သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျိုးစောင့်ဥပဒေ မူကြမ်း သံဃာ့ညီလာခံ ဆွေးနွေး


ရန်ကုန်မှာ ကျင်းပတဲ့ သံဃာ့အစည်းအဝေး (ဇွန်လ ၂၇၊ ၂၀၁၃)
ရန်ကုန်မှာ ကျင်းပတဲ့ သံဃာ့အစည်းအဝေး (ဇွန်လ ၂၇၊ ၂၀၁၃)
အမျိုး ဘာသာ သာသနာကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ဖို့နဲ့ ငြိမ်းချမ်းရေး အတွက် ရည်ရွယ်တယ်လို့ဆိုတဲ့ အမျိုးစောင့် ဥပဒေမူကြမ်းနှစ်ခုကို လွှွတ်တော်ဆီ တင်ပြပြီး ဥပဒေတွေအဖြစ် အတည်ပြု ပြဌာန်းနိုင်ဖို့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေ က ကြိုးစားနေကြပါတယ်။ ဒါ့အပြင် အမျိုး ဘာသာ သာသနာ ထိမ်းသိမ်း ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ဆိုတာကိုလည်း ရဟန်းတော်တွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ဇွန်လ ၂၇ ရက်၊ ကြာသပတေးနေ့မှာပဲ ဖွဲ့စည်းလိုက်ကြပါတယ်။ သံဃာတော်တွေရဲ့ အစည်းအဝေးမှာ မိန့်ကြားခဲ့ကြတဲ့ ဥပဒေကြမ်းတွေအကြောင်းနဲ့ မိန့်ကြားချက်တွေကို ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် ဥပဒေ (မူကြမ်း) နဲ့ ကိုးကွယ်ရာဘာသာ နှင့် ပတ်သက်သော မှတ်ပုံတင်ဥပဒေ (မူကြမ်း) တွေကိုတင်ဖို့ သံဃာ့အစည်းအဝေးအတွင်း ထောက်ခံခဲ့ကြတာပါ။

“သံဃာအားလုံး သဘောတူ ဆန္ဒနဲ့တင်ဖို့ အားလုံး သဘောတူထောက် ခံပြီးဖြစ်တဲ့အတွက် မကြာခင်အချိန်အတွင်းမှာ တင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ အချိန်ကာလကိုတော့ အတိအကျမပြောနိုင်သေးပါဘူး။”

အမျိုး ဘာသာ သာသနာ ထိမ်းသိမ်း ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ရေးုဆိုင်ရာ တာဝန်ရှိ သံဃာတော် တစ်ပါးဖြစ်သူ အရှင်စန္ဒာသီရိက မိန့်ခဲ့တာပါ။

ဇွန်လ ၂၇ ရက်၊ ကြာသပတေးနေ့က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့၊ ရွာမပရိယတ္တိ စာသင်တိုက်နဲ့ အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက်ထဲက ဓမ္မဝိဇ္ဇာ ဓမ္မာရုံကြီးထဲမှာ ကျင်းပတဲ့ အစည်းအဝေးအတွင်း ဒီဥပဒေမူကြမ်းနှစ်ခု ကို သံဃာထုက ထောက်ခံရေးကိစ္စနဲ့ ဇူလိုင်လ ၁ ရက်နေ့ထုတ် Time မဂ္ဂဇင်းပါ ဆောင်းပါးရှင် Hannah Beach ရဲ့ The Face Of Buddhist Terror ဆိုတဲ့ဆောင်းပါးကို ကန့်ကွက်တဲ့ကိစ္စတွေကို ဆရာတော် သံဃာတော်တွေက အဓိက မိန့်ကြားခဲ့ကြပါတယ်။

ဒီ သံဃာ့ညီ်လာခံကနေ Time မဂ္ဂဇင်းကို တညီတညွတ်ထဲ ကန့်ကွက်ကြောင်း ကြေညာခဲ့သလို အစည်းအဝေး နေ့ခင်းပိုင်း အစီအစဉ်ပြန် စချိန်မှာ ကြွရောက်လာခဲ့တဲ့ သီတဂူဆရာတော် အရှင်ဉာဏိဿရ ကလည်း ဆောင်းပါးမှာ ရေးသားထားတာတချို့ ကို အင်္ဂလိပ်မူရင်းလိုဖတ်ပြီး ဘာသာပြန်မိန့်ကြားပြီးတဲ့နောက် ဒါဟာ ရန်တိုက်ပေးတာ၊ မြှောက်ပေး တာ၊ စော်ကားထားတာ စသည်အားဖြင့် မိန့်ခဲ့ပါတယ်။ သံဃာထု အနေနဲ့ ဒီလိုရေးသားတာတွေအပေါ် ဒေါသနဲ့ မတုန့်ပြန်ကြဘဲ သည်းခံ ခွင့်လွှတ်စိတ် တွေနဲ့ တုန့်ပြန်ကြဖို့ကိုလည်း မိန့်မှာပါတယ်။

မျိုးစောင့်ဥပဒေတွေဟာ မြန်မာအမျိုးသမီးတွေရဲ့ ဆုံးရှုံးနစ်နာချက်နဲ့ အခွင့်အရေးတွေကို ရရှိနိုင်အောင် အကာအကွယ်ပေးမှာ ဖြစ်တယ်လို့ ငါးကျမ်းပြန် အရှင် ဒေါက်တာ ဓမ္မပီယက မိန့်ကြားခဲ့ပါတယ်။

ဒီဥပဒေမူကြမ်းတွေဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေး တွေနဲ့ လူ့အခွင့်အရေးတွေကို နစ်နာဆုံးရှုံးစေတယ်ဆိုတဲ့ ဝေဖန်ချက်တွေကို ဆရာတော်သံဃာတော်တွေက ပယ်ချကြပြီး နစ်နာ နေတဲ့ အခွင့်အရေးတွေ ရရှိအောင် ကြိုးစားပေးတာသာဖြစ်တယ်လို့ တုန့်ပြန်မိန့်ကြားကြပါတယ်။

၉၆၉ အဖွဲ့ဆိုတာနဲ့ အခုအသစ် ဖွဲ့စည်းလိုက်တဲ့ အမျိုး ဘာသာ သာသနာ ထိမ်းသိမ်း ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ကြားမှာ ဆက်စပ်မှုမရှိဘဲ အမျိုး ဘာသာ သာသနာကို တစ်နည်းတစ်လမ်းနဲ့ စောင့်ရှောက်နေတာဖြစ်တဲ့အတွက် သူ့ရည်ရွယ်ချက်နဲ့သူ၊ သူ့လမ်းကြောင်းနဲ့သူ သွားနေတာဖြစ်ပြီး အပြန်အလှန် တွဲဖက်လုပ်ကိုင်တာမျိုး ရှိပါမယ်လို့ ငါးကျမ်းပြန် အရှင် ဒေါက်တာ ဓမ္မ ပီယက သတင်းစာရှင်းလင်းပွဲအတွင်း မိန့်ကြားခဲ့ပါတယ်။

“ပူးပေါင်းဆောင်ရွက်မှုဆိုတာတော့ ဒီဘက်က အကျိုးများမယ့်ဟာကို သူတို့ဘက်က ဆောင်ရွက်ပေးမှာရှိတယ်။ သူတို့ဘက်က ဟာကိုလည်း ကိုယ့်ဘက်က ဆောင်ရွက်ပေးမှာရှိတယ်။ ဒါပေမဲ့ အသင်းအဖွဲ့အနေနဲ့ စုဆောင်းတာမျိုး၊ ပူးပေါင်းတာမျိူး ဒါကတော့ သံဃာ့ကွန်ယက်က အားလုံးပါတယ်။ ကိုယ်ကလည်းပဲ သူတို့ သက်ဆိုင်ရာ ဦးတည်ချက်ချင်းပေါ့။ ဥပမာဆိုပါတော့ ဘုန်းဘုန်းတို့က ဒီပုဂ္ဂိုလ်က ဘက ဖွင့်တယ်။ ဘကက အကယ်ဒမစ် ပညာရေးကို မြှင့်တင်ဖို့၊ ဒီပုဂ္ဂိုလ်က ဆန်းဒေးစကူးဖွင့်တယ်။ ဆန်းဒေးစကူးကလည်း သူတို့ မြှင့်တင်ဖို့ ဒါဆို ဒီနှစ်ကျောင်းက ဆက်စပ်သလားဆိုရင် လုံးဝပြောမယ်ဆို လုံးဝတော့ မဆက်စပ်ပါဘူး။ မဆက်စပ်ဘူးလားဆိုလည်း မဆက်စပ်ဘူးလည်း မဟုတ်ဘူး။ အချင်းချင်း အပြန်အလှန် ဒါ ရှိတယ်ဆိုတာ သိစေချင်ပါတယ်။”

၉၆၉ လှုပ်ရှားမှု၊ ၉၆၉ အဖွဲ့ ဆိုတာတွေနဲ့ပတ်သက်ပြီး သီတဂူ ဦးတေဝိန္ဒာဘိဝံသကလည်း သတင်းစာရှင်းလင်းပွဲအတွင်းမှာပဲ အခုလိုမိန့်ခဲ့ပါတယ်။

“ ၉၆၉ လှုပ်ရှားမှုဆိုတာလည်း မရှိဘူး။ ၉၆၉ အဖွဲ့ဆိုတာလည်း မရှိခဲ့ဘူး။ အဲ့ဒီ့ ၉၆၉ သမိုင်းကို အားလုံးသိအောင် ပြောမယ်။ ၉၆၉ကို စတင်တီထွင်သူက ဒကာကြီးဦးကျော်လွင်၊ မရှိတော့ဘူး။ ၉၆၉ရဲ့သင်္ကေတက ဘာအဓိပ္ပါယ်လဲ အားလုံးသိပြီးသား၊ နော် ဘုရားဂုဏ်တော် ကိုးပါး၊ တရားဂုဏ်တော် ခြောက်ပါး၊ သံဃာဂုဏ်တော်ကိုးပါး။ ၉၆၉ သည် ငြိမ်းချမ်းရေး သင်္ကေတ တခုပါ။ ဒကာကြီး ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင် အဲ့တာတွေ ချိတ်ထားပါ။ ငြိမ်းချမ်းရေးလိုချင်တဲ့ပုဂ္ဂိုလ်တိုင်း အဲ့ဒီ့ဂဏန်းလေးကို ချိတ်ထား၊ သူ့ရဲ့သင်္ကေတက ရတနာသုံးပါးရဲ့ ဂုဏ်ကို အာရုံပြုပြီးတော့ ဘုန်းကြီးတို့ ဘုရားဂုဏ်၊ တရားဂုဏ်၊သံဃာ့ဂုဏ်ကို ပုတီးစိတ်တယ်။ ဂုဏ်တော်ပွားများတယ်။ အဲ့ဒီ့ဂုဏ်တော်ပွားများဖို့ ကုသိုလ်ရဖို့၊ ငြိမ်းချမ်းရေး ရှေးရှုဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ အဲ့ဒီ့ဂဏန်းဆိုတာ ဖြစ်လာတာ။ လှုပ်ရှားမှုဆိုတာလည်း မရှိခဲ့ဘူး။ လှုံ့ဆော်မှုဆိုတာလည်း မရှိခဲ့ဘူး။

သီတဂူဆရာတော် အရှင်ဉာဏိဿရက သြဝါဒမိန့်ကြားခဲ့တဲ့အထဲမှာ ဗုဒ္ဓဘာသာဝင် တချို့ ကိုးကွယ်ကြတဲ့ ၃၇ မင်းနတ်တွေ ထဲက ရွှေဖျင်းကြီး ရွှေဖျင်းလေး ညီနောင်နှစ်ပါးရဲ့ ဇာတ်လမ်းကို ဥပမာပေးပြီး အခုလို မိန့်ကြားခဲ့ပါတယ်။

“ဘယ်တိုင်းပြည်ရောက်ရောက်၊ အဲ့ဒီ့တိုင်းပြည်ရဲ့ ဥပဒေကို လေးစား လိုက်နာဖို့ရာကတော့ ရွှေဖျင်းကြီး၊ ရွှေဖျင်းငယ်တို့မှာ တာဝန်ရှိ ပါတယ်နော်။ ရွှေဖျင်းကြီး၊ ရွှေဖျင်းငယ်တို့ရဲ့ မျိုးဆက်တွေလည်း အဲ့လိုပဲ တာဝန်ရှိပါ တယ်နော် ။ အဲ့တာ တာဝန်မကျေတော့ ဘာဖြစ်လဲ၊ အဲ့ဒီ့အချိန်က ကုလားလေးကို ဗမာတွေက သနားပြီး ၊ ဗမာတွေ သနားတယ်။ ချစ်လည်း ချစ်တယ်။ မြတ်လည်း မြတ်နိုးတယ်။ အဲ့ဒီ့ကတည်းက ချစ်တာ အခုထက်ထိ ချစ်တုန်း။ ၃၇မင်းထဲမှာ သူတို့နှစ်ယောက်ပါတယ်။ ပါတယ်မို့လား။ အိမ်ဦးခန်းမှာ။ ဌက်ပျောသီးနဲ့ အုန်းသီးနဲ့တည်ပြီးတော့ ရှိခိုးပြီးတော့ ကိုးကွယ်နေကြတယ်။ ၃၇မင်းသော နတ်ထဲမှာ ဘင်္ဂါလီကိုယ်စားလှယ် နတ်နှစ်ယောက်ပါပါတယ်။ အဲ့တာကြောင့် မူစလင်ညီအကိုမောင်နှမများ ခင်ဗျား။ ဗမာတွေက အဲ့သလောက်ချစ်လို့ အဲ့သလောက်မြတ်နိုးလို့ အိမ်ဦးခန်းတင်ပြီးရှိခိုး ကိုးကွယ်ထားရင် ဒီတိုင်းပြည်ကိုလည်း ချစ်ကြပါလို့ အဲ့တာလေးပြောပြီး နိဂုံးချုပ်ပါတယ်။ သာဓု သာဓု သာဓု။ ”

အခု သံဃာ့စည်းဝေးပွဲကို နိုင်ငံတော်သြဝါဒါစရိယဆရာတော်တွေ၊ စာသင်တိုက်ဆရာတော်တွေ၊ တိပိဋကတ် ဆရာတော်တွေ၊ ဓမ္မကထိကနဲ့ ကမ္မဌာနာစရိယ ဆရာတော်တွေနဲ့ ရဟန်းသံဃာတော် စုစုပေါင်း အပါး ၁၅၀၀ ကျော် ကြွချီ တက်ရောက်ခဲ့ကြပြီး လူပုဂ္ဂိုလ် ၇၅၀ ကျော်လည်း လာရောက် နာကြားခဲ့ကြပါတယ်။
XS
SM
MD
LG