သုံးရလွယ်ကူစေသည့် Link များ

ဘီလင်းမြို့မှာ တောင်သူတဦး ဖမ်းဆီးခံရပြီး အသတ်ခံရဟု မိသားစုတိုင်တန်း


ဘီလင်းမြို့မှာ တောင်သူတဦး ဖမ်းဆီးခံရပြီး အသတ်ခံရဟု မိသားစုတိုင်တန်း

တရားမ၀င်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွဲချက်နဲ့ ပြီးခဲ့တဲ့နှစ် နှစ်လယ်က မြန်မာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရသူ တောင်သူလယ်သမား ၅ ဦးအနက် ၁ ဦး ပျောက်ဆုံးနေတဲ့အပေါ် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။ ကိုစံရွှေကို မိသားစုဝင်တွေကတော့ သေဆုံးသွားပြီလို့ ယုံကြည်ထားပြီး အာဏာပိုင်တွေကို မေးမြန်းခဲ့ပေမဲ့လည်း တိတိကျကျ ဖြေကြားခြင်းမရှိခဲ့သလို တရားရုံးအဆင့်ဆင့် တိုင်ကြားခဲ့ပေမဲ့လည်း ပယ်ချခံခဲ့ရတယ်လို့ ဆိုပါတယ်။ အခြေအနေအသေးစိတ်ကို စုံစမ်းမေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

အခု ပျောက်ဆုံးနေတဲ့ ကိုစံရွှေ အသက် ၃၈ နှစ်အပါအ၀င် ဦးမောင်သိန်း၊ ဦးပေါ်လာနဲ့ ဦးလကွက် တို့ကို တရားမ၀င် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မှုဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ် ခလရ (၈) က ပြီးခဲ့တဲ့နှစ် ၇ လပိုင်း ၁၁ ရက်နေ့က မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အခု ဖမ်းဆီးခံရသူ အားလုံးကို စစ်တပ်က စစ်ဆေးမေးမြန်းမှုတွေလုပ်ခဲ့ပြီး တရားမ၀င် အဖွဲ့အစည်းနဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွဲချက်နဲ့ ရုံးတင်ခဲ့ပါတယ်။ ဒဏ်ငွေ ၁ သိန်းခွဲ ပေးဆောင်နိုင်သူကိုတော့ တရားရုံးက ပြန်လွှတ်ပေးခဲ့ပြီး ဒဏ်ငွေ မပေးဆောင်နိုင်သူ ၃ ဦးကိုတော့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။ အဲ့ဒီထဲက အခု ပျောက်ဆုံးနေသူ ကိုစံရွှေ ကတော့ အာဏာပိုင်တွေရဲ့ စစ်ကြောမှုအတွင်း သေဆုံးသွားခဲ့တယ်လို့ မိသားစုဝင်တွေက ယုံကြည်ထားတဲ့အကြောင်း ကိုစံရွှေရဲ့ ဆွေမျိုးသားချင်းတဦးက အခုလို ပြောပြပါတယ်။

“သေတယ်ဆိုတာ ကိုယ်လည်းသိနေတယ်။ သူတို့သတ်တာလည်း ကိုယ်လည်း သိနေတယ်။ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ အချက်အလက်တွေ ပြည့်ပြည့်စုံစုံလည်း ကျနော်တို့ စုစောင်းထားပါတယ်။ ဓါတ်ပုံတွေဘာတွေလည်း ရိုက်ထားတာ ကျနော်တို့ ရှိတယ်လေ။ အခုထက်ထိ သူတို့ကတော့ ၀န်မခံဘူးလေ။ ဖြစ်ဖြစ်ချင်းက ကျနော်တို့ တိုင်တယ်လေ။ တိုင်ပြီးတော့ အထက်ကလူကြီးက လာပြောတယ်။ ပြဿနာဖြစ်တာကတော့ ခလရ (၈) မှာဖြစ်တယ်။ အဲဒီ ခလရ (၈) မှာပဲ သူတို့ ပြန်လာပစ်တယ်လေ။ အဲဒါ သူတို့ စစ်ပုံစစ်နည်းကတော့ ကျနော်ထင်တာ သဘာဝမကျဘူး ထင်တယ်။ ပြီးတော့ သူတို့ ငြင်းလိုက်တယ်။ ပြီးတော့ သူတို့ ထောင်ကျတဲ့အမျိုးသမီးတွေကို မေးတယ်။ ထောင်မှာရောက်တဲ့သူတွေကို ကျနော်တို့ ထောင်ဝင်စာသွားတွေ့တဲ့အခါကျတော့မှ အဲဒီကိစ္စတွေအားလုံး သိရှိပြီးပြီလေ။ သူတို့ အဲဒီမှာ ညတွင်းချင်းပဲ ခွေးသေ၀က်သေလိုပဲ ဆွဲထုတ်ပြီးတော့ သူတို့ညတွင်းချင်းပဲ သွားမြှုပ်လိုက်တယ်လေ။ မြှုပ်တဲ့နေရာလည်း ကျနော်တို့ အချက်အလက် အထောက်အထား ပြည့်ပြည့်စုံစုံနဲ့ လုပ်ထားတာရှိတယ်။”

ကိုစံရွှေရဲ့ ဇနီးဖြစ်သူကလည်း တခြားမိသားစုဝင်တွေနည်းတူ ထောင်ဝင်စာ တွေ့ခွင့်တောင်းပေမဲ့ တွေ့ခွင့်မရခဲ့ဘူး။ မေးမြန်းတဲ့အခါမှာလည်း အာဏာပိုင်တွေဘက်က တိတိကျကျ ဖြေကြားခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

“သေဆုံးသွားတဲ့ ဦးစံရွှေ အမျိုးသမီးကတော့ သူ့၏တို့ကို မေးတယ်ပေါ့။ တခြား ယောက်ျားတွေ၊ ပြန်လွတ်တဲ့သူလည်း လွတ်တယ်၊ ထောင်ကျတဲ့သူလည်း ကျတယ်။ အဲဒါ သူလည်း တွေ့ခွင့်ရှိတာပေါ့လေ။ မိသားစုနဲ့ သူ တွေ့ဆုံခွင့်ရှိသူတွေကတော့ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြတာပေါ့။ ကျမကျတော့ ကျမ ယောက်ျား အခု ဘယ်မှာရှိလဲ၊ တကယ်လို့ ရှိတယ်ဆိုရင် ပြန်လွှတ်ပေးပါ။ တကယ်လို့ မရှိဘူးဆိုရင်လည်း သေဆုံးသွားတယ်ဆိုရင်လည်း ကျမ အမျှအတမ်း အလှူအတမ်း ပေးဝေးချင်တယ်ပေါ့။ ဆွမ်းကျွေးချင်တယ်ပေါ့လို့ ပြောတယ်။ အဲဒါကို လာစစ်သွားတဲ့ ပုဂ္ဂိုလ်က G-1 လို့တော့ ခေါ်တာပဲ။ ဘယ်လိုအရာရှိလဲတော့ ကျနော်တို့လည်း မသိဘူး။ အဲဒါနဲ့သူက ဗျူဟာတပ်မှူးကို မေးပေးပါ့မယ် ဆိုပြီးတော့ အဲဒီစကားတခွန်းနဲ့ပဲ ဒီနေ့အထိ စောင့်ဆိုင်းနေပါတယ်။ ဘာမှ ထူးခြားတာမရှိဘူး။ အဲဒီ ကျနော်တို့ မေးတဲ့အချိန်မှာ ကျနော်တို့ သိထားပြီးပြီလေ။ သူ မရှိတော့မှန်း ကျနော်တို့ သိနေပြီလေ။ ကျနော်တို့ ထောင်မှာရောက်တဲ့သူကို ထောင်ဝင်စာသွားတွေ့တဲ့အခါကျမှာ အဲဒီကိစ္စတွေ အားလုံး သိရှိပြီးပြီလေ။ သူတို့အဲဒီမှာ ညတွင်းချင်းပဲ ခွေးသေ၀က်သေလိုပဲ ဆွဲထုတ်ပြီးတော့ သူတို့ညတွင်းချင်းပဲ သွားမြှုပ် လိုက်တယ်လေ။ မြှုပ်တဲ့နေရာလည်း ကျနော်တို့ အချက်အလက် အထောက်အထား ပြည့်ပြည့်စုံစုံနဲ့ လုပ်ထားတာရှိတယ်လေ။ ကျနော်တို့ မလုပ်ရဲဘူး မကိုင်ရဲဘူး၊ မကြည့်ရဲဘူး ဖြစ်နေတယ်။ အခု ရှိတော့ရှိနေတာပေါ့။ သူ သေသွားတဲ့နေရာတွေကလဲ။”

အခုလို ကိုစံရွှေနဲ့ ပျောက်ဆုံးမှုနဲ့ပတ်သက်လို့ ဘီးလင်းတရားရုံး၊ မွန်ပြည်နယ်တရားရုံးတို့ကို တိုင်ကြားခဲ့ပေမဲ့ တရားရုံးတွေက အဆင့်ဆင့် ပယ်ချခဲ့တာကြောင့် အခုနောက်ဆုံး နေပြည်တော် တရားရုံးချုပ်အထိ တိုင်ကြားဖို့ မိသားစုဝင်တွေက ပြင်ဆင်နေပါတယ်။ ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် လမ်းပြကြယ်အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့်ကတော့ -

“တရားရုံးချုပ်မှာ ကျနော်တို့က အယူခံပိုင်ခွင့် ရှိသေးတယ်လေ။ မြို့နယ်ကနေ ခရိုင်၊ အခု ခရိုင်မှာလည်း `ရှုံးလာပြီ။ ခရိုင်ကရှုံးတော့ မွန်ပြည်နယ်၊ အဲဒီမှာလည်း ရှုံးလာပြီ။ ကျနော်တို့က ခုခံချေပခွင့်လည်း မရှိဘူး။ ရှေ့နေငှားခွင့်လည်း မရှိဘူး။ နောက်ပြီးတော့ ခံရတဲ့သူတွေရဲ့ ပြန်ပြောပြမှသိတာက ထုနှက်ပြီးတော့ ၀န်ခံခိုင်းတယ်။ အသံဖမ်းစက်နဲ့ဖမ်းတယ်။ ဖမ်းပြီးတော့မှ ကျေးရွာလူကြီးတွေ ရဲတွေကို နားထောင်ခိုင်းပြီး အဲဒီကျေးရွာလူကြီးတွေရဲတွေကို အဲဒီအတိုင်း ထွက်ခိုင်းပြီးတော့ နေတွင်းချင်း ထောင်ချလိုက်တယ်။ ဥပဒေအရ မြန်မာပြည်မှာ အားကိုးလို့ရတယ်မရဘူးဆိုတာ ပြည်သူလူထုလည်း သိစေချင်တယ်။ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း သိအောင်လို့ အခု ဆက်လက်ကြိုးစားနေတယ်။ ဆက်ပြီးတော့ အယူခံဝင်မှာပါ။”

ဒါကတော့ တရားမ၀င် အဖွဲ့အစည်းနဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွဲချက်နဲ့ ပြီးခဲ့တဲ့နှစ် ၇ လပိုင်းက ဖမ်းဆီးခံခဲ့ရသူ ကိုစံရွှေ ပျောက်ဆုံးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး နေပြည်တော်တရားရုံးချုပ်ကို တိုင်ကြားဖို့ ပြင်ဆင်နေတဲ့ အကြောင်း လမ်းပြကြယ်အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့် ပြောပြခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG