သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်းယော်ရွာသား ၅ ဦးသတ်ဖြတ်ခံရမှု တပ်မတော်သား ၇ ဦး အရေးယူခံရ


သေဆုံးသွားတဲ့ မိုင်းယော်ရွာသား ၅ ဦးရဲ့ မိသားစုဝင်များ
သေဆုံးသွားတဲ့ မိုင်းယော်ရွာသား ၅ ဦးရဲ့ မိသားစုဝင်များ

မိုင်းယော်ရွာသား ၅ ဦးသေဆုံးခဲ့မှု နဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်ခဲ့တဲ့ မြန်မာစစ်တပ်က အရာရှိနဲ့ စစ်သည်တွေကို စစ်တရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နဲ့ ၅ နှစ်ချမှတ်လိုက်သလို၊ အရပ်ဖက်အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံဖို့ စစ်တရားရုံးက ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ အခုလို ပြစ်ဒဏ်ပေးလိုက်တာဟာ တပ်မတော်အတွင်းက အပြောင်းအလဲတခုဖြစ်ပြီး၊ အနာဂတ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ဖို့အတွက် ကောင်းမွန်တဲ့လက္ခဏာတခုဖြစ်တယ်လို့ လွှတ်တော်အမတ်တဦးက ပြောလိုက်ပါတယ်။ ဒီအခြေအနေအပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းက မိုင်းယော်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က သေဆုံးသွားခဲ့တဲ့ မိုင်းယော်ရွာသား ၅ ဦးသေဆုံးသွားခဲ့အမှုနဲ့ ပတ်သက်ပြီး စစ်တရားရုံးက ဒီကနေ့မှာ စီရင်ချက်တွေချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တဲ့ စစ်တရားရုံးက ထောင်ဒဏ် ၅ နှစ် စီချမှတ်လိုက်တာဖြစ်ပါတယ်။

ဒီအမှုမှာ ပါဝင်ပတ်သက်နေတဲ့ မြန်မာတပ်မတော်က တပ်မမှူး ၁ ဦး အပါအဝင် စစ်သည် ၇ ဦးကို တပ်မတော်အက်ဥပဒေပုဒ်မ ၇၁ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂)/၃၄ ကျူးလွန်ခဲ့တယ်ဆိုတာ တွေ့ရှိရတဲ့အတွက် ပြစ်မှုကျူးလွန်တဲ့သူ အရာရှိ ၄ ဦးကို ရှုတ်ချပြီး တပ်မတော်က အမြဲထုတ်ပစ်ပြီး၊ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ကြောင်း၊ ဒါ့အပြင် အဲဒီပြစ်ဒဏ်တွေကိုလည်း နယ်ဘက်အကျဉ်းထောင်တွေမှာ ကျခံဖို့ စစ်တရားရုံး စီရင်ဆုံးဖြတ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဒ့ါအပြင် ဒီပြစ်မှုမှာ ပါဝင်တဲ့ အခြားအဆင့် စစ်သည် ၃ ဦးကိုလည်း တပ်သားအဆင့်ကို လျှော့ချပြီး နယ်ဘက်အကျဉ်းထောင်တွေမှာ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၅ နှစ်ကျခံသွားမယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မိုင်းယော်ရွာသား ၅ ဦးသေဆုံးသွားခဲ့တာဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ပြီး၊ မြန်မာစစ်တပ်ဘက်က အခုလို အရေးယူလိုက်တာနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်ခမ်းက ပြောပါတယ်။

“ဒီတပ်မတော်ကနေပြီးတော့ စစ်ဆေးမှုတွေ ၊ ခုံရုံးတွေဖွဲ့တယ် ၊ ပြီးတော့ ကာယကံရှင်မိဘ ပြည်သူတွေရှေ့မှာ ကျေနပ်လောက်တဲ့အထိကို စစ်ဆေးမှုတွေ လုပ်တယ်၊ ပြစ်ဒဏ်တွေပေးတယ် ဆိုတာ တော်တော်လေးကို ရှားပါတဲ့ လုပ်ရက်ဖြစ်တယ်ပေါ့နော်။ ဒါကြောင့် ကျနော်တို့က ဒါကောင်းတဲ့ အပြောင်းအလဲတခုပဲပေါ့နော်။ ကျနော်တို့ မဲဆန္ဒနယ်မှာဆိုရင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ ဝင်ထွက်ဖူးပါတယ်။ ပြီးခဲ့တဲ့ လာရှိုးမှာ ထိတွေ့မှုတုန်းက ဒါကတော့ ထုံးစံပါပဲ အရပ်သားတွေကို စစ်တပ်ဆိုတဲ့အတိုင်း သူတို့နယ်မြေမှာ မသင်္ကာတဲ့ ရွာသားတွေဖမ်းဆီးတာတွေဘာတွေရှိတယ်။ ကျနော်တို့က ကြိုးစားပြီးတော့ ပေါင်းစပ်ညှိနှိုင်းတဲ့အချိန်ကျမှ သူတို့ လွတ်တာတွေ ရှိတာပေါ့နော်။ အဲဒါကြောင့် တော်တော်လေး ပြောင်းလဲတိုးတက်မှုတခုလို့ ကျနော်တို့ ပြောနိုင်ပါတယ်ခင်ဗျ။”

မြန်မာစစ်တပ်အတွင်းက ပြစ်မှုကျူးလွန်သူတွေအပေါ် အခုလိုအရေးယူလိုက်တာဟာ အနာဂတ်ဒီမိုကရေစီနိုင်ငံတခုကို တည်ဆောက်ဖို့အတွက် စံပြလုပ်ရပ်တခုအဖြစ်နဲ့ လုပ်ဆောင်လိုက်တာမျိုးလည်း ဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်ခမ်းက ပြောပါတယ်။

“ကျနော်တို့ ဒီမိုကရေစီနိုင်ငံကို ဦးတည်နေတဲ့ဟာက ယခုလိုလုပ်ပြတဲ့ပုံစံမျိုးနောက်လာမယ့် အချိန်တွေမှာ မရှိလာနိုင်တော့အောင် ၊ ရှောင်ကြဉ်အောင်ပေါ့လေ အဲလိုလုပ်ပြခြင်းဖြစ်တယ်လို့ ကျနော်သုံးသပ်လိုပါတယ်ခင်ဗျ။”

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ TNLA တပ်တွေ အပြန်အလှန်တိုက်ပွဲတွေဖြစ်ပွားခဲ့စဉ်အတွင်း TNLA တပ်တွေနဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုပြီး မြန်မာစစ်တပ်က မိုင်းယော်ရွာသား ၅ ဦးကို ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မြန်မာစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း အဆိုပါ ရွာသား ၅ ဦး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်အနေနဲ့ မှားယွင်းကောင်းမှားယွင်းနိုင်တယ်ဆိုပြီး ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းက မြန်မာတပ်မတော်ရဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦးက သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောကြားခဲ့ပါတယ်။ တပ်မတော်အရာရှိ စစ်သည် ၇ ယောက်၊ ရဲအုပ် ၁ ယောက်နဲ့ နဲ့ မိုင်းယော်ရွာသာ ၁၈ ယောက်တို့ရဲ့ ထွက်ဆိုချက်တွေကို စစ်ဆေးပြီး၊ ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိတဲ့အတွက် အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG