သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် နိုင်ရော့စ ၆၇ နှစ် ကွယ်လွန်


မွန်ပြည်သစ်ပါတီအလံ
မွန်ပြည်သစ်ပါတီအလံ
မွန်ပြည်သစ်ပါတီရဲ့ ဝါရင့် နိုင်ငံရေးခေါင်းဆောင်လည်းဖြစ် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ဦးဆောင်သူလည်းဖြစ်တဲ့ ဒုဥက္ကဌ နိုင်ရော့စ ကွယ်လွန်သွားတာဟာ ပါတီနဲ့ လူထုအတွက် ဆုံးရှုံးမှုတရပ်ဖြစ်ကြောင်း၊ ဒါပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းအပေါ်မှာတော့ ထိခိုက်မှု ရှိနိုင်မှာ မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးက ပြောပါတယ်။
အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ မွန်ပြည်သစ်ပါတီရဲ့ ဒုက္ကဌ နိုင်ရော့စရဲ့ နာရေးသတင်းကိုတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော် သတင်းပေးပို့ခဲ့ပါတယ်။

အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ ဒုဥက္ကဌ နိုင်ရော့စ ဟာ အသက် ၆၇ နှစ်အရွယ်မှာ လည်ချောင်းကင်ဆာရောဂါနဲ့ ထိုင်းနိုင်ငံ စံခလဘူရီဆေးရုံမှာ စနေနေ့ ည ၇ နာရီနဲ့ မိနစ် ၅၀ အချိန်က ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဒုဥက္ကဌ နိုင်ရော့စဟာ အတွေ့အကြုံရှိတဲ့ ခေါင်းဆောင်တစ်ယောက်
ဖြစ်တာကြောင့် သူ ကွယ်လွန်သွားတာဟာ ပါတီနဲ့ လူထုအတွက် ဆုံးရှုံးမှုတရပ်ဖြစ်တယ်လို့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ် သူ နိုင်တလညီ က ပြောဆိုပါတယ်။

“ဒုဥက္ကဌဆိုရင်တော့ ဒါ တော်လှန်ရေးမှာ အတွေ့အကြုံ တော်တော်လေး ရှိခဲ့တာပေ့ါနော်။ ၁၉၇၀ ကျော်ကတည်းက ဒါ နှစ်ပေါင်း ၄၀ ကျော်ပေါ့နော် တော်လှန်ရေးကာလမှာလည်း ဖြတ်သန်းခဲ့တယ်။ နောက်ပြီးတော့ ဒီ တော်လှန်ရေးကာလတလျှောက်မှာလည်း ကျနော်တို့ တော်လှန်ရေးအတွက်ကို အများကြီး လုပ်ဆောင်နိုင်ခဲ့တယ်ပေါ့နော် နောက်ပြီးတော့ ဒီ အဖွဲ့ဝင်တွေနဲ့ရော၊ လူထုတွေနဲ့ရော ဒီအဖွဲ့အစည်း အချင်းချင်းတွေနဲ့ရောပေါ့နော် ဆက်ဆံ ပေါင်းစပ် လုပ်ငန်းလုပ်တဲ့နေရာမှာကျတော့လည်း တော်တော်လေးကို ထိရောက်တဲ့ အနေအထားမှာ ရှိတယ်ပေါ့နော်။ ဒီလို ပုဂ္ဂိုလ် ဒုဥက္ကဌတယောက် ဆုံးပါးသွားတာဟာ ကျနော်တို့အတွက် ပါတီအတွက် များစွာ ဆုံးရှုံးနစ်နာမှု တစ်ခုပေါ့လေ။ ဒါ့အပြင် ပြည်သူတွေအတွက်ရော၊ တိုင်းပြည်အတွက်ရော ဆုံးရှုံးမှုတစ်ခုလို့ ကျနော်တို့ ခံယူတယ်လေ။”

ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရသစ် တက်လာပြီးတဲ့နောက် အပစ်အခတ် ရပ်စဲရေးအတွက် ထပ်မံ ဆွေးနွေးပြီး လက်မှတ် ရေးထိုးရာမှာ နိုင်ရော့စ ဟာ မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေးအဖွဲ့ကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

နိုင်ရော့စ ကွယ်လွန်သွားတဲ့အတွက် နှစ်ဘက် ငြိမ်းချမ်းရေး တည်ဆောက်မှုအပေါ် ထိခိုက်နိုင်မှု ရှိ၊ မရှိကို နိုင်တလညီ က အခုလို ဆက်ပြောပါတယ်။

“ဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ ထိခိုက်မှုတော့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့က ဒီ ငြိမ်းချမ်းရေးအဖွဲ့က ကျနော်တို့ ဗဟိုရဲ့ ပေါ်လစီပိုင်းပဲ လုပ်ရတဲ့ကိစ္စဖြစ်တယ်။ ဒါကြောင့် ဒုဥက္ကဌမရှိရင်လည်း ဒါ ကျနော်ထင်ပါတယ်။ ငြိမ်းချမ်းရေးကိစ္စက အခက်အခဲတော့ မရှိနိုင်ပါဘူးပေါ့နော်။”

နိုင်ရော့စနဲ့ ရင်းနှီးသူတဦးဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုရေစီပါတီရဲ့ ဥက္ကဌ နိုင်ငွေသိန်း ကလည်း သူကွယ်လွန်တဲ့အပေါ်မှာ အခုလို ပြောဆိုပါတယ်။

“နိုင်ရော့စ ကတော့ ပညာတတ်ကလည်း ပညာတတ်၊ လေ့လည်းလေ့လာတယ်။ အမြဲတမ်းပဲ လေ့လာနေသူ၊ အမြဲတမ်းစာဖတ်တယ်ခင်ဗျ။ ပြဿနာရှင်းတဲ့နေရာမှာလည်း စိတ်ရှည်တယ် သူက။ တအားကို လိမ္မာပါးနပ်မှုရှိတယ်လေ။ ပြီးတော့လည်း မွန်အမျိုးသားတွေအတွက် ပြောနိုင်ဆိုနိုင်တဲ့ အနေအထားရှိတယ်ပေါ့။ သူ ကွယ်လွန်သွားတဲ့အခါကျတော့ ကျနော်တို့အတွက်ကတော့ အများကြီး ဆုံးရှုံးတယ်ပေါ့ဗျာ။ သူရှိမယ်ဆိုရင် ကျနော်တို့အတွက် တအားကို အားကိုးရတယ်။ လူငယ်ပိုင်းကတော့ သူ့ကို စိတ်ဝင်စားတာများတယ်။”

ကွယ်လွန်သူ နိုင်ရော့စ က စီးပွားရေးတက္ကသိုလ်က B.Com ဘွဲ့ ရသူဖြစ်ပြီး၊ ၁၉၇၁ ခုနှစ် အသက်၂၅နှစ်အရွယ်မှာ မွန်ပြည်သစ်ပါတီကို ဝင်ရောက်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာ သူဟာ အထွေထွေ အတွင်းရေးမှူးတာဝန်၊ ၂၀၀၆ ခုနှစ်မှာ ပါတီဒုဥက္ကဌ တာဝန်တွေကို ထမ်းတောင်ခဲ့သူ ဖြစ်ပါတယ်။

နိုင်ရော့စရဲ့ ဈာပနကိုတော့ ဇွန်လ ၂၁ ရက်နေ့မှာ ဘုရားသုံးဆူက ဂျပန်ရေတွင်းကျေးရွာမှာ ကျင်းပမှာ ဖြစ်ပါတယ်။

နိုင်ရော့စ ကွယ်လွန်တဲ့အပေါ်မှာတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ၊ ဒုသမ္မတ ဦးစိုင်းမောက်ခမ်း ခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးစင်တာ စတဲ့ အဖွဲ့အစည်းတွေက နိုင်ငံပိုင် သတင်းစာတွေမှာ ဝမ်းနည်းကြောင်း မှတ်တမ်းတင် ဖော်ပြကြသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ရော့စ ကွယ်လွန်ချိန်မှာ ဇနီးနဲ့အတူ သားသမီး ၅ ယောက် ကျန်ရစ်ခဲ့ပါတယ်။
XS
SM
MD
LG