သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ ဌာနေတိုင်းရင်းသား အစည်းအဝေး မွန်အဖွဲ့ တက်ရောက်


ကုလသမဂ္ဂ ဌာနေတိုင်းရင်းသားအစည်းအဝေးတက်ရောက်လာသော ကိုမင်းဇေယျ
ကုလသမဂ္ဂ ဌာနေတိုင်းရင်းသားအစည်းအဝေးတက်ရောက်လာသော ကိုမင်းဇေယျ
နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ဌာနေလူမျိုးစုများဆိုင်ရာ ကုလသမဂ္ဂ ပုံမှန်ဆွေးနွေးပွဲတရပ်ကို မေလ (၁၂) ရက်နေ့ကနေ (၂၃) ရက်နေ့ ထိ ကျင်းပနေပါတယ်။ အဲဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံရဲ့တိုင်းရင်းသားတွေကိစ္စ တင်ပြဆွေးနွေးနိုင်ဖို့ ၈၈ မျိုးဆက် ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးမင်းဇေယျာလည်း တက်ရောက်နေပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

အခုကျင်းပနေတဲ့ ဆွေးနွေးပွဲကတော့ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဌာနေလူမျိုးစုများဆိုင်ရာ ကုလသမဂ္ဂ ပုံမှန်ဆွေးနွေးပွဲပဲ ဖြစ်ပါတယ်။ ဒီနှစ်ပါနဲ့ဆို ၁၃ ကြိမ်မြောက် ရှိသွားခဲ့ပါပြီ။ နိုင်ငံပေါင်းရာကျော်က ကိုယ်စားလှယ်ပေါင်း ထောင်ကျော် တက်ရောက်နေတဲ့ ပွဲဖြစ်ပြီး လာမယ့်ကြာသပတေး မေ (၁၅) ရက်ကျရင် မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစုတွေ အရေးကို ၈၈ မျိုးဆက် ခေါင်းဆောင် ဦးမင်းဇေယျာနဲ့အတူ အမေရိကန်မှာ ဖွဲ့ထားတဲ့ MAA ခေါ် အမေရိကန်မွန် တိုင်းရင်းသားများအဖွဲ့ဝင် ၆ ဦးလည်း တက်ရောက်ဆွေးနွေးကြမှာဖြစ်ပါတယ်။ သူတို့ ဘာတွေဆွေးနွေးမလဲ ဆိုတဲ့အကြောင်း ဦးမင်းဇေယျာက VOA ကို ပြောပါတယ်။

“ကျနော်တို့ရည်ရွယ်ထားတာက ကျနော်တို့ ဒီမှာ စာတမ်းတစ်စောင် ပြုစုထားတယ်ပေါ့နော်။ ဒီစာတမ်းကတော့ ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေပေါ့နော်- ဥပမာ ဆိုပါစို့၊ အပစ်အခတ်ရပ်စဲရေး အခြေအနေတွေ၊ နောက်ပြီးတော့ ငြိမ်းချမ်းရေးဆောင်ရွက်မှု အနေအထားတွေ၊ နောက်ပြီးတော့ လက်ရှိ တိုက်ပွဲဖြစ်ပေါ်နေတဲ့အပေါ်မှာ တိုင်းရင်းသားတွေရဲ့ ဒုက္ခတွေ၊ တိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေ၊ ဒီအပေါ်မှာ ကျနော်တို့က သုံးသပ်ချက်တွေကို ရေးသားထားတဲ့စာတမ်းကို ဖတ်ပြမယ်။ ပြီးတော့ အဲဒီအပေါ်မှာ အပြန်အလှန် ဆွေးနွေးကြမယ်လို့ ရည်ရွယ်ထားပါတယ်။”

အခုကျင်းပနေတဲ့ လူမျိုးစုများအရေးဆိုင်ရာ ကုလသမဂ္ဂဆွေးနွေးပွဲကို မွန်တိုင်းရင်းသားတွေ တက်ရောက်နေတယ်ဆိုပေမယ့် မြန်မာနိုင်ငံက တိုင်းရင်းသားတွေအားလုံးရဲ့ အရေးကိုဆွေးနွေးသွားမှာဖြစ်တယ်လို့ ဦးမင်းဇေယျာက ပြောပါတယ်။ ဒီလိုအချိန်မှာ တိုင်းရင်းသားအရေးကိစ္စ ကို ကုလသမဂ္ဂမှာ လာဆွေးနွေးဖြစ်ရတဲ့အကြောင်းကိုလည်း သူက ရှင်းပြပါတယ်။

“မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအခြေအနေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ဆုံးရှုံးနေတာတွေ၊ အဲဒီ တိုင်းရင်းသားတွေ အပေါ်မှာ ဖိနှိပ်ချုပ်ခြယ်မှုတွေ၊ ဒီအပေါ်မှာ လက်ရှိအစိုးရရဲ့ ဖြေရှင်းမှုတွေကလည်း အချိန်ဆွဲတဲ့သဘောမျိုး၊ ထိရောက်မှု မရှိဘဲနဲ့ နိုင်ငံရေးအရ အမြတ်ထုတ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတဲ့သဘောမျိုးတွေ သက်ရောက်နေတဲ့အကြောင်းကို တင်ပြမယ်။ နောက်ပြီးတော့ ကျနော်တို့လိုပဲ ဘဝတူ တခြားသော ဒီ ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးစုငယ်လေးတွေနဲ့ လက်တွဲပြီးတော့ သက်ဆိုင်ရာ လူမျိုးစုတိုင်းဟာ သူ့ရဲ့အခွင့်အရေးတွေကို အပြည့်အဝရရှိဖို့နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေကို ခိုင်ခိုင်မာမာနဲ့ ပြည့်ပြည့်ဝဝ ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ကို ဒီအစည်းအဝေးပွဲမှာ တိုက်တွန်းမယ်၊ နှိုးဆော်မယ်။ နောက်ပြီး ကျန်သော ကမ္ဘာ့လူမျိုးစုတွေနဲ့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်။”

အခုဆွေးနွေးမှုတွေကနေ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေအတွက် ဘာတွေမျှော်လင့်ထားသလဲဆိုတာကိုလည်း ဦးမင်းဇေယျာက ထပ်ပြောပါတယ်။

“အဓိက ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ဗျာ-ကုလသမဂ္ဂစင်မြင့်ကနေပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားတွေရဲ့ အခက်အခဲတွေ၊ ပြဿနာတွေအပေါ်မှာ ကျနော်တို့တွေက တင်ပြခွင့်ရတဲ့အတွက်ကြောင့် ကျနော်တို့နိုင်ငံမှာရှိတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို ကမ္ဘာ့နိုင်ငံတွေ၊ ကမ္ဘာ့လူမျိုးစုတွေက အကုန်လုံး သိသွားမယ်။ အဲဒီလို တကယ့်ဖြစ်ရပ်မှန်တွေကို သိသွားပြီးတဲ့အခါမှာ ဒီအပေါ်မှာ သူတို့တွေရဲ့စာနာမှုတွေနဲ့ သူတို့တွေရဲ့ အားပေးကူညီမှုတွေကို ရရှိမယ်လို့ မျှော်လင့်ထားတယ်။ နောက်ပြီးတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံမဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခက်အခဲ ပြဿနာတွေဟာလည်း လူမျိုးတမျိုးနဲ့တမျိုး၊ ဒေသတခုနဲ့တခုကလည်း ဆက်စပ်တဲ့အတွက်ကြောင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်တဲ့အကြောင်းကိုလည်း အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်ဖို့ကိုလည်း မျှော်လင့်တယ်လေ။ အဲဒီတော့ ပြောချင်တဲ့သဘောက ဒီဆွေးနွေးပွဲဟာ ကမ္ဘာ့နိုင်ငံတွေ၊ ကမ္ဘာ့လူမျိုးစုတွေကို အားလုံးသိအောင် တင်ပြခွင့်ရမယ့်အပြင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုလည်း ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျနော်တို့ ဒီညီလာခံကို၊ ဒီဆွေးနွေးပွဲကို တက်တာ ဖြစ်ပါတယ်။”

ဌာနေလူမျိုးစုများဆိုင်ရာ ကုလသမဂ္ဂ ပုံမှန်ဆွေးနွေးပွဲ ဖွင့်ပွဲကို တနင်္လာနေ့ မနေ့က ကျင်းပခဲ့ပြီး အမေရိကန်သမ္မတအိုဘားမားက သဝဏ်လွှာ ပေးပို့ခဲ့ သလို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုယ်တိုင် တက်ရောက် အမှာစကားပြောကြားခဲ့တယ်ပါတယ်။
XS
SM
MD
LG