သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားနှစ်ဖွဲ့ ကလေးစစ်သားမသုံးဖို့ လက်မှတ်ထိုး


ကလေးစစ်သား မသုံးရေး သဘောတူလက်မှတ်ရေး ထိုးနေကြသော နိုင်ဟန်သာဗွန်ခိုင်း၊ (လယ်)၊ နှင့် ဗိုလ်မှူးချုပ် လယီဂကောင်း (ယာ-အစွန်) (ဓာတ်ပုံ/မွန်ပြည်သစ်ပါတီ။)
ကလေးစစ်သား မသုံးရေး သဘောတူလက်မှတ်ရေး ထိုးနေကြသော နိုင်ဟန်သာဗွန်ခိုင်း၊ (လယ်)၊ နှင့် ဗိုလ်မှူးချုပ် လယီဂကောင်း (ယာ-အစွန်) (ဓာတ်ပုံ/မွန်ပြည်သစ်ပါတီ။)
အသက် (၁၈) နှစ်အောက် ကလေးသူငယ်များကို စစ်မှုမထမ်းခိုင်းရေး အတွက် ဂျီနီဗာ သဘောတူညီချက်ကို မွန် ပြည်သစ်ပါတီ (NMSP) နဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့က ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာမြို့မှာ တရားဝင် သဘောတူ လက်မှတ် ရေးထိုးလိုက်ကြပါတယ်။ ဒါပေမဲ့လည်း လက်ရှိမှာ အရွယ် မရောက်သူတွေကို လက်နက်ကိုင် တပ်ဖွဲ့တွေမှာ အသုံးချနေတဲ့ အခြေအနေတွေဟာ စိုးရိမ်ရဆဲ ဖြစ်တယ် လို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလို သတင်းပေးပို့ထားပါတယ်။

ကလေးစစ်သား အသုံးမပြုဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖြစ်ကြတဲ့ မွန်ပြည်သစ်ပါတီနဲ့ ကရင်နီတိုးတက်ရေး ပါတီတို့ဟာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအတွက် တာဝန်ယူ ဆောင် ရွက်နေတဲ့ ဂျီနီဗာ အခြေစိုက် နိုင်ငံတကာအဖွဲ့နဲ့ လက်မှတ်ရေးထိုး ကတိပြုလိုက်တာ ဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ မှာ ကလေးတွေကို အသုံးမပြုအောင် ဥပဒေအရ အကာအကွယ် ပေးနိုင် မယ့် နည်းလမ်းတွေကို တနှစ်ကျော် တိုင်ပင်ဆွေးနွေးပြီး Geneva Call အဖွဲ့နဲ့ အခုနောက်ဆုံး သဘောတူညီချက် ရရှိခဲ့တာလို့ ဂျီနီဗာမြို့က လက်မှတ်ရေးထိုးရာမှာ ပါဝင်သူတဦးဖြစ်တဲ့ မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာဗိုန်ခိုင် က ပြောပါတယ်။

“အဲဒီမှာ ကျွန်တော်တို့မှာရှိပြီးသား ဖွဲ့စည်းပုံအရရော Geneva Callက Internation ပေါ့နော်။ သူတို့ ဒီဥပဒေတွေရှိတယ်။ တနှစ်ခွဲလောက် ကျနော်တို့နဲ့ ဥပဒေနဲ့ ဘယ်လိုအကျုံးဝင်မှု ရှိတယ်။ ဘယ်နေရာတွေက လိုအပ်မှု ရှိတယ်။ ဘယ်နေရာက နားလည်မှု လွဲနိုင်တယ်။ အဲဒါ တိတိ ကျကျ ဖြစ်အောင် တနှစ်ခွဲလောက် Workshopတွေရော။ ဆွေးနွေးတာတွေရော။ သူတို့လုပ်ပီးမှ ကျနော်တို့ မွန်ပြည်သစ်က လိုက်နာနိုင်မယ့်အကြောင်း ကတိကဝတ် ပေးနိုင်မယ့်အကြောင်း အဲဒီ အခြေအနေရောက်မှ ကျနော်တို့ လက်မှတ်ထိုးတဲ့ကိစ္စကို အကောင်အထည် ဖော်တာပေါ့။ ဒီလ (၂) ရက်နေ့မှာ Geneva Call မြို့တော်ခန်းမက နိုင်ငံတကာ စာချုပ်တွေ ချုပ်ဆိုတဲ့ သမိုင်းဝင်နေရာပေါ့။ အဲဒီနေရာမှာ လက်မှတ် ထိုးကြတယ်။”

ဂျီနီဗာမှာ လက်မှတ်ရေးထိုးရာမှာတော့ ကလေးစစ်သား အသုံးမပြုရေး အတွက်သာမက ဒီလို မဖြစ်အောင် ထိန်းသိမ်းရမယ့် အစီအစဉ်တွေကိုလည်း ထည့်သွင်းခဲ့တယ်လို့ နိုင်ဟံသာ ဗိုန်ခိုင်က ပြောပါတယ်။

“ကလေးစစ်သား တခုတည်းကို ပြောတာမဟုတ်ပါဘူး။ သူက ကလေးသူငယ်များ ကာကွယ်ရေးနဲ့ ပက်သက်ပြီးတော့ စာချုပ်အရ (၁၆) ချက်ရှိတယ်။ ကလေးစစ်သား အသုံးမပြုရေးလည်း ပါတယ်။ နောက် ပဋိပက္ခဖြစ်တဲ့အခါကျရင် ဖြစ်တဲ့နေရာတွေမှာပေါ့နော်။ ကလေးတွေ မပါဝင်မပက်သက်ဖို့ နောက် ကလေးတွေ ဒုက္ခမဖြစ်အောင် ကြိုတင် ကာကွယ်တာတို့ အသေးစိတ် အချက်တွေ အများကြီးရှိတယ်လေ။”

မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးဌာနကတော့ မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို လက်နက်ကိုင် တပ်ဖွဲ့တွေမှာ အသုံးပြုနေတဲ့ အရေအတွက်ဟာ သောင်းဂဏန်းအထိ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ တကယ်တော့ ဒီလို အသုံးပြုမှုတွေကို ရာဇဝတ်မှု အနေနဲ့ (၂၀၀၉) ခုနှစ် ကတည်းက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ကလည်း တားမြစ်ထားတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“လုံခြုံရေးကောင်စီမှာ သူတို့ ပြဌာန်းခဲ့တဲ့ ၁၈၈-၂ ဆိုတဲ့ဆုံးဖြတ်ချက်မှာ ဆိုလို့ရှိရင် ကလေးစစ်သား အသုံးပြုတဲ့ နိုင်ငံအပေါ်မှာ တရားဥပဒေအရ အရေးယူရေး ဆောင်ရွက်ဖို့ တိုးမြှင့်ပြီး တောင်းဆိုခဲ့တာ ရှိတယ်။ ကမ္ဘာက ကလေး စစ်သား အသုံးပြုမှုနဲ့ ပက်သက်လို့ လူ့အခွင့်အရေး ချိုးဖောက်မှုတင် မကဘဲနဲ့ ရာဇဝတ်မှုအဖြစ်သတ်မှတ်ခံရတဲ့ ကလေး စစ်သား အသုံးပြုမှုကြီးကို အခုဆိုရင် စစ်ပွဲ ဆိုင်ရာ ရာဇဝတ်မှုကြီးကို ကျူးလွန်တယ်။ ဒါကြောင့်မို့ နိုင်ငံတွေ အားလုံးက ဒါတွေ ဝိုင်းဝန်း ဆန့်ကျင်ရမယ်ဆိုပြီးတော့ ကုလသမဂ္ဂကလည်း ပြောထားပါတယ်။”

မြန်မာအစိုးရကတော့ လက်နက်ကိုင် ပဋိပက္ခတွေမှာ အရွယ်မရောက်သူတွေကို အသုံးမပြုဖို့ ကြိုးပမ်းဖို့ ကတိပြုထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လထဲမှာပဲ ကုလသမဂ္ဂရဲ့ သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကလေးစစ်သား အသုံးပြုမှုတွေ ရှိနေဆဲ ဖြစ်ပေမဲ့ အခြေအနေတွေကို တိုင်းတာဖို့ကတော့ ခက်ခဲနေဆဲပဲလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“အတိအကျပြောဖို့က ခက်ပါတယ်။ ဘာဖြစ်လဲဆိုတော့ ဒီကိစ္စကို ဘယ်တော့မှ လူသိရှင်ကြား ထုတ်ဖော်ပြောတာလည်း မရှိဘူး။ ဒီလိုမျိုး အဖြစ်အပျက်တွေကို စုံစမ်းနိုင်ဖို့အတွက် အခွင့် အလမ်း တော်တော်နည်းပါးတယ်။ ဒါပေမဲ့ အရှေ့တောင် အာရှ လူ့အခွင့်အရေး လေ့ လာ စောင့်ကြည့်ရေး အဖွဲ့ကတော့ မြန်မာနိုင်ငံရဲ့စစ်တပ်အတွင်းမှာ ကလေးစစ်သာပေါင်း (၇) သောင်း ရှိနေတယ်လို့ သူတို့ ခန့်မှန်းထားတယ်။ ဒီ ခန့်မှန်းချက်ကိုပဲ ကျနော်တို့ ဆက်လက် သုံးစွဲနေတယ်။”

မြန်မာနိုင်ငံမှာ အစိုးရစစ်တပ်သာမက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း ကလေး စစ်သား အသုံးပြုမှုတွေ ရှိနေတယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုနေကြ တာပါ။ မွန်ပြည်သစ်ပါတီကတော့ အခုအခါ ကလေးစစ်သား အသုံးချမှုကို တားမြစ်ဖို့ ပါတီရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ရေးဆွဲပြီး လိုက်နာကျင့်သုံးနေပြီလို့ နိုင်ဟံသာဗိုန်ခိုင်က အခုလို ပြောပါတယ်။

“ကျနော်တို့က (၁၉၇၁) ကတည်းက ဒီ မွန်ပြည်သစ်ပါတီကနေပြီးတော့ ဖွဲ့စည်းပုံမှာ ကလေးသူငယ် များနဲ့ ပက်သက်ပြီးတော့ အသက် (၁၈) နှစ်အောက် ကလေးတွေကို စစ်ထဲဝင်ခွင့်မပြုဖို့၊ ကလေး သူငယ် နောက် သက်ကြီးရွယ်အိုတွေနဲ့ ပက်သက်ပြီးတော့ ဘယ်လို ကာကွယ်စောင့်ရှောက်ဖို့- အဲဒီမှာ နည်းဥပဒေ စည်းမျဉ်း စည်းကမ်းတွေ ရှိတာပေါ့နော်။ တပ်မှူးတွေ၊ ရဲဘော်တွေလိုက်နာရမယ့် စည်းကမ်းတွေ။”

(၂၀၁၁) ခုနှစ်၊ ကုလသမဂ္ဂရဲ့ထုတ်ပြန်ကျေညာချက်အရ မြန်မာနိုင်ငံမှာ မြန်မာအစိုးရအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ဟာလည်း အရွယ်မရာက်သေးတဲ့ကလေးတွေကို ကလေးစစ်သားအဖြစ် အသုံးပြုနေ တယ်လို့လည်း ဖော်ပြထားပါတယ်။
XS
SM
MD
LG