သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မိုးကုတ်မြို့နယ် ရေကြီး၊ မြေပြိုမှု လူ ၅ ဦးသေ


မိုးကုတ်မြို့ ရေကြီးမြေပြိုမှု သတင်းဓာတ်ပုံ ဇွန် ၁၄၊ ၂၀၁၈။ (ဓာတ်ပုံ-Mogok Views)

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်ဘက်မှာ ရေကြီးမြေပြိုမှုကြောင့် လူ (၅) ဦး သေ ဆုံးခဲ့တယ်လို့ ဒေသခံလွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။ ဒီရက်ပိုင်း အတွင်း မြန်မာနိုင်ငံရှိ ဒေသတချို့ မှာ ရေကြီးခြင်း၊ မြေပြိုခြင်း အန္တရာယ်တွေ ကြုံတွေ့နေ ရသလို ရေဘေးဒုက္ခသည်တွေ ပိုမိုတိုးပွါးလာနေတာ ပါ။ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က ဆက်သွယ် မေးမြန်းသတင်းပေးပို့ ထားပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အနောက်ပိုင်းဘက်မှာ မြေပြိုခဲ့တာကြောင့် လူ ၅ ဦးသေဆုံးခဲ့ပြီး အနီးပတ်ဝန်းကျင် အိမ်ခြေတွေက လူ (၇၀) နီးပါး ပြောင်းရွှေ့ ထားရ တယ် လို့ မိုးကုတ်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က ပြောပါတယ်။

"တမြန်နေ့က မနက် (၄) နာရီလောက်ပေါ့နော်။ ကသဲကျေးရွာအုပ်စု အောင်သစ်လွင် ကျေးရွာ မှာပါ။ တောင် စောင်းလေးမှာ တင်ထားတဲ့ အိမ် (၃) အိမ်ပြိုပါတယ်။ နှစ်အိမ်က လူတွေက အိမ်ပြိုမှာစိုးလို့ ရှောင်ရှား သွားလို့ အထိခိုက်မရှိပါဘူး။ တအိမ်မှာရှိတဲ့မိသားစု (၅) ယောက်ကတော့ အကုန် အသက်ဆုံးသွားပါတယ်။ အမျိုးသမီး တယောက်၊ အမျိုးသား (၄) ယောက်ပေါ့နော်။ ကျောင်းသား (၂) ယောက်ပါတယ်။ အိမ်ခြေ (၂၀) လောက်က စိုးရိမ်ရတဲ့အိမ်တွေဖြစ်လို့ ဖယ်ရှားပြီးတော့ သင့်တော်ရာမိသားစုဆီမှာ သွားခိုအောင်းနေပါတယ်။ လူ (၇၀) လောက်က တရုတ်ဘုံကျောင်းမှာ ခေတ္တ တည်းခိုနေပါတယ်။ အိမ်ခြေ (၃၆) အိမ်လောက်ပေါ့ခင်ဗျာ။"

မိုးကုတ်မြို့ ရေကြီးမြေပြိုမှု သတင်းဓာတ်ပုံ။ (ဓာတ်ပုံ-Mogok Views)
မိုးကုတ်မြို့ ရေကြီးမြေပြိုမှု သတင်းဓာတ်ပုံ။ (ဓာတ်ပုံ-Mogok Views)

မိုးကုတ်မြို့နယ်၊ ကသဲအုပ်စု၊ အောင်သစ်လွင်ကျေးရွာမှာ ဇွန်လ ၁၄ ရက်၊ နံနက်ပိုင်း မှာ ဖြစ်ပွားခဲ့ပြီး မန္တလေး တိုင်းဒေသကြီး၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေ ဒီကနေ့ သွားရောက်တွေ့ဆုံပြီး ကူညီထောက်ပံ့ပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့ ဦးစောသောင်းတင်က ပြော ပါတယ်။

"မန္တလေးလူကယ်ပြန်ကနေ ကျနော်တို့ ရန်ပုံငွေတွေလာပြီး ပေးအပ်ပါတယ်။ အိမ်ထောင် သုံး ပစ္စည်း (၁၁) မျိုး ပေးအပ်ပါတယ်။ သေဆုံး သူတွေအတွက် တယောက်ကို သုံးသိန်း လာချီးမြှင့်ပါတယ်။ ဒဏ်ရာရသူအတွက် လေးသောင်း ငါးသောင်း၊ အဲဒီလိုချီးမြှင့်ပါတယ် ခင်ဗျ။"

လတ်တလောမြေပြိုနေတဲ့နေရာတွေကတော့ မိုးကုတ်မြို့အဝင် ဘီးတောင်၊ ပိန်းပြစ်စတဲ့ နေရာတွေမှာ ဖြစ်ပြီး နေအိမ် အချို့တော့ ပျက်စီးနေတယ်လို့ ဦးစောသောင်းတင်က ပြော ပါတယ်။

ဒီရက်ပိုင်းတွေမှာ မိုးသည်းထန်စွာလေပြင်းတိုက်ခတ်နေတဲ့အတွက် မြန်မာနိုင်ငံဒေသ အနှံ့အပြားမှာ ရေကြီးမှု နေအိမ်ပျက်စီးမှုတွေ ဖြစ်ပေါ်နေ ပါတယ်။

ဒီကနေ့မနက်မှာ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း လေပြင်းတိုက်လို့ အိမ်ခြေ (၅၀) နီးပါးပျက်စီးသွား တယ်လို့ ကရင်ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး မင်းတင်ဝင်းက ပြောပါတယ်။

"ဒီကနေ့မှာ မနက်(၁၀)နာရီလောက်က ဒေါ်လန်းကျေးရွာအုပ်စု ဒေါ်လန်းမွန်စုနဲ့ ဒေါ်လန်းကော့တာ ဆိုတဲ့ရွာ အိမ် (၃၈) လုံးလောက် လေပြင်းတိုက်ပြီးတော့ အမိုးလွင့်တဲ့ အိမ်ကလွင့်တယ်။ အိမ်ပြိုတဲ့အိမ်ကပြိုတယ်ပေါ့နော်။ ဒေါ်လန်း အတွက် အခု ကျနော်တို့ အဆင်သင့်ပြင်ပြီးသွားပြီး။ ဒီကနေ့မှီရင်မှီ မမှီရင်မနက်ဖြန် ကျနော်တို့ ကယ်ဆယ်ရေး ပစ္စည်းတွေ သွားပို့မယ်။"

ပြီးခဲ့တဲ့ရက်တွေတုန်းကလည်း ဖါပွန်မြို့နယ်ဘက်မှာ မိုးရွာရေကြီးလို့ အိမ်ခြေတချို့ ပျက်စီးနေတာကြောင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ကနေ သွားရောက်အကူညီပေးဆောင် နေဆဲလို့ ဝန်ကြီး မင်းတင်ဝင်းက ပြောပါတယ်။

ရေကြီးမှုကြောင့် မကွေးတိုင်းဒေသကြီးမှာလည်း ထိခိုက်မှုတွေများပြီး ရေဘေးဒုက္ခသည် တွေ အများဆုံး ရှိနေခဲ့ တာပါ။ အထူးသဖြင့် မကွေးတိုင်းဒေသကြီး စကုမြို့မှာ ဒီနှစ်မှာ အဆိုးဆုံးရေကြီးခဲ့ပြီး ရေဘေးသင့်သူတွေ ထောင်ချီရှိတယ်လို့ စကုမြို့ ရေဘေး ကူညီရေး အဖွဲ့ဝင် ကိုဖိုးထင်က ပြောပါတယ်။

"ဖြစ်ဖြစ်ချင်း (၁၁) ရက်နေ့က အိမ် (၅) လုံး မျောပါသွားခဲ့ပါတယ်။ ကလေးတယောက် အိမ်ပေါ်ကပြုတ်ကျ သေဆုံးပါတယ်။ ရေဘေး ဒုက္ခသည်တွေကတော့ ဘုရားပေါ်မှာ ဇရပ်ပေါ်မှာ အဲဒီလိုပဲနေကြပါတယ်။ တမြို့လုံး အတိုင်းအတာဆိုရင် ရေဘေးဒုက္ခသည် အိမ်ထောင်စု (၄၄၅) စု။ လူဦးရေ (၁၇၀၀) လောက် ရှိတယ်။ နှစ်တိုင်းတော့ ကြီးပါတယ်။ ဒီနှစ်တော့အဆိုးဆုံးပေါ့။"

ဇွန်လ ၉ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မကွေးတိုင်း ဒေသကြီးအတွင်း လူနေ အိမ် ၆၃ လုံး ရေမျောပါခဲ့ပြီး လူဦးရေ ၄,၀၀၀ ကျော် ရေ ဘေး လွတ်ရာ ရွှေ့ပြောင်းနေထိုင်နေ ရ သလို ရေဘေးသင့်ပြည်သူများအတွက် တစ်ဦးလျှင် ဆန်ရိက္ခာ ၇ ရက် စာ ထောက်ပံ့ပေးခဲ့ပြီး စုစုပေါင်းထောက်ပံ့ငွေ (၈၈) သိန်းကျော် ထောက်ပံ့ပေးခဲ့တယ်လို့ မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် သဝန်ထွက်ကျေးရွာမှာလည်း မိုးရွာ သွန်းမှု ကြောင့် အိမ်ခြေ ၁၀၀ ကျော် နစ်မြုပ်ပြီးလူဦးရေ ၁ ထောင် ကျော် ရေဘေးသင့်ခဲ့ပါတယ်။

အလားတူရခိုင်ပြည်နယ်အတွင်းမှာလည်း ရေကြီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့သလို တောင်ပိုင်းဒေသမှာ ရေကြီးမှုဒဏ် ပိုပြီး ခံခဲ့ရပါတယ်။

ရှမ်းပြည်နယ် သီပေါမြို့နယ်နမ့်လန်ကျေးရွာမှာလဲ မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် အိမ် (၁,၂၀၀) ကျော် ပျက်စီးခဲ့ပြီး ရေဘေးသင့်သူတွေ ထောင်နဲ့ချီ ရှိနေပါတယ်။

ဇွန်လ (၁၁) ရက်နေ့ကနေ ဒီကနေ့အထိ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ကရင်ပြည်နယ်၊ ရခိုင် ပြည်နယ်အတွင်း မိုးကြီး ရေလျှံမှုကြောင့် ရေဘေး ဒုက္ခသည်ဦးရေ တသောင်းနီးပါးရှိနေတယ်လို့ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်သူလဲ့လဲ့ထွန်းက ပြောပါ တယ်။

ဘင်္ဂလားပင်လယ်အော်အတွင်းမှာဖြစ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ဇွန် ၁၄ ရက် အထိ မိုးကြီးနေဦးမယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန် ထားသလို မုန်တိုင်း ငယ်အရှိန်ကြောင့် ဒေသအတော်များများမှာ မိုးကြီးနိုင်တဲ့အတွက် ရေဘေးအန္တရာယ်သတိထားကြဖို့နဲ့ အရေးပေါ် ပြောင်းရွှေ့နိုင်ရေး ပြင်ဆင်ထားဖို့ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထား တဲ့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက သတိပေးချက် ထုတ်ပြန်ထားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG