင်လို့ရမယ် လုံးဝဝင်လို့မရဘူးဆိုရင် ပြည်သူတွေနဲ့ အဆင်ပြေသလို ထွက်လာခိုင်းတယ်ပေါ့ နော်။ နေရာရွှေရတာပေါ့၊ အဲ့လိုမျိုးတွေပဲ လုပ်ပေးရတယ်။ အခက်အခဲတော့ ရှိပါတယ်။ တိုက်ပွဲနေရာဝင်ဖို့ဆိုတာလည်း မလွယ်ဘူးလေနော်။ သူက တိုက်ပွဲစ လက်နက်တွေက တအားထုတဲ့အခါကျတော့လေ။”
တိုက်ပွဲကာလအတွင်း သွားလာရေးခက်ခဲတာကြောင့် ဒဏ်ရာပြင်းထန်တဲ့သူတွေ ဆေးကုသမှု သေချာမခံယူရလို့ အသက်ဆုံးရှုံးမှုတွေရှိတယ်လို့လည်းပြောပါတယ်။ တိုက်ပွဲကြောင့် ဒေသခံတွေ မကြာခဏ ဘေးလွတ်ရာကို ပြေးလွှားနေရပြီး ကျန်းမာရေးအခက်အခဲ စားသောက်ရေးအခက်အခဲစတဲ့ ဒုက္ခမျိုးစုံ ကြုံတွေ့နေရတယ်လို့လည်း ကူညီကယ်ဆယ်ရေးလုပ်သားတွေက ပြောပါတယ်။
မိုးဗြဲတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဖက်က တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ မိုးဗြဲကာကွယ်ရေး တပ်ကတော့စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာကြောင့် ဒေသခံကာကွယ်ရေး တပ်ပေါင်းစုတွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG