သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မွန်ဂိုလီးယားဝန်ကြီးချုပ် အမေရိကန်ကိုလာရောက်


မွန်ဂိုလီးယားဝန်ကြီးချုပ် Oyun-Erdene Luvsannamsrai (အောက်တိုဘာ ၁၄၊ ၂၀၂၂)
မွန်ဂိုလီးယားဝန်ကြီးချုပ် Oyun-Erdene Luvsannamsrai (အောက်တိုဘာ ၁၄၊ ၂၀၂၂)

၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မွန်ဂိုလီးယားဝန်ကြီးချုပ် အမေရိကန်ကိုလာရောက်

မွန်ဂိုလီးယားဝန်ကြီးချုပ် Oyun-Erdene Luvsannamsrai နဲ့ နိုင်ငံခြားရေးဝန်ကြီး Battsetseg Batmunkh တို့ဟာ ဒုတိယသမ္မတ ကင်မလာဟဲရစ်၊ နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်အပါအဝင် အမေရိကန်အကြီးတန်းအရာရှိတွေနဲ့ အခု သီတင်းပတ်ထဲတွေ့ဆုံဖို့ အင်္ဂါနေ့က ဝါရှင်တန်ကို ရောက်လာပါတယ်။ ဒါဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း မွန်ဂိုလီးယားဝန်ကြီးချုပ်တဦးရဲ့ အမေရိကန် ပြည်ထောင်စုကို ပထမဆုံး တရားဝင်လာရောက်လည်ပတ်မှုလည်း ဖြစ်ပါတယ်။

သြဂုတ်လ ၂ ရက်နေ့မှာ မွန်ဂိုလီးယားဝန်ကြီးချုပ် Oyun-Erdene ကို အိမ်ဖြူတော်မှာ ဒုသမ္မတဟဲရစ်က လက်ခံတွေ့ဆုံမှာပါ။ ဒီခရီးစဉ်အတွင်း အမေရိကန်-မွန်ဂိုလီးယား မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး ခိုင်မာအားကောင်းဖို့နဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုဆိုင်ရာ ပူးတွဲဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်ဖို့ရည်ရွယ် တယ်လို့ ဒုသမ္မတ ရဲ့ သတင်းပြန်ကြားရေး အတွင်းရေးမှူး Kirsten Allen က တွစ်တာမှာ သတင်းထုတ်ပြန်ထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံနဲ့ သံတမန်ရေးအရရင်းနှီးတဲ့ မွန်ဂိုလီးယားဟာ ကုန်းတွင်းပိတ် နိုင်ငံတခုဖြစ်ပြီး သူ့ရဲ့ပို့ကုန် ၉၀ ရာခိုင်နှုန်းကို အိမ်နီးချင်းတရုတ်ပြည်က တဆင့် တင်ပို့နေရသလို တရုတ်နဲ့ရုရှား နှစ်နိုင်ငံကြားမှာတည်ရှိနေလို့ “ပထဝီနိုင်ငံရေးအရ သိမ်မွေ့တဲ့အနေအထား” မှာ ရှိနေပါတယ်။

တဖက်မှာလည်း အမေရိကန်က မွန်ဂိုလီးယားနဲ့ ဒေသတွင်းလုံခြုံရေး ကဏ္ဍ အပါအဝင် မွန်ဂိုလီးယားကထွက်တဲ့ မြေရှားတွင်းထွက်သတ္တုတူးဖော်ရေးမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးချဲ့နေတာပါ။ ဒီ သတ္တုက နည်းပညာမြင့်ပစ္စည်းတွေနဲ့ ဘက်ထရီစွမ်းအင်သုံး လျှပ်စစ်ကားတွေလို ပြန်ပြည့်မြဲစွမ်းအင် ထုတ်ကုန်တွေ ထုတ်လုပ်ရာမှာအရေးပါပြီး အင်ဒို-ပစိဖိတ်ဒေသရှိ အရေးပါတဲ့ ဓာတ်သတ္တုထောက်ပံ့ရေးကွင်းဆက်တွေ အားကောင်းလာစေရေး ဇွန်လတုန်းက နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးထားပါတယ်။

မွန်ဂိုလီးယားဟာ ကမ္ဘာ့ပေါ်မှာ မြေရှားသတ္တုအပါအဝင် ကြေးနီ၊ ဖလိုရိုက်၊ ရွှေ၊ သံနဲ့ဇင့်လို သတ္တု တွင်းထွက်ပစ္စည်းတွေ အဓိက တူးဖော် ရောင်းချနေတဲ့နိုင်ငံဖြစ်ပြီး ကမ္ဘာ့စုစုပေါင်း မြေရှားဓာတ်သတ္တု ရဲ့ ၁၆ ရာခိုင်နှုန်းက အဲဒီမှာ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG