သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်နိုင်ငံရေးပါတီများ တပါတီတည်းအဖြစ်ပူပေါင်း


မွန်နိုင်ငံရေးပါတီများ တပါတီတည်းအဖြစ်ပူပေါင်း
မွန်နိုင်ငံရေးပါတီများ တပါတီတည်းအဖြစ်ပူပေါင်း

မွန်နိုင်ငံရေးပါတီတွေဖြစ်တဲ့မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနဲ့ မွန်နိုင်ငံရေး အင်အားစု တွေဖြစ်တဲ့ မွန်ကိုယ်စားပြုပါတီ အကောင်အထည်ဖော်ဆောင်ရေး အဖွဲ့တို့ဟာ ဒီကနေ့မှာ တပါတီအဖြစ် ပေါင်း စည်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ နိုင်ငံရေးမဟာမိတ်အခန်းကဏ္ဍအတွက် အချိန်ယူဆုံးဖြတ်ရမယ်လို့ ပါတီ ခေါင်းဆောင် တွေက ဆိုပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ ထားပါတယ်။

ဒီကနေ့မွန်နိုင်ငံရေးပါတီပေါင်းစည်းရေးပွဲကျင်းပရာမှာ အားရကျေနပ်မှုရှိသလို ရှေ့ဆက် အောင်မြင်မှု အတွက် မျှော်လင့်တယ်လို့ မွန်ပါတီထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ နိုင်စိုးမြင့်က ပြောပါတယ်။

“နိုင်ငံရေးပါတီနှစ်ပါတီနဲ့ ပြင်ပအင်အားစု နိုင်ငံရေးအင်အားစုပေါင်းစည်းတယ်ဆိုတော့ အားလုံးက အားရ ကျေနပ် ကြတယ်။ ကျနော်က ရှေ့ဆက်ပြီးတော့ ပြည်သူတွေရဲ့ဆန္ဒနဲ့၊ နောက် သူတို့ ဒီပါတီ သစ်ကို ဖွဲ့စည်းတဲ့ နေရာမှာ သူတို့ရဲ့ ပံ့ပိုးကူညီတဲ့ငွေတွေလည်း သိန်းရာဂဏန်းနဲ့ပေးကြတယ်။ ကနေ့အခြေအနေကတော့ လူထု ထောက်ခံမှုကို တခဲနက်ရတယ်လို့ပြောလို့ရတယ်ပေါ့လေ။ မွန်ပါတီတခုတည်းဖြစ်သွားပြီးဆိုရင် လာမဲ့ ရွေးကောက်ပွဲတွေကို အောင်မြင်မှုတွေပိုများလာဖို့ ကျနော်တို့ ဆက်ကြိုးစားသွားကြမယ်။ ပိုပြီးတော့ အောင်မြင်လာမယ်လို့ ကျနော်တို့မျှော်လင့် တာပေါ့။”

မွန်နိုင်ငံရေးပါတီတွေဖြစ်တဲ့မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနဲ့ မွန်နိုင်ငံရေး အင်အားစု တွေ ဖြစ်တဲ့ မွန်ကိုယ်စားပြုပါတီတို့ကနေပေါင်းစည်းထားတဲ့ ပါတီအမည်သစ်ကို မွန်ပါတီ ဆိုပြီး အများဆန္ဒအရ ခေါ်တွင်ခဲ့တယ်လို့ သူကဆိုပါတယ်။

မွန်ပါတီအမည်သစ်နဲ့ နိုင်ငံရေးပါတီများတည်ထောင်ခြင်း နည်းဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆီမှာ ပါတီအမည်ပြောင်းလဲ မှတ်ပုံတင်သွားမှာဖြစ်ပါတယ်။

မတူညီတဲ့လုပ်ငန်းစဉ် မူဝါဒတွေကို ညှိနှိုင်းဆွေးနွေးပြီးမှ ပါတီခြင်းပေါင်းစည်းလာခဲ့သလို မဟာမိတ် သတ်မှတ်ရေးမှာလည်း အချိန်ယူဆွေးနွေးရဦးမယ်လို့ နိုင်စိုးမြင့်က ဆိုပါတယ်။

“ကျနော်တို့ ပေါင်းစည်းရေးအဆင်ပြေအောင်ပေါ့။ ပြီးခဲ့တဲ့ ထိပ်သီးဆွေးနွေးတဲ့အခါကျတော့ သက်ဆိုင်ရာ မဟာမိတ်အလိုက် မွန်ဒေသလုံးဆိုင်ရာက NBF ကျနော်တို့ မွန်အမျိုးသားပါတီက UNA မဟာမိတ် အဖွဲ့ဝင်တွေ ဖြစ်တယ်လေ။ ဒါကလည်း ကျနော်တို့က ရှေ့ဆက်ပြီးမှ ဖြစ်ပေါ်လာမဲ့ ပါတီသစ်နဲ့အတူ ဗဟိုကော်မီတီတွေက အချိန်အနည်းငယ်ယူပြီးတော့ ဒါ သူတို့ရဲ့ဆန္ဒအတိုင်း ကျနော်တို့ဆုံးဖြတ်ရမယ်။ နောက်ဒီမဟာမိတ် ဖွဲ့စည်းမှု မှာလည်းပဲ NBF သို့မဟုတ် UNA တခု တည်းရဲ့ ရွေးချယ်မှုတော့ ရှိမှာပေါ့လေ။”

မွန်နိုင်ငံရေးပါတီတွေ ပေါင်းစည်းဖို့ကို ၂၀၁၅ ခုနှစ် မတိုင်ခင်ကတည်းက မွန်ပြည်သူတွေ၊ သံဃာတော်တွေ၊ တက်ကြွ လှုပ်ရှားသူတွေကနေ ကြိုးပမ်းခဲ့ပေမဲ့ အောင်မြင်မှု မရရှိခဲ့ပါဘူး။

တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ နိုင်အောင်သန်းလွင်ကတော့ မွန်ပါတီတွေကွဲပြားနေလို့ မဖြစ်တဲ့အကြောင်း ပြောဆိုပါတယ်။

“မွန်လူမျိုးစုတွေ ကွဲပြားလို့မရတော့ဘူးဆိုတာ တပ်လှန့်လိုက်ပြီလေ။ ရှေ့ဆက်ပြီးတော့ ဒီလိုမျိုး ကွဲပြားမဲ့အနေ အထား မဖြစ်အောင် (၂၀၁၅) က တပ်လှန့်ပေးလိုက်ပြီးဆိုတော့ ရှေ့ဆက်ပြီးတော့ နောက်ထပ်ကွဲပြားမဲ့ အခြေအနေ မဖြစ်အောင် အားလုံးဝိုင်းထိန်းသိမ်းကြဖို့လိုသလို ထိန်းသိမ်း မယ်လို့လည်း မျှော်လင့်တယ်။ တခုတည်းသောမွန်လူမျိုးစုရဲ့ပါတီတခု၊ တသံတည်း ဖြစ်မယ် ဆိုရင်တော့ တမျိုးသားလုံးအတွက်လည်း ကောင်းမယ်။ တိုင်းရင်းသားအားလုံးအတွက်လည်း ကောင်းမယ်။”

မွန်ပါတီတွေ ပေါင်းစည်းကြတော့မှာဖြစ်တဲ့အတွက် လာမဲ့ (၂၀၂၀) ရွေးကောက်ပွဲမှာ ရလဒ် ကောင်းတွေ ပေါ်ထွက်မယ်လို့ မျှော်လင့်ကြောင်း နိုင်အောင်သန်းလွင်က ပြောပါတယ်။

မွန်တပါတီတည်းဖြစ်ရေးကို လိုလားကြောင်း မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်က မွန်ဘာသာနဲ့ အခုလို ပြော ပါတယ်။

“ကျနော်တို့သဘောထားကတော့ မွန်တပါတီဖြစ်ရေးပဲ လိုလားတယ်၊ ကျနော်တို့အမြင်ကလည်း ဒီသဘောပါပဲ၊ ခုလို ပေါင်းစည်းသွားနိုင်တာကို ဝမ်းသာတယ်၊ ကြိုဆိုတယ်၊ မွန်တော်လှန်ရေးနေ့ ထုတ်ပြန်ချက်မှာလည်း မွန်ပြည်သစ်ရဲ့ သဘောထား ထုတ်ပြန်ထားပါတယ်။”

ပေါင်းစည်းထားတဲ့မွန်ပါတီမှာ ဥက္ကဋ္ဌအဖြစ်နိုင်တင်အောင် ဒုဥက္ကဋ္ဌတွေအဖြစ် နိုင်ချမ်းတွဲ့၊ နိုင်ဇနူမွန် ခေါ် နိုင်ငွေသိန်း၊ ဒေါက်တာလှအောင်၊ အတွင်းရေးမှူးအဖြစ် ဒေါက်တာမင်းနွယ်စိုး၊ တွဲဖက် အတွင်းရေးမှူး နိုင် လယီတမတို့ကို ရွေးချယ် ထားပါတယ်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ဟာ (၂၀၁၀) ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ (၁၆) နေရာ အနိုင် ရထားပေမဲ့ (၂၀၁၅) ရွေးကောက်ပွဲမှာတော့ တနေရာသာအနိုင်ရရှိထားပါတယ်။

မွန်အမျိုးသားပါတီ MNP အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာကိုယ်စားလှယ်နေရာ (၃) နေရာ အနိုင်ရ ထားပါတယ်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနဲ့ မွန်နိုင်ငံရေးအင်အားစုတွေဖြစ်တဲ့ မွန် ကိုယ်စားပြုပါတီ အကောင်အထည်ဖော်ဆောင်ရေးအဖွဲ့တို့ ပြီးခဲ့တဲ့သြဂုတ်လကုန်ပိုင်းမှာ တပါတီ အဖြစ် ပေါင်းစည်းဖို့အပြီးသတ် သဘောတူညီခဲ့ပြီး မွန်ပါတီလို့ အမည်သတ်မှတ်နိုင်ခဲ့ပါတယ်။

“မွန်ပါတီ Mon Party ” အမည်သစ်မိတ်ဆက်ပွဲနှင့် ပေါင်းစည်းရေးအခမ်းအနားကို စက်တာဘာ၂၁ ရက် ဒီကနေ့ မော်လမြိုင်မြို့၊ တော်ဝင်ဟင်္သာဟိုတယ် Royal Hinther Hotel မှာ ကျင်းပနိုင်ခဲ့ပါ တယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG