သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

9/11 အောက်မေ့ဖွယ် အမေရိကန် တဝှမ်း ပြုလုပ်


အိမ်ဖြူတော် မြက်ခင်းပြင်မှာ ကျင်းပတဲ့ 9/11 အောက်မေ့ဖွယ် အခမ်းအနား။ စက်တင်ဘာ ၁၁၊ ၂၀၁၅။
အိမ်ဖြူတော် မြက်ခင်းပြင်မှာ ကျင်းပတဲ့ 9/11 အောက်မေ့ဖွယ် အခမ်းအနား။ စက်တင်ဘာ ၁၁၊ ၂၀၁၅။

အကြမ်းဖက်သမားတွေရဲ့ စက်တင်ဘာလ ၁၁ ရက် တိုက်ခိုက်မှု ၁၄ နှစ်မြောက် နှစ်ပါတ်လည် အောက်မေ့ဖွယ် အခမ်းအနားတွေကို အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ ကျင်းပနေပါတယ်။သောကြာနေ့ မနက်ပိုင်း အိမ်ဖြူတော် မြက်ခင်းပြင်မှာ ကျင်းပတဲ့ အောက်မေ့ဖွယ် အခမ်းအနားကို သမ္မတ Barack Obama ဟာ ဇနီးဖြစ်သူMichelle Obama တခြား အိမ်ဖြူတော် အရာရှိတွေနဲ့ အတူ တက်ရောက်ပါတယ်။

အကြမ်းဖက်သမားတွေက လေယာဉ်ကို ပြန်ပေးဆွဲပြီး ကမ္ဘာ့ကုန်သွယ်ရေးစင်တာ မိုးမျှော်ညီနောင် အဆောက်အဦးထဲကမြောက်ဖက် အဆောက်အဦးကို ပထမအကြိမ် ဝင်တိုက်ခဲ့တဲ့ ဒေသစံတော်ချိန် မနက် ၈ နာရီ ၄၆ မီနစ်မှာ အခမ်းအနား တက်ရောက်သူတွေက ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ ငြိမ်သက်ခဲ့ကြပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းမှာတော့ သမ္မတဟာ ဝါရှင်တန်ဒီစီအပြင်ဖက်က စစ်တပ် အခြေစိုက်စခန်း Fort Meade မှာ အမေရိကန် တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး အမေရိကန်ပြည်ထောင်စု လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေနဲ့ ပါတ်သတ်လို့ Town Hall ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်သွားမှာဖြစ်ပါတယ်။

နယူးယောက်မြို့မှာတော့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာက တိုက်ခိုက်မှုအတွင်း ကွယ်လွန်ခဲ့သူတွေရဲ့ မိသားစုဝင်တွေဟာ ခေါင်းလောင်းကို ဖြေးညှင်းစွာ တီးခတ်ပြီး ကွယ်လွန်သူတွေရဲ့ နာမည်တွေကို ရွတ်ဆိုကြပါတယ်။

အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်မှာလည်း လေယာဉ်ထိုးဆင်းပြီး တိုက်ခိုက်မှုအတွင်း ကွယ်လွန်သူတွေရဲ့ မိသားစုဝင်တွေက ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို မနက်ပိုင်းမှာ သီးခြားကျင်းပခဲ့ပါတယ်။ နေ့လည်ပိုင်း လူထု ပါဝင် တက်ရောက်နိုင်တဲ့ အခမ်းအနားကိုတော့ ကာကွယ်ရေးဝန်ကြီး Ash Carter တက်ရောက်မှာဖြစ်ပါတယ်။

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တုန်းက အကြမ်းဖက်သမားတွေဟာ လေယာဉ်တွေကို အပိုင်စီးပြီး နယူးယောက်၊ ဝါရှင်တန် နဲ့ ပင်ဆဲဗေးနီးယားပြည်နယ် Shanksville မြို့တွေမှာ တိုက်ခိုက်တာကြောင့် လူ ၃၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG