သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်သစ်မှာ လက်ရှိဝန်ကြီးများ တက်ရောက်မှု ဆိုင်းငံ့


ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ။ (ဖေဖော်ဝါရီ ၁၊ ၂၀၁၆)
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ။ (ဖေဖော်ဝါရီ ၁၊ ၂၀၁၆)

ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးတွေမှာ လက်ရှိ အစိုးရတာဝန်ရှိသူတွေ အနေနဲ့ တက်ရောက်ဆွေးနွေးခြင်းကို ဆိုင်းငံ့ထားဖို့ အစိုးရအဖွဲ့က တားမြစ်ထားတယ် လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောဆိုလိုက်ပါတယ်။ ဒီအပေါ်မှာ ဝေဖန်သံတွေ ထွက်ပေါ်နေပေမဲ့လည်း ဦးရဲထွဋ်ကတော့ ဝေဖန်မှုတွေကို ဂရုမပြုပဲ တစုံတရာ မကျေနပ်ရင် ဖွဲ့စည်းပုံအခြေခံခုံရုံးမှာ ဖြေရှင်းနိုင်တယ်လို့ တုံ့ပြန်ပြောဆိုလိုက်သလို လက်ရှိအစိုးရကို တမင်သက်သက် ထိုးနှက်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်လာတာတွေကြောင့် အခုလိုမျိုး ဆုံးဖြတ်ချက်ချရတာဖြစ်တယ် လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေမှာ လက်ရှိအစိုးရတာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခြင်းကို ဆိုင်းငံ့ထားဖို့ အစိုးရ အဖွဲ့က တားမြစ်ထားတယ် လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောဆိုလိုက်တဲ့ အပေါ်မှာ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေကြား ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဝန်ကြီး ဦးရဲထွဋ်ကတော့ အခုနောက်ပိုင်း လွှတ်တော်တွင်းမှာ လက်ရှိ အစိုးရကို တမင်သပ်သပ် ထိုးနှက်ဖို့ရည်ရွယ်ပြီး လုပ်ဆောင်လာတယ် လို့ မြင်တဲ့ အတွက်ကြောင့် ဖြေကြားခြင်းမပြုဖို့ ဆိုင်းငံ့လိုက်တာ ဖြစ်တယ်လို့ ပြောဆိုလိုက် သလို ဒီအပေါ်မှာ တစုံတရာ မကျေနပ်ခဲ့ရင် ဖွဲ့စည်းပုံအခြေခံခုံရုံးမှာ လာရောက်ဖြေရျင်းနိုင်တယ်လို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

" ကျနော်တို့ နားလည်ထားတာကတော့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် က ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်ကိုပဲ တာဝန်ခံရမယ်လို့ ကျနော်တို့ နားလည်တယ်။ အခုအချိန်မှာ အမျိုးသားအကျိုးစီးပွား ကိစ္စတွေ သွားဖြေခဲ့တာတွေ ရှိပေမဲ့လည်း နောက်ပိုင်းမှာ တမင်သပ်သပ် အစိုးရကို ထိုးနှက်ဖို့အတွက် ရည်ရွယ်ပြီး လုပ်ဆောင်လာတယ်လို့ မြင်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ရဲ့ သွားရောက်ဖြေကြားမှုတွေကို ကျနော်တို့ ဆိုင်းငံ့ထားတယ်။ ဒါကြောင့်မို့လို့ တစ်။ ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ဘူးဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓိပ္ပါယ် ဖွင့်ဆိုခွင့် ရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးမှာ အဆုံးအဖြတ် ခံယူနိုင်ပါတယ်။ နှစ်-ကတော့ သူတို့မေးတာကို သွားမဖြေပေမဲ့ သူတို့မေးတဲ့ ကိစ္စတွေကို ပြည်သူတွေ သိသင့်တယ်လို့ ထင်လို့ရှိရင် ကျနော်တို့ မီဒီယာတွေကနေ တဆင့် အသိပေးသွားမှာဖြစ်ပါတယ်။ ဒီနေ့ သတင်းစာကနေစပြီး ကျနော်တို့ စ အသိပေးနေပါပြီ။ အဲ့တာ ကျနော်တို့ရဲ့ သဘောထားပါပဲ။

သူတို့ရဲ့ အကြံပြုချက်တွေကို ကျနော်တို့ စိတ်မဝင်စားပါဘူး။ ကျနော်တို့က စိတ်မဝင်စားတာက တကယ်လို့ မကျေနပ်တဲ့သူများ ရှိလို့ရှိရင် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ဖွဲ့စည်းပုံဆိုင်ရာ အခြေခံဥပဒေဆိုင်ရာ ခုံရုံးမှာ သွားပြီး လျှောက်မယ်ဆိုရင် ဖွဲ့စည်းပုံဆိုင်ရာ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဆုံးဖြတ်ချက်ကို ကျနော်တို့ စိတ်ဝင်စားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်ရင် နောက်ဆုံး အာဏာပိုင်က ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးပဲ ဖြစ်ပါတယ်။ "

ကိုထက်အောင်။ ။ တချို့လူတွေ ပြောတာက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၃ အရ သမ္မတ က ပြည်ထောင်စုလွှတ်တော်မှာ ပါပါတယ်ခင်ဗျ။ အဲ့သလို ပြောဆိုကြတဲ့ အပေါ်မှာ ဝန်ကြီး ဘာပြောချင်ပါလဲ။

ဝန်ကြီးဦးရဲထွဋ်။ ။ ၂၀၃ မှာ ပြည်ထောင်စုလွှတ်တော်လို့ ပြောတဲ့အခါမှာ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်လား၊ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်လား၊ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်လား၊ စတုတ္တအကြိမ် ပြည်ထောင်စု လွှတ်တော်လား ဆိုတာ မပါဘူး။ ကျနော်တို့ နားလည်ထားမှုကတော့ အစိုးရတရပ်သည် သူ့ကို ရွေးချယ် တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုပဲ တာဝန်ခံရမယ်လို့ ကျနော် နားလည်တယ်။

နိုင်ငံတကာမှာ ကြည့်မယ်ဆိုရင်လည်း ဒီသဘောမျိုးပဲ တွေ့မှာပဲ။ ဒါကြောင့်မို့လို့ ကျနော်တို့က အဲ့သလို ယုံကြည်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ဆိုင်းငံ့ထားတယ်။ လုံးဝ မဖြေဘူး ဆိုတာ မဟုတ်ဘူး။ အမျိုးသားအကျိုးစီးပွားအတွက် အယ်လ်နီညို ကိစ္စမျိုးအတွက် ကျနော်တို့ ပြောသင့်တဲ့အချိန် ကျျနော်တို့ သွားပြောမယ်။ သို့သော် နိုင်ငံရေးအကျိုးအမြတ်တခုအတွက် ရည်ရွယ်ပြီး လုပ်ဆောင်တယ် လို့ ယူဆတဲ့ကိစ္စ အတွက် ကျနော်တို့ သွားရောက်ပြီးတော့ ပူးပေါင်း ဖြေဆိုမှာ မဟုတ်ဘူး။ ဒါ ကျနော်တို့ရဲ့ ရပ်တည်ချက်ပဲ။ အဲ့တာကို သံသယ ရှိတယ်ထင်ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးမှာ သွားပြီးတော့မှ အဆုံးအဖြတ် ခံယူနိုင်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ ကျနော်တို့ အသင့်ရှိတယ်။ "

ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတ ဦးသိန်းစိန်နဲ့ လက်ရှိပြည်ထောင်စု အစိုးရက ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရတာဖြစ်ပြီးတော့ အခု ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံခြင်း ရှိမရှိဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ အသေအချာ ပြန်လည် သုံးသပ်ရမယ့် ကိစ္စဖြစ်တယ်လို့ ဦးရဲထွဋ်က ပြောဆိုလိုက်တာပါ။

ဦးရဲထွဋ်ရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သတ်လို့ တရားလွှတ်တော်ရှေ့နေတဦး ဖြစ်တဲ့ ဦးမောင်မောင်ဝင်းက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင့်တဲ့ သဘော သက်ရောက် တာဖြစ်တာကြောင့် အခုလို ကန့်ကွက်ပြောဆိုလိုက်ပါတယ်။

" အဲ့ဒီ့အယူအဆကတော့ လုံးဝ လွဲမှားပါတယ်။ လက်ရှိ ဝန်ကြီး လက်ရှိ တာဝန်ယူထားတဲ့ အစိုးရအဖွဲ့ဟာ လာမယ့် မတ်လ ၃၀ ရက်နေ့အထိ သူတို့က တာဝန်ရှိနေပါတယ်။ တာဝန်ရှိနေတဲ့ အစိုးရဖြစ်တဲ့အတွက် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် သက်တမ်းကနေပြီး ခေါ်တာတို့ ဘာတို့ကို လာဖို့ တာဝန်ရှိပါတယ်။"

ပြီးခဲ့တဲ့ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေက ဝိုင်းမော်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် တင်သွင်းခဲ့တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှိမ်နှင်းရေး ကိစ္စနဲ့ ပုလဲမဲဆန္ဒနယ်က လွှတ်တော် ကိုယ်စားလှယ် တင်သွင်းတဲ့ ရွေးကောက်ပွဲအပြီးကာလတွေမှာ လက်ရှိအစိုးရဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သတ်လို့ အရေးကြီးအဆို တင်သွင်းခဲ့ပေမယ့် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက လာရောက်ဖြေရှင်းခဲ့ခြင်း မရှိခဲ့ပါဘူး။

ပထမကြိမ် လွှတ်တော်သက်တမ်းတွေမှာ အစိုးရအဖွဲ့ဘက်က လာရောက်ဆွေးနွေး ခဲ့ပေမယ့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကျမှ အခုလို တက်ရောက်ဆွေးနွေးဖို့ ဆိုင်းငံ့လိုက်တဲ့အပေါ်မှာ လွတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့တွေကြား တင်းမာမှုတွေ ရှိနေနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်ပုဂ္ဂိုလ် ဦးစည်သူအောင်မြင့်က သုံးသပ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၃ အရဆိုရင် နိုင်ငံတော် သမ္မတ ဟာ ပြည်ထောင်စု လွှတ်တော်အား တာဝန်ခံရမယ်။ ဒုတိယသမ္မတတွေဟာ နိုင်ငံတော်သမ္မတအားလည်းကောင်း နိုင်ငံတော် သမ္မတမှ တစ်ဆင့် ပြည်ထောင်စု လွှတ်တော်အားလည်းကောင်း တာဝန်ခံရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒါပေမဲ့လည်း လက်ရှိအစိုးရအနေနဲ့ လွှတ်တော်တွင်း ကိစ္စတွေလာရောက် မဖြေရှင်းတာဟာ ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ်တွေကို အသိအမှတ်မပြုရာကျတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော် က ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှာ အရေးကြီး အဆို ၄ ခု တင်သွင်းခဲ့ပေမဲ့ ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ စစ်ပွဲကိစ္စတွေနဲ့ အယ်နီညိုကိစ္စတွေကိုပဲ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက သွားရှင်းပြခဲ့တာ့ပါ။ ဒါ့အပြင်မနေ့က ပုလဲမဲဆန္ဒနယ်က ဒေါ်ခင်စန်းလှိုင်တင်သွင်းတဲ့ အရေးကြီးအဆိုကို NLD ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်တွင်း ဒီကနေ့ ထောက်ခံဆွေးနွေးနေစဉ်မှာပဲ တပ်မတော်သားကိုယ်စားလှယ်အားလုံးက မတ်တပ်ရပ်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။

XS
SM
MD
LG