သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပုဒ်မ ၅၉ (ဃ) နဲ့ (စ) အပေါ် သံဃာတချို့အမြင်


စစ်အစိုးရလက်ထက်ကရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ သမ္မတအဖြစ် အရွေးခံနိုင်ခွင့် အရည်အချင်းတွေထဲက ပုဒ်မ ၅၉ (ဃ) နဲ့ (စ) ကို ပြင်ဆင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးအင်အားစုတွေက လူထုသဘောထားဆန္ဒတွေ စုစည်းနေကြသလို လွှတ်တော်မှာလည်း ဒီဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်ရေးဆောင်ရွက်နေပါတယ်။ တချိန်တည်းမှာပဲ အာဏာရနဲ့ တချို့နိုင်ငံရေးပါတီတွေက ဒီပုဒ်မတွေကို ပြင်ဖို့ မလိုအပ်ဘူးဆိုပြီး ဟောပြောပွဲတွေလည်း ကျင်းပခဲ့ပါတယ်။။ အခုလို ပြင်ဆင်ဖို့လိုတယ်၊ မလိုဘူးဆိုပြီး ပြောဆိုနေတဲ့ ဒီပုဒ်မ ၂ ခု အပေါ်မှာ သံဃာတော်တွေကရော ဘယ်လို ရှုမြင်နေကြသလဲဆိုတာကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင် က ဆက်သွယ် မေးမြန်းထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပါ သမ္မတ ဖြစ်ခွင့် အရည်အချင်းတွေထဲက ပုဒ်မ ၅၉ (ဃ) နဲ့ (စ)ကို ပြင်ဆင်ဖို့ လိုလားတယ်လို့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ သတင်းသုံးတဲ့ ဆရာတော်ကြီးတချို့ က မိန့်ကြားပါတယ်။

၅၉ (ဃ) နဲ့ (စ) မှာပါတဲ့ သမ္မတဖြစ်ခွင့်နဲ့ ပတ်သက်တဲ့ အရည်အချင်းတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေး ကိုသိသိသသာ တမင်ပစ်မှတ်ထားပြီး ရေးဆွဲထားတဲ့ ဥပဒေပုဒ်မတစ်ခုလို ရှုမြင်ပြီးတော့ ရှုတ်ချတယ်လို့လည်း ရန်ကုန်မြို့ ရွှေဝါရောက် ပညာဒါနကျောင်းဆရာတော် ဘဒ္ဒန ္တပဏ္ဍဝံသ က ဗွီအိုအေကို မိန့်ပါတယ်။

“ရည်ရွယ်ချက်ရှိရှိ လုပ်ထားတဲ့အပေါ်မှာတော့ ဦးဇင်းတို့က နဂိုရ်ထဲက ရှုတ်ချတယ်။ by the people, for the people မဟုတ်ဘူးလေ။ အဲဒါကြီး တစ်ခုလုံးကိုကြည့်ရင် အဲလိုဖြစ်နေတာ။ အဲဒီတော့ ဒီ ၅၉ ကို ဆက်ထားမယ် ဆိုရင်တော့ စစ်အုပ်ချုပ်ရေးကို ဦးစားပေးသလို ဖြစ်နေတယ်။ သမ္မတလုပ်တဲ့ သူက စစ်ပညာတတ်မှဆိုတာ၊ အဲဒါ ဖြစ်နေတယ်။ ဒါက မဖြစ်မနေပြင်ရမယ်လို့- ကျုပ်ကတော့ အဲလိုမြင်တာပေါ့။ နောက်ပြီးတော့ ၅၉ (စ) နဲ့ (ဃ) ကို သေသေချာချာ ပြည်သူတွေကြားထဲမှာလည်း ထဲထဲဝင်ဝင် သိဖို့လိုတယ်။ ကျုပ်တို့လက်ရှိသွားနေတဲ့အစီအစဉ်က ဒီမိုကရေစီဆိုတော့ မဖြစ်မနေပြင်ရမယ်လို့ မြင်တာပေါ့။”

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို တားမြစ်သလိုဖြစ်နေတဲ့ ဒီပုဒ်မတွေကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ အများကပြောနေချိန်မှာ တစ်ဖက်မှာလည်း ၅၉ (စ) နဲ့ (ဃ)ကို ပြင်ဖို့ မလိုအပ်ဖူးဆိုပြီးတော့ တန်ပြန်ဟောပြောပွဲတွေလည်း ဒီလထဲမှာ လုပ်လာတာကို တွေ့ရပါတယ်။

သံဃာတော်တွေအပါအဝင် လူသိများတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဦးအောင်သိန်းလင်း၊ ဒေါ်ခင်ဝိုင်းကြည်တို့ အပါအဝင် မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေ၊ရှေ့နေဦးအေးပိုင်၊ ဓမ္မစက္ကဦးမောင်မောင်၊ မြန်မာ့အမျိုးသားရေးကွန်ရကက နောင်တော်လေးနဲ့ ဦးသီရိမောင်၊တို့ က ဦးစီးပီး လုပ်ခဲ့တာပါ။

အခုလို ဟောပြောပွဲတွေလုပ်တာဟာ ဘယ်သူတွေ နောက်ကွယ်က ရှိတယ်လို့ ပြေဆိုနေမှုတွေဟာ မဟုတ်ဘဲ အမျိုးသားရေးကို ရှေ့တန်းတင်တဲ့အနေနဲ့ လုပ်ဆောင်တဲ့ သဘောဖြစ်တယ်လို့ မန္တလေးတိုင်း မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။ ဆရာတော်ဦးဝီရသူက သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းအတွက် ဆိုရင်တော့ ဒီဥပဒေပုဒ်မ ဟာ ခြွင်းချက်အနေနဲ့ ခွင့်ပြုလို့ရနိုင်ပေမဲ့ အခြားမဆိုင်တဲ့လူတွေ သမ္မတဖြစ်ခွင့်မရအောင်တော့ ဒါနဲ့ တားဆီးဖို့လိုတယ်လို့ မိန့်ပါတယ်။

“တိုင်းရင်းသားမဟုတ်တဲ့နိုင်ငံသားတွေ သမ္မတဖြစ်လာမှာကို ဦးဇင်းတို့က လုံးဝ မလိုလားပါဘူး။ တမျိုးသားလုံးရဲ့မျက်နှာကိုကြည့်ပြီးတော့ ဘုရားဟောတဲ့ မျက်နှာကြည့်ပြီးတော့ တသာသနာလုံးရဲ့မျက်နှာကိုကြည့်ပြီးတော့ ၅၉ (စ) ကို မပြင်ဖို့ဆိုပြီးတော့ အပြင်မခံနိုင်ကြတာပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ကို ခြွင်းချက်အနေနဲ့ လက်ခံပြီးတော့- ဒါပေမယ့် နိုင်ငံခြားတွေ၊ လူမျိုးခြား၊ ဘာသာခြားတွေကို ကန့်ကွက်ထားမယ်၊ အကာအကွယ်ထားမယ် ဆိုလို့ရှိရင်တော့ ဦးဇင်းတို့က သဘောတူပါတယ်။ ထောက်ခံတယ်။”

၅၉ (ဃ) နဲ့ (စ) ကို ပြင်ဖို့ မပြင်ဖို့ ဆိုတဲ့ နေရာမှာ တစ်ဖက်သတ်ဆန်ဆန် ဖိနှိပ်ထားတဲ့ ဥပဒေပုဒ်မတစ်ခု ဖြစ်တာကြောင့် ပြည်သူတွေရဲ့ ဆန္ဒအမှန်ကိုရဖို့ မဲခွဲသင့်တယ်လို့ ဆရာတော်တစ်ချို့ကလည်း ပြောဆိုမှုတွေ ရှိပါတယ်။
ဒါပေမဲ့ ဒီပုဒ်မတွေဟာ ဒီမိုကရေစီနဲ့ လုံးလုံး ဆန့်ကျင်နေသလို စဉ်းစားပုံ တွေးခေါ်ပုံတွေဟာလည်း နိုင်ငံခြားသားကို တစ်ဖက်သတ် ကန့်သတ်ထားတဲ့ သဘောဖြစ်နေတာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်တဲ့နေရာမှာ ထည့်သွင်း ပြင်ဆင်ဖို့လိုတယ်လို့ မန္တလေးမြို့၊ မြဝတီမင်းကြီးကျောင်းတိုက် ပဓာန နာယက ဆရာတော် ဦးအရိယဝံသာ ဘိဝံသက ဗွီအိုအေကို မိန့်ပါတယ်။

“သမိုင်းကလာခဲ့တာက အခုက ဒီလိုကိစ္စတွေမှာ ပုဂ္ဂိုလ်ရေးတွေ ရှေ့တန်းတင်ပြီး လုပ်ခဲ့တဲ့ဟာတွေ ကိစ္စပဲ။ အဲဒီဟာရဲ့ အကျိုးဆက်ချည့်ပဲ။ ဒါ ပြင်ရမှာကြီးကတော့ ရှင်းရှင်းကြီးပါပဲ။ မပြင်ရင်သိက္ခာမရှိ ဖြစ်လိမ့်မယ်။”

ပုဒ်မ၅၉ (စ) နဲ့ (ဃ) တို့ကို ကန့်ကွက်တဲ့အနေနဲ့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တုန်းကလည်း ရန်ကုန်တိုင်း၊ အလုံမြို့နယ် မြောင်းကြီးလမ်းကနှေ အလုံမြို့နယ်ခန်းမအထိ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ဇန်နဝါရီလတုန်းက ပြောဆိုထားတဲ့ မိန့်ခွန်းမှာ မြန်မာနိုင်ငံသားတစ်ဦးကို သမ္မတဖြစ်ခွင့် ကန့်သတ်ထားတာမျိုး သူ့အနေနဲ့ မလိုလားဘူးလို့ ပြောခဲ့ပါတယ်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ပုဒ်မ ၅၉ (ဃ) ၊ ပုဒ်မ ၅၉ (စ)တို့ဟာ အမျိုးသမီးတစ်ဦးဖြစ်တဲ့ သူမကို ဦးတည် ရေးဆွဲထားတာ ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံရေးဆွဲခဲ့တဲ့သူတွေအတွက် သိက္ခာကျစရာဖြစ်တယ်လို့ ဇန်နဝါရီ ၉ ရက်က ချင်းပြည်နယ် ဟားခါးမြို့မှာ ကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲမှာ ထည့်သွင်း ပြောဆိုခဲ့ဖူးပါတယ်။

ပုဒ်မ ၅၉ (စ) ကတော့ မိဘ၊ ဇနီး၊ ခင်ပွန်း၊ တရားဝင် သားသမီးတစ်ဦးဦး၊ ယင်းသားသမီးများရဲ့ ဇနီး၊ ခင်ပွန်းတွေဟာ တိုင်းတစ်ပါး နိုင်ငံသား မဖြစ်စေရဆိုပြီး ပြဌာန်းထားတာဖြစ်သလို ပုဒ်မ ၅၉ (ဃ) ကတော့ နိုင်ငံတော်သမ္မတလုပ်မယ့်သူဟာ နိုင်ငံတော်ရဲ့ အရေးအရာတွေဖြစ်တဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး အမြင်ရှိရမယ်ဆို ပြီး ပြဌာန်းထားတာဖြစ်ပါတယ်ခင်ဗျာ။
XS
SM
MD
LG