စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်လို့ ကတိပေးထားတဲ့ မြန်မာအစိုးရသစ်က မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်မှုတွေမှာ ဈေးကွက်နဲ့ အဆင်ပြေအောင် ကျင့်သုံးမယ်လို့ အာမခံလိုက်ပါတယ်။ ဒီအစီအစဉ်ရဲ့ တစိတ်တပိုင်း အဖြစ်နဲ့လည်း ပြည်တွင်းမှာ ထုတ်ဝေသုံးစွဲနေတဲ့ နိုင်ငံခြားငွေလဲလက်မှတ် FEC ကိုလည်း ပယ်ဖျက်မယ့်အကြောင်း ကြေညာခဲ့တာပါ။ ဒါပေမဲ့လည်း ဒီအစီအစဉ်တွေဟာ တကယ်ပဲ လက်တွေ့ကျပါရဲ့လား ဘဏ္ဍာရေး အစီအမံတွေမှာ တကယ်တမ်း ပြုပြင်ပြောင်းလဲဖို့ ဘာတွေလိုအပ်နေသလဲ ဆိုတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်းမှာ အသုံးပြုနေတဲ့ Foreign Exchange Certificate (FEC) လို့ အလွယ်တကူ ခေါ်ကြတဲ့ နိုင်ငံခြား ငွေလဲလက်မှတ်တွေကို ပယ်ဖျက်မယ်လို့ အစိုးရသစ်ရဲ့ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာလိုက်တာမို့ ဒါဟာ ငွေလဲလှယ်မှုပုံစံ အမျိုးမျိုး ရှိနေတာတွေ အဆုံးသတ်တော့မလား မျှော်လင့်ချက်တွေ ထွက်ပေါ်လာပါတယ်။ အမေရိကန် ၁ ဒေါ်လာ၊ ၅ ဒေါ်လာ၊ ၁၀ ဒေါ်လာနဲ့ညီတဲ့ ငွေကြေးအဖြစ် FEC ကို မြန်မာနိုင်ငံ ဗဟိုဘဏ်က ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင်ထုတ်ဝေ သုံးစွဲလာပြီး နောက်ပိုင်း ၂၀ တန်အထိ ထုတ်ဝေလာတာပါ။ နိုင်ငံခြားငွေ လက်ထဲရအောင် ရည်ရွယ်တဲ့ အနေနဲ့ ထုတ်ဝေလိုက်တဲ့ ဒီအစီအစဉ်ရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ကတော့ မြန်မာနိုင်ငံကို လာကြတဲ့ ခရီးသွားတွေ အနေနဲ့ ဒေါ်လာ ၂၀၀ ဘိုးနဲ့ညီတဲ့ FEC လက်မှတ်တွေကို မ၀ယ်မနေရ ၀ယ်ခိုင်းပြီး၊ ဒီငွေတွေကိုလည်း ခရီးစဉ် အဆုံးသတ်ချိန်မှာ ပြည်ပကို ယူခွင့် မပြုခဲ့ပါဘူး။
ဒါပေမဲ့လည်း ဒီစနစ်ဟာ ငွေကြေးလည်ပတ်မှုမှာ အထောက်အကူ မဖြစ်လှတာကြောင့် အခုနောက်ဆုံး ဖျက်သိမ်းဖို့ ကြေညာခဲ့ချိန်မှာတော့ စီးပွားရေး လုပ်ငန်းရှင်တွေ ကြိုဆိုခဲ့ကြတာပါ။
“ဒေါ်လာနဲ့ ပြည်တွင်းသုံးငွေနဲ့ကြားမှာ ဒီလို FEC လို ပြောင်းပြီးထားတာမျိုး အမှန်တော့ မရှိသင့်ပါဘူးဗျာ။ ဘယ်နိုင်ငံဖြစ်ဖြစ် သွားလိုက်ရင် ဒေါ်လာကိုင်ပြီး သူ့ငွေနဲ့ တန်ပြီးတော့ လဲသုံးယုံပါပဲ။ ဘယ်နိုင်ငံသားမဆို ဒေါ်လာတင် မဟုတ်ပါဘူး။ တခြား ထိုင်း ဘက်၊ တရုတ် ယွမ် စသဖြင့် လွတ်လွတ်လပ်လပ် ကိုင်တွယ်ခွင့်ရတာ အကောင်းဆုံးပဲလေ။ မဟုတ်ရင် တဆင့်ခံ လဲနေရတာ အဆင်မပြေပါဘူး။ သုံးတဲ့သူလည်း နစ်နာတာပေါ့နော်။ တွက်ချက်မှုကအစ တကယ် ရှုပ်ထွေးပါတယ်။”
ရန်ကုန်မြို့က ပြည်ပပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင် ပြောသလို မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေ လဲလှယ်မှုတွေ ရှုပ်ထွေးနေရတဲ့ အခြေခံ အကြောင်းရင်းတွေထဲမှာ တရားဝင် သတ်မှတ်နှုန်းနဲ့ မှောင်ခိုဈေးကွက်က ပေါက်ဈေးတွေရယ်လို့ အမျိုးမျိုး ဖြစ်နေတာတွေလည်း ပါဝင်ပါတယ်။ FEC တယူနစ်ကို အမေရိကန် ၁ ဒေါ်လာနဲ့ ညီတယ်လို့ အစိုးရက သတ်မှတ်ထားပြီး ဒေါ်လာကိုတော့ တရားဝင် မြန်မာငွေ ၆ ကျပ် ၀န်းကျင် သတ်မှတ်ထားတာပါ။ ဒါပေမဲ့လည်း ပြင်ပဈေးကွက်မှာတော့ ၁ ဒေါ်လာဟာ မြန်မာကျပ်ငွေ ၇၅၀ တ၀ိုက်နဲ့ FEC ဈေးဟာလည်း ၇၀၀ လောက် ပေါက်နေတာ ဖြစ်ပါတယ်။ဒီလို ရှုပ်ထွေးပြီး သုံးစွဲနေသူတွေလည်း သဘောမကျတဲ့ စနစ်တရပ်ကို ၁၈ နှစ်ကြာ ကျင့်သုံးခဲ့တာဟာ စစ်ခေါင်းဆောင်တွေက စီးပွားရေးကို ချုပ်ကိုင်ဖို့နဲ့ ငွေစာရင်းရှင်းတမ်းမှာ လှည့်စားနိုင်အောင် ရည်ရွယ်တာ ဖြစ်တယ်လို့လည်း ဆန်းစစ်သူတချို့က မြင်နေကြတာပါ။
သဘာဝဓာတ်ငွေ့လို အရင်းအမြစ်တွေကို ရောင်းချရာက ရလာတဲ့ နိုင်ငံခြားငွေတွေကို တရားဝင် လဲလှယ်နှုန်းနဲ့ စာရင်းပြပြီး၊ တကယ်တမ်းမှာ ဒီလိုငွေမာတွေကို ကိုယ်ကျိုးစီးပွားအတွက်ပဲဖြစ်ဖြစ်၊ တခြားလူမသိသူမသိ ကိစ္စတွေမှာ သုံးစွဲတာမျိုး တွေ့ရတယ်လို့ သြစတြေးလျနိုင်ငံ Macquaire တက္ကသိုလ်က စီးပွားရေးပညာရှင် ပါမောက္ခ ရှောင် တာနဲလ် (Sean Turnell) က ပြောပါတယ်။
“မြန်မာအစိုးရ အနေနဲ့ နိုင်ငံခြားငွေတွေကို တရားဝင် ငွေလဲနှုန်းနဲ့ပြောင်းပြီး နိုင်ငံတော် ငွေစာရင်းမှာ ပြနေတာ ကြာပါပြီ။ တရားဝင်လဲနှုန်းက ဘယ်လိုမှ လက်တွေ့ မဆန်တဲ့အတွက် ဒီငွေတွေကို တခြားနေရာမှာ သူတို့သုံးလို့ ရနေတာ ဖြစ်ပါတယ်။ တရားဝင်နဲ့ တရားမ၀င်လဲနှုန်းကြား ကွာဟချက်က အစိုးရမှာ ဘဏ္ဍာရေးအရ အများကြီးကို အထောက်အကူ ဖြစ်စေပါတယ်။ ဒါကြောင့်လည်း စနစ်ဟောင်းကြီးကို ဒီလောက်ထိကြာအောင် ကျင့်သုံးခဲ့တာပါ။ ဒါပေမဲ့လည်း ဒီစနစ်မှာ အတော့်ကို အားနည်းချက်တွေ ရှိနေတာမို့ အဆုံးသတ်ရမယ့်အချိန် ရောက်လာတာပါပဲ။”
အခုအခါ ဒီစနစ်ကို ပြင်ဆင်ဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ကျွမ်းကျင်သူတွေရဲ့ အကူအညီတွေပါယူပြီး ဆောင်ရွက်ဖို့ စီစဉ်နေပြီ ဖြစ်တဲ့အကြောင်း သြဂုတ်လ ဒုတိယပတ်အတွင်း သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း ကပြောဆိုခဲ့တာပါ။ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန၀န်ကြီး ဦးလှထွန်း က နိုင်ငံခြားငွေကို လဲလှယ်ရောင်းဝယ်ရာမှာ နိုင်ငံအတွက် အကျိုးရှိပြီး တည်ငြိမ်တဲ့နှုန်းအဖြစ် သတ်မှတ်သွားမယ်လို့ ဇူလိုင်လထဲမှာ ပြောခဲ့ပြီးတဲ့နောက် အခုနောက်ထပ် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု အသစ်တွေနဲ့ ပတ်သက်လို့ ထပ်ပြီး အတည်ပြု ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ပြောင်းလဲမယ်ဆိုတဲ့ အစီအစဉ်တွေဟာ လက်ရှိသတ်မှတ်ထားတဲ့ လဲလှယ်နှုန်းကို ပြောင်းလဲရုံ သက်သက်လား၊ ဒါမှမဟုတ် ဈေးကွက်ထဲကနှုန်းအတိုင်း လွတ်လွတ်လပ်လပ် လွှတ်ထားပေးမှာလား ဆိုတာကတော့ အခုအချိန်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ မြန်မာ့စီးပွားရေး အခြေအနေတွေကို ဆန်းစစ်လေ့လာနေတဲ့ ပါမောက္ခ တာနဲလ် ကတော့ ဈေးကွက် လိုအပ်ချက်နဲ့အညီ ပြင်ဆင်မှုမျိုး မဟုတ်ရင်တော့ ငွေကြေးစနစ်အတွက် အထောက်အကူ ဖြစ်စေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“အစိုးရက လုပ်ချင်တယ်လို့ ကျနော်ယူဆတာကတော့ ပိုပြီးလက်တွေ့ဆန်မယ့် ပုံသေသတ်မှတ်ထားတဲ့ လဲလှယ်နှုန်းတခု ဖြစ်နိုင်ပါတယ်။ တကယ်လုပ်မယ် ဆိုရင်ပေါ့လေ။ ဒါပေမဲ့လည်း ဒီလိုလုပ်တဲ့နေရာမှာ ဈေးနှုန်းတခုခုကို သတ်မှတ်လိုက်မယ်၊ အလားတူ တခုခု လုပ်မယ်ဆိုရင်တော့ တချိန်ကျရင် လက်တွေ့မဆန်တဲ့ အခြေအနေကို ရောက်လာပြီး၊ ဘဏ္ဍာရေးအရ ကွဲလွဲချက်တွေ နောက်တကြိမ် ပြန်ပေါ်လာပါလိမ့်မယ်။ ကျနော်အနေနဲ့ကတော့ အရှင်လွှတ်ထားတဲ့ စနစ်တခု ဖြစ်စေချင်ပါတယ်။”
လက်ရှိကျင့်သုံးနေတဲ့ စနစ်အရဆိုရင်တော့ မြန်မာနိုင်ငံသားတွေ အနေနဲ့ နိုင်ငံခြားငွေကို တရားဝင် လွတ်လွတ်လပ်လပ် ကိုင်ဆောင်သုံးစွဲခွင့် မရှိပါဘူး။ ပြည်ပနဲ့ ဆက်စပ်လုပ်ကိုင်ပြီး နိုင်ငံခြားငွေ ရရှိနေသူတွေ၊ နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ကိုင်နေသူတွေ၊ ပြည်ပကို ထွက်ခွာမယ့် သူတွေ စသဖြင့် သတ်မှတ်ချက်တွေနဲ့သာ ဒေါ်လာလို နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် ပြုထားတာပါ။ နိုင်ငံခြားငွေကိုလည်း မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) နဲ့ မြန်မာ့စီးပွားရေးဘဏ် (MEB) တို့ကသာ ကိုင်တွယ်ဆောင်ရွက်ခွင့် ပြုထားတာဖြစ်သလို၊ အပ်နှံသူတွေကိုလည်း အတိုးပေးလေ့ မရှိပါဘူး။
ငွေကြေးစနစ် ပြောင်းလဲမယ် ဆိုတဲ့ နေရာမှာ ဒီလို အဟန့်အတားတွေကိုပါ တပါတည်း ပြင်ဆင်နိုင်မှ အကျိုးရှိနိုင်မယ်လို့ ရန်ကုန်မြို့က ကုန်သည်ကတော့ မြင်ပါတယ်။
“တကယ်လို့ ပြင်မယ်ဆိုရင် သီးခြားပုဂ္ဂလိက ဘဏ်တွေကို ဘယ်လောက်အထိ ကိုင်ခွင့်ပေးမလဲ ဆိုတာလဲ မေးခွန်းထုတ်စရာ ဖြစ်မှာပဲလေ။ မြန်မာပြည်မှာက နိုင်ငံခြားငွေစာရင်းကလည်း သုံးတဲ့ လူတန်းစားက အရမ်းနည်းတယ်။ ဟိုခေတ်ကတည်းက အတိုးကလည်း မရဘူးလေ။ အဲဒီတော့ ဘယ်သူမဆို သိပ်ပြီးတော့ ကြာကြာလည်း မအပ်ပါဘူး။ အပြင်မှာ ထုတ်ပြီးတော့ ရောင်းပစ်လိုက်ကြတာပါပဲ။ သူ့ဆီမှာအပ်လို့ အကျိုးမရှိတော့ ဘယ်သူမှတော့ သူတို့ဆီမှာ မထားကြပါဘူး။ နောက်ပိုင်းတော့လည်း အဲဒါတွေကို သူတို့ ဘယ်လိုပြန်ပြီးတော့ ပြင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ နိုင်ငံခြားငွေကို တခြားပုဂ္ဂလိကဘဏ်တွေကို ကိုင်ခွင့်ပေးမှပဲ ပိုပြီးတော့ ယုတ္တိရှိနိုင်မယ်။ နိုင်ငံတကာမှာ ဆိုရင်တော့ ဒါက နိုင်ငံခြားငွေလုပ်ငန်းကို ဘဏ်တိုင်းလိုလိုက ကိုင်ခွင့်ရှိတာပဲလေ။ အဲဒီတော့ ဒါကို ဗဟိုကထိန်းချုပ်ထားတာကနေ ပုဂ္ဂလိကပြောင်းတဲ့ နေရာမှာ ဘဏ်စနစ်တွေကိုလည်း လုပ်မယ်ဆိုရင်တော့ အကျိုးရှိသွားမယ်လို့ ကျနော်တော့ ထင်တာပဲ။”
နိုင်ငံပိုင်လုပ်ငန်း အများစုကို ပုဂ္ဂလိကလက်လွှဲပေးဖို့ ရည်ရွယ်ထားတဲ့အကြောင်းကိုတော့ အစိုးရသစ် တက်မလာခင် ကတည်းက ကြေညာထားတာ ဖြစ်သလို၊ ပြီးခဲ့တဲ့နှစ်ထဲမှာပဲ ပုဂ္ဂလိကဘဏ် တချို့ကို ထပ်မံဖွင့်လှစ်ခွင့် ပြုခဲ့ပါတယ်။ နောက်ထပ်လည်း အနည်းဆုံး ပုဂ္ဂလိကဘဏ် အများအပြား ထပ်မံဖွင့်လှစ်ခွင့် ရသွားလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ အကြောင်းလည်း စီးပွားရေး အသိုင်းအ၀န်းက ခန့်မှန်းနေကြတာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံရဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေးစနစ်ကို ပြုပြင်ပြောင်းလဲရာမှာ ဗဟိုက ချုပ်ကိုင်နေတာတွေ၊ တိုင်းပြည်ရဲ့ ဘဏ္ဍာရေး အရင်းအမြစ်တွေကို အစိုးရက သုံးစွဲနေတာတွေမှာ လျှော့ပေါ့ဖို့တွေလို အခြေခံကျတဲ့ အပြောင်းအလဲတွေလည်း လိုတယ်လို့ သြစတြေးလျနိုင်ငံ Macquaire တက္ကသိုလ်က စီးပွားရေးပညာရှင် ပါမောက္ခ ရှောင် တာနဲလ် က ထောက်ပြခဲ့တာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။