သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင် နဲ့ မွန် တိုက်ပွဲ ညှိနှိုင်းဖြေရှင်း


ကရင်အမျိုးသားအစည်း အရုံး (KNU)တပ်သားများ
ကရင်အမျိုးသားအစည်း အရုံး (KNU)တပ်သားများ

နယ်မြေအငြင်းပွါးမှုပြဿနာနဲ့ပြီးခဲ့တဲ့ရက်က စစ်ရေးပဋိပက္ခဖြစ်ပွါးခဲ့တဲ့ မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသားအစည်း အရုံး (KNU)ခေါင်းဆောင်တို့ကနေ ဒီကနေ့တွေ့ဆုံဆွေးနွေးခဲ့ရာမှာ နယ်မြေပိုင်းခြားရေးအတွက် ဗဟိုအဆင့်ကနေ ဆောင်ရွက်သွားဖို့နဲ့ပြဿနာမဖြစ်ပွါးဖို့အတွက် နှစ်ဖက်နယ်မြေတာဝန်ခံ(၃)စီပါဝင်တဲ့ ကော်မီတီတရပ်ကို ဖွဲ့စည်းခဲ့ဖို့ သဘောတူညီချက်ရရှိခဲ့ပါတယ်။ VOAထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

မွန်ပြည်သစ်ပါတီတပ်ဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံး KNUတပ်ဖွဲ့တို့ကြား ဖြစ်ပေါ်ခဲ့တဲ့စစ်ရေးပြဿနာနဲ့ပတ်သက်ပြီး ဒီကနေ့မှာ နှစ်ဖက်ခေါင်းဆောင်တွေကနေ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ရာဖူးကျေးရွာမှာ တွေ့ဆုံညှိနှိုင်း ခဲ့တာပါ။

ဒီနေ့တွေ့ဆုံမှုနဲ့ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ် ဆက်ဆံရေးရုံးတာဝန်ခံ ပဒိုဝင်းခိုင် ကအခုလိုပြောပါတယ်။

“ဒီကနေ့ ကျနော်တို့ တွေ့ခဲ့ကြတဲ့ အပိုင်းမှာကတော့ ကျနော်တို့ အပြန်အလှန်ဆွေးနွေးကြတယ်။ နောက်ဆုံးကျတော့ နယ်မြေပြဿနာနဲ့ နယ်မြေပိုင်းခြားမှုမှာကတော့ ပြန်ပြီးတော့ ဆွေးနွေးတဲ့အပေါ်မှာတော့ နှစ်ဘက်စလုံးက လက်ခံတယ် ။ ဗဟိုအဆင့်ရှင်းမှပဲ KNU ဖြစ်စေ၊ မွန်ပြည်သစ်ပါတီဖြစ်စေ အဲဒီအဆင့်မှ သူတို့ ရှင်းကြမှပဲ ရှင်းမယ် ။ ဒါပေမယ့် လောလောဆယ်ကတော့ ၂ ဘက်တပ်က တပ်မှူးတွေကတော့ နောက်တိုက်ပွဲမဖြစ်ဖို့ အတွက် အာမခံပြီးတော့ သူတို့ ကြိုးစားဆောင်ရွက်ရမယ်။ နောက်တချက်ကတော့ လောလောဆယ် ဗဟိုက စီစဉ်တွေ့ကြတဲ့အချိန်မရောက်ခင်မှာကတော့ ကော်မတီတခု ဖွဲ့ထားတယ်။ ဒီကော်မတီကတော့ ပြဿနာဖြေရှင်းနိုင်ဖို့ နောက်ပြဿနာ မဖြစ်ဖို့ အတွက် ကြည့်ရှု့စောင့်ရှောက်မယ့်အဖွဲ့ဆိုတာကတော့ KNU ဘက်မှာ ၃ ယောက်၊ မွန်ပြည်သစ်ဘက်မှာက ၃ ယောက် နယ်မြေတာဝန်ခံလို့ပြောရမှာပေါ့ ၊ ၂ ဦး ၂ ဘက်က အရာရှိတွေ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့အတွက်ပေါ့ အဲဒါ။”

ဒီကနေ့တွေ့ဆုံမှုမှာ KNUဘက် ပဒိုမန်ငြိမ်းမောင်ဦးဆောင်ခဲ့သလို မွန်ပြည်သစ်ပါတီဘက်ကတော့ ဗဟိုကော်မီတီဝင် နိုင်အောင်မငေး ဦးဆောင်အဖွဲ့တို့ဆွေးနွေးခဲ့ကြတာပါ။

ဆွေးနွေးပွဲရလာဒ်ကတော့ မွန်ပြည်သစ်ပါတီနဲ့ကရင်အမျိုးသားအစည်းအရုံးတို့အကြား ဖြစ်ပွားနေတဲ့နယ်မြေ နယ်နမိတ် ပိုင်းခြားသတ်မှတ်နိုင်ရေးအတွက်ဗဟိုအဆင့်ကနေဆောင်ရွက်သွားဖို့သဘောတူညီချက်ရရှိခဲ့ပါတယ်။

ဒီလိုဗဟိုအဆင့်အနေနဲ့တွေ့ဆုံနိုင်ဖို့ ခရိုင်ကနေတဆင့်ဗဟိုကိုအမြန်ဆုံးတင်ပြသွားဖို့ အောက်ခြေအဆင့်စစ်ရေးပြဿနာထပ်မံမဖြစ်ပွါးဖို့ သက်ဆိုင်ရာနယ်မြေခံတပ်မှူးတွေကနေ ကြီးကြပ်သွားဖို့နဲ့ သွားလာလှုပ်ရှားမှုများကိုအသိပေးအကြောင်းကြားဖို့ စတဲ့ အချက်တွေသဘောတူညီချက်ရရှိခဲ့သလို ပြဿနာမဖြစ်ပွါးဖို့အတွက် နှစ်ဖက်နယ်မြေတာဝန်ခံ(၃)ဦးစီပါဝင်တဲ့ ကော်မီ တီတရပ်ကိုဖွဲ့စည်းခဲ့ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ(၈)ရက်နေ့တုန်းက တနင်္သာရီတိုင်းဒေသကြီး၊ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအုပ်စု သဲချောင်း ဖျားကျေးရွာအနီးမှာ ဒေသတွင်းအခြေချနေတဲ့ မွန်ပြည်သစ်တပ်ဖွဲ့ဝင်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ဝင်တို့ဟာ နယ်မြေပိုင်ဆိုင်မှုပြဿနာကြောင့် တိုက်ပွဲငယ်တခုဖြစ်ပွါးခဲ့ပါတယ်။

ဒီလိုဖြစ်ပွါးခဲ့တဲ့တိုက်ပွဲမှာ သဲချောင်းကျေးရွာဒေသခံတွေရဲ့နေအိမ်(၃)လုံးခန့် ထိခိုက်ပျက်စီးခဲ့ပေမယ့် ရွာသားတွေအပါအဝင် နှစ်ဘက်တပ်ဖွဲ့တွေထိခိုက်မှုတော့မရှိဘူးလို့ဒေသခံတွေကဆိုပါတယ်။

ဒီလိုတိုက်ပွဲဖြစ်ပွါးရတာဟာ ဆက်သွယ်ရေးအပိုင်းမှာ အားနည်းချက်ကြောင့်လို့ ပဒိုဝင်းခိုင် ကအခုလိုပြောပါတယ်။

“တိုက်ပွဲဖြစ်တာကတော့ မထင်မှတ်ပဲနဲ့ accident ဖြစ်သွားတဲ့သဘောကတော့ ဒီလောက်ပြဿနာမရှိဘူး ။ ဒါပေမယ့် ပြောရမယ်ဆိုရင် နဂိုကတည်းက စည်းခြားဖို့အတွက်က ဘာမှမရှိဘူး။ ပြီးတော့ ဆက်သွယ်ရေးပိုင်းမှာလည်း အားနည်းတဲ့အပေါ်မှာ ဒါတွေဖြစ်ခဲ့တယ်။”

တွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့မွန်ပြည်သစ်ပါတီတာဝန်ခံတပ်မှူးတဦးကတော့လက်ရှိမှာ ကိုယ့်တပ်ကိုထိန်းပြီး ပြဿနာ ထပ်မံမဖြစ်ပွါးဖို့ ဆောင်ရွက်နေတယ်လို့မွန်ဘာသာနဲ့ပြောဆိုပါတယ်။

“လက်ရှိအခြေအနေတော့ ဘာပြဿနာမှမဖြစ်သေးဘူးလေ။ကိုယ်နေရာ ကိုယ့်လူတွေကို ထိန်း သိမ်းရေတဲ့သဘောပါဘဲ။ ရှေ့ဆက်ပဋိပက္ခမဖြစ်ပွါးအောင်ရှောင်ရှားကြဖို့နဲ့ နယ်မြေကိစ္စကတော့ဗဟိုအဆင့်မှာ ဆွေးနွေးသွားဖို့ သဘောတူခဲ့တယ်။”

၂၈နှစ် နီးပါးစစ်ရေးပြဿနာငြိမ်သက်နေတဲ့ မွန်ပြည်သစ်ပါတီနဲ့ကရင်အမျိုးသား အစည်းအရုံးတို့အကြား အခုလိုစစ်ရေး ပဋိပက္ခ ဖြစ်လာတဲ့အပေါ် မွန်သတင်းအေဂျင်စီရဲ့အယ်ဒီတာချုပ် နိုင်ကဆော့မွန်ကနေ သူ့အမြင်ကိုအခုလိုပြောပါတယ်။

“ကျနော့်အမြင်ကတော့ KNU နဲ့ မွန်ပြည်သစ်ပါတီတို့ဟာ အရင်က ချုပ်ဆိုထားတဲ့ မွန်-ကရင် စာချုပ်တွေ ရှိခဲ့ဘူးတယ်လေ။ အဲဒါတွေ ပြန်ကြည့်ဖို့လိုတာပေါ့။ ကျနော်တို့ ဒီ နီးနီးနားနားဖြစ်နေတဲ့ ပြည်နယ်တွေက ပဋိပက္ခတွေကိုအဖြေရှာဖို့လိုတယ်။ လူချင်းတွေဖို့လိုတယ် နောက် ရှိနေတဲ့ပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့လိုတယ်။”

မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ဟာ ၁၉၈၈ခုနှစ်မှာ နယ်မြေအငြင်းပွါးမှုပြဿနာကြောင့် စစ်ရေးပဋိပက္ခပြင်းထန်စွာဖြစ်ပွါးခဲ့ပြီး (၂၈)နှစ်နီးပါးပဋိပက္ခရပ်တန့်ရာကနေ စက်တင်ဘာ(၉)ရက်နေ့မှာ အသေးစား တိုက်ပွဲ ဖြစ်ပွါးလာတာလဲဖြစ်ပါတယ်။

ပြဿနာဖြစ်ပွါးပြီးစက်တင်ဘာ(၉)ရက်နေ့မှာ ဘုရားသုံးဆူမြို့မှာ ဒေသခံKNUခေါင်းဆောင်တွေနဲ့ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တို့ကနေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရှေဆက်ညီညီညွတ်ညွတ်နဲ့ပူးပေါင်းသွားဖို့ သဘောတူညီခဲ့ကြပါ တယ်။

မြိတ်-ထားဝယ်ဒေသဟာ မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသားအစည်းအရုံးတို့အကြား နယ်မြေသတ်မှတ်မှု မရှိ သေးတာကြောင့် ယခုလိုမထင်မှတ်ဘဲပဋိပက္ခဖြစ်ပွါးလာပေမဲ့ ဒီပြဿနာကိုနှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဖြေရှင်း နိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်း(KNU) ဘိတ်ထားဝယ်ဆက်ဆံရေးရုံးတာဝန်ခံ ပဒိုဝင်းခိုင် ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG