သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရငြိမ်းချမ်းရေးမူ လက်တွေ့ကျင့်ဖို့ မွန်ခေါင်းဆောင်တိုက်တွန်း


မြန်မာပြည်တွင်းမှာ ပထမဆုံးအကြိမ် တရားဝင် ကျင်းပခဲ့တဲ့ ပြည်တွင်းပြပ မွန်အဖွဲ့အစည်းများညီလာခံ။ (စက်တင်ဘာ ၂၈၊ ၂၀၁၃)။
မြန်မာပြည်တွင်းမှာ ပထမဆုံးအကြိမ် တရားဝင် ကျင်းပခဲ့တဲ့ ပြည်တွင်းပြပ မွန်အဖွဲ့အစည်းများညီလာခံ။ (စက်တင်ဘာ ၂၈၊ ၂၀၁၃)။
တိုင်းရင်းသားတွေနဲ့ ထာဝရ ငြိမ်းချမ်းရေးမရနိုင်သေးတဲ့ မြန်မာနိုင်ငံကို ပြန်လည်တည်ဆောက်တဲ့နေရာမှာ အစိုးရအနေနဲ့ သူတို့ ချမှတ်ထားတဲ့ အခြေခံမူတွေကို အပြောနဲ့တင်မဟုတ်ဘဲ လက်တွေ့ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မွန်တိုင်းရင်းသား ခေါင်းဆောင်တဦးက ပြောဆိုလိုက်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံတွင်းမှာ တရားဝင် ကျင်းပနိုင်ခဲ့တဲ့ မွန်အမျိုးသားညီလာခံ ဒီကနေ့ ဖွင့်ပွဲအခမ်းအနားမှာ အဲ့ဒီလို ပြောဆိုခဲ့ တာပါ။ ဒါ့အပြင် ဒီညီလာခံကြီးကို မွန်အမျိုးသားတရပ်လုံး စုစည်းညီညွတ်ဖို့အပါအဝင် ရည်ရွယ်ချက် ၃ ခုနဲ့ ကျင်းပခဲ့တာ ဖြစ်တယ်လို့လည်း ညီလာခံဖြစ်မြောက်ရေး ကော်မတီက ပြောဆိုတဲ့အကြောင်းကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မွန်အမျိုးသားတရပ်လုံး စုစည်းညီညွတ်ဖို့၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် တရားအပေါ် အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ မြန်မာနိုင်ငံက အင်အားစုအားလုံးပါဝင်တဲ့ ပြန်လည်သင့်မြတ်ရေးညီလာခံ ကျင်းပနိုင်ရေး - ဒီရည်ရွယ်ချက် ၃ ခုနဲ့ မွန်အမျိုးသားညီလာခံ ကြီးကို မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမမှာ စနေနေ့ကစပြီး ကျင်းပခဲ့တာပါ။ ၃ ရက်ကြာ ကျင်းပတဲ့ ဒီညီလာခံကြီးရဲ့ အဖွင့်မိန့်ခွန်းအနေနဲ့ NMSP မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်က မြန်မာနိုင်ငံ ပြန်လည် တည်ဆောက်ရေးနဲ့ ပတ်သက်လို့ အခုလို ပြောကြားခဲ့တဲ့ အကြောင်း ညီလာခံဖြစ်မြောက်ရေးကော်မတီနာယက နိုင်တင်အောင်က ပြောပြပါတယ်။

“ဗမာပြည်အခြေအနေက အဆင်းရဲဆုံး နိုင်ငံ ဖြစ်နေတယ်။ အမျိုးသား ညီညွတ်ရေး အပြိုကွဲဆုံးနိုင်ငံဖြစ်နေတယ်။ ပြည်တွင်းစစ်ကလည်း ၆၆ နှစ် ရှိနေပြီ။ ဗမာပြည်ရဲ့အခြေအနေက အခု ရစရာမရှိအောင် အစည်းပြေနေ တယ်။ ဒါကို ပြန်လည်တည်ဆောက်ဖို့ လုပ်တဲ့နေရာမှာ မှန်မှန်ကန်ကန် သဘောထားဖို့၊ နိုင်ငံတော်အစိုးရကလည်း သူပြောထားတဲ့ ဒီမိုကရေစီအရေး ကူးပြောင်းမယ်၊ နောက်တစ်ခုက တိုင်းရင်းသားလူမျိုးအရေး တည်ဆောက်မယ်၊ ပြည်တွင်းစစ် ရပ်စဲမယ်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုပြီး အခြေခံမူကို ခိုင်ခိုင်မာမာ ပြောသလိုလုပ်ဖို့ သိပ်အရေးကြီးတယ်။ အဲသလို မလုပ်ဘဲနဲ့ အပေါ်ယံကြောလောက်ပဲ လက်တွေ့ပိုင်း မပါဘူးဆိုလို့ရှိရင်တော့ ဗမာပြည်ရဲ့နိုင်ငံရေးပြဿနာဟာ ဒီကနေ့ဖြစ်နေတဲ့ ပဋိပက္ခကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ အဲလို သူပြောသွားတယ်။”

ဒီညီလာခံကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီ၊ မွန်ပြည်သစ်ပါတီ အပါအဝင် မွန်လူမှုအဖွဲ့အစည်း တွေဖြစ်တဲ့ မွန်လူငယ်အဖွဲ့၊ မွန်သံဃာတော်အဖွဲ့၊ မွန်အမျိုးသမီးအဖွဲ့ နဲ့ နိုင်ငံတကာရောက် မွန်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြတာပါ။ အခုလို ပြည်တွင်း-ပြည်ပ မွန်အင်အားစုတွေ တစုတစည်းတည်း ပါဝင်ပြီး ဒီညီလာခံကြီးကို မြန်မာနိုင်ငံတွင်းမှာ တရားဝင် ကျင်းပခွင့်ရတာဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ အရင်ကဆိုရင် ဒီညီလာခံကို နယ်စပ်ဒေသတွေမှာနဲ့ မွန်ပြည်သစ်ပါတီ အခြေစိုက်ဒေသတွေမှာသာ ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီညီလာခံကို အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှာ ဝန်ကြီး ဦးအောင်မင်းလည်း တက်ရောက်ခဲ့ပြီးတော့ အစိုးရက ကြိုးပမ်းနေတဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ရပ်ရေး ကျင်းပ နိုင်ဖို့ကို ပြောဆိုသွားတယ်လို့ ညီလာခံဖြစ်မြောက်ရေးကော်မတီ နာယက နိုင်တင်အောင် အခုလို ဆက်ပြောပြပါတယ်။

“ဗမာပြည်ငြိမ်းချမ်းရေးအတွက် ကျနော်တို့ ခင်းထားတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ဖက်ဒရယ်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လုပ်မယ်။ နောက်တစ်ခါ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း လေ့လာသုံးသပ်နေကြပြီ။ ပြင်ဖို့ ပြောင်းဖို့ပေါ့။ ဒါလည်း ကြိုးစားနေတယ်။ နောက်တစ်ခါ သူတို့ ကတိပေးထားတဲ့ National Daigolague ပေါ့ဗျာ။ တမျိုးသားလုံးနဲ့ဆိုင်တဲ့ ပြန်လည်သင့်မြတ်ရေးညီလာခံတစ်ရပ်ကို အမြန်ဆုံး ခေါ်ယူနိုင်ဖို့အတွက် တပြည်လုံး Nationwide cease fire ပေါ့ဗျာ။ အဲဒါကို လာမယ့် အောက်တိုဘာလမှာ ကျင်းပဖို့ သူက ပြောသွားတယ်။”

တခါ ဒီညီလာခံကို အမျိုးသားလည်းဖြစ် ၈၈ မျိုးဆက်ခေါင်းဆောင်တွေလည်းဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုမင်းဇေယျာတို့လည်း တက်ရောက်ခဲ့ကြပါတယ်။ ကိုမင်းကိုနိုင်ကတော့ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်မှုဟာ တမျိုးသားလုံးရဲ့အရေးဖြစ်တယ်ဆိုတာကို အားလုံးက သဘောတူလက်ခံတဲ့အကြောင်း အခုလို ပြောဆိုပါတယ်။

“ ကျနော်က မွန်တိုင်းရင်းသား ပါတီ ၂ ခုရရဲ့ မွန်ပြည်သစ်ပါတီပေါ့လေ- အဲဒီက ဥက္ကဋ္ဌတွေ သုံးယောက်စလုံးနဲ့ တွေ့ဆုံခွင့်ရပါတယ်။ တကယ်လည်း နီးနီးကပ်ကပ် ပြောကြဆိုကြတဲ့အခါမှာတော့ ရလဒ်ကောင်းတွေရဖို့ အခြေခံအချက်တွေတော့ တော်တော်များများ ကိုက်ညီတာ တွေ့ရတယ်ဗျ။ သဘောကတော့ဗျာ- ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးဟာ နိုင်ငံရေးသမားတွေချည့်လုပ်လို့ ရတဲ့ကိစ္စမဟုတ်ဘူး။ decision maker ခေါ်တဲ့ ဆုံးဖြတ်ချက်ချတဲ့သူတွေချည့်ပဲ ပေးသွားရမယ့် လုပ်ငန်းစဉ်မဟုတ်ဘူးဗျ၊ တမျိုးသားလုံးက တကယ်လိုအပ်နေပြီဆိုတာ အုံးအုံးကြွက်ကြွက်ပါဝင်ပြီးတော့ တွန်းတွန်းတိုက်တိုက်နဲ့ ဒီဟာကြီး မဖြစ်ဖြစ်အောင်ပေါ့လေ။ အဲလိုလုပ်နိုင်မှ တန်ကာကျမယ်၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့အတူ တိုင်းရင်းသားအရေးကိစ္စတွေကိုလည်း တပြိုင်နက်တည်းဖြေရှင်းလို့ ရမယ်ပေါ့။ ဆိုလိုတာကတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ကျနော်တို့ ဒီအချိန်ဟာ တိုင်းရင်းသားအရေးဟာ အမြင့်မားဆုံးအချိန်ပဲ။ ရင့်မှည့်နေပြီပေါ့ဗျာ။ အဲဒါကို အကုန်လုံးက ရိတ်သိမ်းကြရမယ်။ မဟုတ်လို့ရှိရင် နောက် အချိန်နှောင်းသွားလို့ရှိရင် ဒီလောက်ကောင်းတဲ့အခွင့်အရေး ဆုံးရှုံးသွားလိမ့်မယ်၊ နစ်နာမှုတွေ ရှိနိုင်တယ်။ ကျနော်တို့ အဲဒီအချက်ပေါ်မှာတော့ အားလုံးသဘောတူကြပါတယ်။”

ဒါ့အပြင် တိုင်းရင်းသားတွေကို တန်းတူအခွင့်အရေးပေးမှ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မယ် ဆိုတာနဲ့ တိုင်းရင်းသားတွေရဲ့ သမိုင်းမှန်တွေကို ဖော်ထုတ်ကိုလည်း ကိုမင်းကိုနိုင်က ဒီညီလာခံကြီးမှာ တိုက်တွန်းခဲ့တယ်လို့ အခုလို ဆက်ပြောပြပါတယ်။

“အဓိက ကတော့ဗျာ။ ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စုသွားမယ်ဆိုတာကို အစိုးရကော လွှတ်တော်ကကော မငြင်းပါဘူး။ ဒါပေမဲ့ ဖက်ဒရယ်ဆိုတာကို ဘာသာပြန်ပုံတော့ သိပ်ကွဲပြားသွားမှာမျိုး ကျနော်စိုးရိမ်တယ်။ အဲဒီတော့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေက အစ ပေါ့လေ။ အဲဒါတွေကို ခြေခြေမြစ်မြစ် ဆွေးနွေးကြဖို့ အချိန်လည်းတန်နေပြီ။ ပြီးတဲ့အခါကျတော့ ကျနော်ကိုယ်တိုင်လည်း မွန်အမျိုးသားတစ်ယောက် ဖြစ်နေတဲ့အတွက်ကြောင့် မွန်အမျိုးသားတွေရဲ့သမိုင်းတွေ အမှန်အတိုင်း ပြန်ပြီးတော့ ဖော်ထုတ်ခွင့်ရပြီးတော့ လူမျိုးတိုင်းဟာ မိမိတို့ရဲ့ ကြီးမြတ်တဲ့ သမိုင်းကြောင်းတွေကို သိခွင့်ရမယ်၊ ဖော်ထုတ်ခွင့်ရမယ်၊ ပြီးတဲ့အခါကျရင် သမိုင်းအသစ်၊ အကောင်းတွေကို ရေးနိုင်တဲ့လူမျိုးတွေဖြစ်ဖို့ ကျနော်တိုက်တွန်းခဲ့ပါတယ်။”

စက်တင်ဘာလ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ သုံးရက်ကြာကျင်းပမယ့် ဒီညီလာခံကြီးရဲ့ ဖွင့်ပွဲနေ့ကတော့ - လက်ရှိ မွန်ပညာရေးအခြေအနေ၊ မွန်စာပေသင်ကြားရေး၊ မွန်လူငယ်တွေရဲ့ အခန်းကဏ္ဍနဲ့ မွန်အမျိုးသမီးတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး စာတမ်း ၃ စောင်ကို တင်ပြ ဆွေးနွေးခဲ့ကြပါတယ်။ ညီလာခံဒုတိယမြောက်နေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာတော့ - ညီလာခံကျင်းပရခြင်း ရည်ရွယ်ချက် ၃ ခုကို ဆွေးနွေးဖို့ရှိတယ်လို့လည်း ညီလာခံဖြစ်မြောက်ရေး ကော်မတီက ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဒီညီလာခံကြီးရဲ့ ဘေးပန်း သီးသန့်အနေနဲ့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ NMSP မွန်ပြည်သစ်ပါတီ၊ KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ DKBA အဖွဲ့ ၃ ဖွဲ့နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံပြီး - ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်က ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်ရှင်။
XS
SM
MD
LG