သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း မုံးကိုးနဲ့ ဖောင်းဆိုင်မှာ တိုက်ပွဲပြင်းထန်


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုး၊ ဖောင်းဆိုင်၊ ပန်ဆိုင်း (MIMU)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုး၊ ဖောင်းဆိုင်၊ ပန်ဆိုင်း (MIMU)

[[Zawgyi/Unicode]]

၂၀၂၂ ခုနှစ် နှစ်သစ်ကူးကာလမှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုး ဒေသဘက်မှာ တနင်္ဂနွေနေ့က စစ်ကောင်စီတပ်နဲ့ ကချင်လက်နက်ကိုင် KIA အကြားမှာပါ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ တချိန်တည်းမှာတော့ MNDAA ကိုးကန့်တပ်ဖွဲ့ နဲ့လည်း ဖောင်းဆိုင်ဘက်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ ရန်ကုန် ကလာတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲသတင်းကို ကိုသားညွန့်ဦး တင်ပြထားပါတယ်။

မူဆယ်မြို့နယ် မုံးကိုး၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း) ဒေသမှာ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်အကြားမှာ ၂၀၂၁ ခုနှစ် ဇူလိုင်လတည်းက တိုက်ပွဲတွေ စတင် ခဲ့ပြီး လက်ရှိအချိန်ထိလည်း မုံးကိုး၊ ဖောင်းဆိုင်ဘက်မှာ ဆက်လက်ဖြစ်ပွားနေပါတယ်။

ဒီရက်ပိုင်းအတွင်းမှာတော့ စစ်ကောင်စီတပ်နဲ့ မုံးကိုးဒေသဘက်မှာအခြေစိုက်ထားတဲ့ KIA တပ်မဟာ ၆ နဲ့ပါ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို ပြောပါတယ်။

“အဲဒီ ရှမ်းမြောက် မုံးကိုး၊ ဖောင်းဆိုင်ဘက်မှာ KIA တပ်မဟာ ၆ နယ်မြေဘက်မှာပေါ့နော်။ တပ်ရင်းကတော့ ၃၆ နယ်မြေဘက်မှာ သူတို့ စစ်အင်အားတွေပေါ့နော်၊ စစ် ကြောင်း ၃ ကြောင်းနဲ့ ထိုးတယ်လို့ ကြားပါတယ်။ ၃ ရက်လောက်ရှိပြီ။ ဒါပေမဲ့ တိုက်ပွဲကတော့ မနေ့က ဖြစ်တာရှိပါတယ်။ ဒီနေ့ တိုက်ပွဲကတော့ မကြားရသေးပါဘူး။ မဖြစ်တာလို့တော့ ကျနော် မပြောလိုပါဘူး။ ကျနော်မကြားတာနေမှာပါနော။ တင်းမာနေဆဲဖြစ်ပါတယ်။”

ကချင်ပြည်နယ်အတွင်းမှာလည်း ဒီနေ့ တိုက်ပွဲဖြစ်ပွားတဲ့သတင်းလည်း မကြားသိရသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ မုံးကိုးဒေသခံတဦးကတော့ ဒီရက်ပိုင်းအတွင်း ဖောင်းဆိုင်ဒေသဘက်မှာ နေ့စဉ်ဆိုသလို လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရကြောင်း ပြောပါတယ်။

“ဖြစ်တာက ဖောင်းဆိုင်ဘက်မှာဖြစ်တာပေါ့။ ပြောရမယ်ဆို နေ့တိုင်းလိုပါပဲဗျ။ သေနတ်သံ အသေးလည်းကြားတာ။ အကြီးလည်း ကြားတာပေါ့ဗျာနော် အဲလိုမျိုး။ မုံးကိုးထဲမှာနေရင်တော့ မကြားဘူးပေါ့။ လယ်ထဲမှာ သွားရင်တော့ ကြားတာပေါ့နော။ ဒီနေ့ကတော့ ပိုဖြစ်တာများတယ်ဗျ။ ဒီနေ့ကတော့ ပြောမယ်ဆို ဖောင်းဆိုင်ဘက်မှာပဲပေါ့နော။”

MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ကတော့ စစ်ကောင်စီတပ်ဘက်က သူတို့ရဲ့ မန်ရန် တပ် စခန်းကို ဒီဇင်ဘာ ၃၀ ရက်နေ့ကနေ ဇန်နဝါရီလ ၁ ရက်နေ့အထိ လက်နက်ကြီးနဲ့ အချက် ၄၅၀ ကျော်ပစ်ခတ်ခဲ့ကြောင်း နဲ့ အနည်းဆုံးတိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့ကြောင်း၊ MNDAA တပ်ဖွဲ့က စစ်ကောင်စီစခန်းတခုကို ၂ ကြိမ် ထိုးစစ်ဆင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ကရင်နှစ်သစ်ကူးနေ့ ပေးပို့တဲ့သဝဏ်လွှာမှာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးရရှိဖို့ လိုအပ်ကြောင်းနဲ့ ထာဝရငြိမ်းချမ်းရေးရရှိအောင် တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA မှာ တိုင်းရင်း သားလက်နက်ကိုင်များ အားလုံး လက်မှတ် ရေးထိုးလာအောင် ဆောင်ရွက်နေကြောင်း ဖော်ပြထားပါတယ်။

ပန်ဆိုင်း(ကြူကုတ်)၊ မုံးကိုး၊ ဖောင်းဆိုင်ဒေသဘက်မှာ ၅ လကြာနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၂ ထောင်ကျော်ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသလို လက်နက်ကြီးထိမှန်တာနဲ့ မိုင်းနင်းမိတာကြောင့် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]












===========

XS
SM
MD
LG