သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် မန္တလေး သံဃာ့ဆန္ဒပြမှု ဆက်ဖြစ်ပွား


ဒဏ်ရာရ သံဃာတော်တွေကို အစိုးရက ဝန်ချတောင်းပန်ဖို့ မန္တလေးမြို့မှာ သံဃာတော်များ ဆန္ဒပြနေကြစဉ်။ (ဒီဇင်ဘာလ ၈ ရက်၊ ၂၀၁၂)။
ဒဏ်ရာရ သံဃာတော်တွေကို အစိုးရက ဝန်ချတောင်းပန်ဖို့ မန္တလေးမြို့မှာ သံဃာတော်များ ဆန္ဒပြနေကြစဉ်။ (ဒီဇင်ဘာလ ၈ ရက်၊ ၂၀၁၂)။
လက်ပံတောင်းတောင် သပိတ်စခန်းကို ဖြိုခွဲစဉ်မှာ မီးလောင်ဒဏ်ရာ ရရှိခဲ့တဲ့ သံဃာတွေကို အစိုးရကိုယ်တိုင် တရားဝင် တောင်းပန်ဖို့ အပါအဝင် အချက် ၃ ချက်ကို မန္တလေး မြို့က သံဃာတော်အင်အား ၅၀၀ ခန့်က ဆန္ဒပြချီတက်ပြီး တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် လက်ပံတောင်းတောင် ဒေသခံအင်အား ၂၀၀ လောက်ကလည်း တုံရွာကနေ စတင် ချီတက်ပြီး ကြေးနီစီမံကိန်း ရပ်တန့်ရေး အပါအဝင် တောင်းဆိုချက် ၃ ချက်ကို တောင်းဆို ဆန္ဒပြနေကြပါတယ်။ ဒီအကြောင်းကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မန္တလေးမြို့ အိမ်တော်ရာ ဘုရားဝင်းကနေ ချီတက်လာတဲ့ သံဃာအပါး ၅၀၀ ခန့်ဟာ တောင်းဆိုချက် ၃ ချက်ကို ဒီဇင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး လုပ်ဆောင်ပေးဖို့ ၂ နာရီခန့် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြမှုမှာ ဦးဆောင်သံဃာတပါး ဖြစ်တဲ့ မြတောင်ကျောင်းတိုက်က ဦးအာစရက အခုလို မိန့်ပါတယ်။

“ဒီနေ့ ဦးပဉ္စင်းတို့ လုပ်ရတဲ့အကြောင်းရင်းကတော့ လက်ပံတောင်းတောင်မှာ အကြမ်းဖက်ခံထားရတဲ့ သံဃာတော်တွေ၊ ဆေးရုံးမှာ ရောက်နေတဲ့သံဃာတော်တွေကို နိုင်ငံတော်အစိုးရက ဦးဆောင်ပြီးတော့ ပြည်ထဲရေးဝန်ကြီးဌာန ကနေပြီးတော့ ဦးပဉ္စင်းတို့ ဆေးရုံးပေါ်မှာ တက်နေတဲ့ သံဃာတော်တွေကို ပြန်ပြီး တောင်းပန်ဖို့၊ အကြမ်းဖက်မှုမှာ ပါဝင်တဲ့သူတွေကို အရေးယူပေးဖို့၊ ဒီအခင်းနဲ့ ပတ်သက်လို့ ဖြစ်ပြီးတော့ သံဃာတွေကိုရော တချို့ လူပုဂ္ဂိုလ်တွေကိုရော ဖမ်းဆီးတာတွေ ရှိတယ်။ အဲဒီ ရဟန်းပုဂ္ဂိုလ်တွေ၊ လူပုဂ္ဂိုလ်တွေကို ပြန်လွှတ်ပေးဖို့ ပေါ့နော်။ အဲဒီသုံးချက်ကို တောင်းဆိုတာ။ ၁၂ ရက် ၁၂ လ ၂၀၁၂ မှာ ဦးပဉ္စင်းတို့ တကြိမ် ထပ်လုပ်ဖို့ ရှိပါတယ်။ အဲဒါကို ဦးပဉ္စင်းတို့ ၁၁ ရက်နေ့ကို နောက်ဆုံးထားပြီးတော့ တောင်းပန်ပေးဖို့၊ တကယ်လို့ ၁၁ ရက်နေ့ ပြည့်လို့မှ ဦးပဉ္စင်းတို့ တောင်းဆိုထားတဲ့ အချက် ၃ ချက်ကို မလိုက်လျောဘူးဆိုရင် ဦးပဉ္စင်းတို့ အနေနဲ့ ၁၂ ရက် ၁၂ လ ၂၀၁၂ မှာ ဦးပဉ္စင်းတို့ ဆန္ဒထုတ်ဖော်တဲ့ဟာကို အရှိန်မြင့်သွားဖို့ ဦးပဉ္စင်းတို့ အစီအစဉ် ရှိပါတယ်။”

အာဏာပိုင်တွေအနေနဲ့ စစ်ကိုင်တိုင်း မုံရွာမှာလည်း ဝန်ချ တောင်းပန်းတဲ့ပွဲတွေ၊ သာသနာရေးဝန်ကြီးက တောင်းပန်တဲ့ပွဲတွေ လုပ်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာတွေမှာ ပါရှိပါတယ်။ ဒီတောင်းပန်ပွဲတွေ လုပ်ခဲ့တာတွေကိုလည်း သံဃာတွေအနေနဲ့ လက်မခံနိုင်သေးတဲ့အကြောင်း ဦးအာစရက ဆက်မိန့်ပါတယ်။

“ဒီလို တောင်းပန်တာ ဟုတ်တယ်။ အဲဒါတွေက ဦးပဉ္စင်းတို့နဲ့ မဆိုင်ဘူးဗျ၊ သူတို့ အဲဒီမှာ လုပ်တာတွေက။ ဦးပဉ္စင်းတို့ သိရသလောက်ဆိုရင် မုံရွာမှာ ဆိုလို့ရှိရင် မုံရွာရဲတွေက မုံရွာမှာရှိတဲ့ ဘုန်းကြီးတွေပေါ့နော်၊ ဘွဲ့ကြီးဝါကြီးတွေကို တောင်းပန်တယ်လို့ ဦးပဉ္စင်းတို့ သတင်းတွေထဲမှာလည်း တွေ့တယ်၊ သိထားတယ်။ နောက်ပြီးတော့ မနေ့က သာသနာရေး ဦးစီးဌာနကနေပြီးတော့လည်း လာပြီးတော့ လျှောက်တာ ရှိတယ်။ ဒါပေမဲ့ ဦးပဉ္စင်းတို့ လိုချင်တာက နိုင်ငံတော် အစိုးရအဖွဲ့အစည်းကနေပြီးတော့၊ အစိုးရကနေပြီးတော့ မန္တလေး ဆေးရုံကြီးမှာ တက်နေတဲ့ သံဃာတော်တွေကို ကိုယ်တိုင်လာပြီးတော့ တောင်းပန်ရမှာ။”

လက်ပံတောင်း တောင် တုံရွာမှာလည်း ကြေးနီစီမံကိန်း အပြီးတိုင်ရပ်ဖို့ အပါအဝင် ဆန္ဒပြမူတွေကို ဒေသခံရွာသား ၂၀၀ ခန့်က ဆက်ပြီး လုပ်ဆောင်နေပါတယ်။ ဆန္ဒပြနေတဲ့ ဒေသခံ ရွာသူတဦး ပြောပြတာက -

“အဓိက ဆန္ဒပြရတာကတော့ လက်ပံတောင်းတောင်ကြီး လုံး၀ ဖျက်သိမ်းပေးရေး အတွက်ကို ဦးတည်ပြီးတော့ ဒေသခံတွေက ဆန္ဒပြနေကြပါတယ်။ နောက်ထပ် ဒုတိယအချက်ကတော့ ဒီ သံဃာတော်များကို မီးလောင်ဗုံးတွေနဲ့ ဒဏ်ရာရအောင် လုပ်ထားတဲ့အပေါ်မှာ တာဝန်ရှိသူတွေကို ချက်ချင်း အရေးယူ ဆောင်ရွက်ပေးဖို့ရာရယ်၊ နေရာအနှံ့အပြားမှာ လက်ပံတောင်းတောင် အတွက်ကို ဖမ်းဆီးထားတဲ့ အားလုံး ကူညီနေတဲ့သူအပေါင်းကို ဖမ်းဆီးထားတဲ့သူတွေကို အမြန်ဆုံး လွှတ်ပေးဖို့ အရေးကို ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။”

အလားတူပဲ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းက သံဃာတော်များကို အကြမ်းဖက် ဖြိုခွင်းခဲ့မှုနဲ့ပတ်သက်ပြီး သာသနာရေး ဦးစီးဌာနက တာဝန်ယူ ဖြေရှင်းပေးဖို့နဲ့ ဆန္ဒထုတ်ဖော် ခဲ့ကြသူများကို ဖမ်းဆီးထားရာမှ အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက် ဖြိုခွဲခဲ့သူတွေကို ဖော်ထုတ်အရေးယူ ပေးဖို့ အပါအဝင် တောင်းဆိုချက်တွေကို ရန်ကုန်တိုင်းအတွင်းက သံဃာတွေကလည်း ဒီကနေ့မှာပဲ ရန်ကုန်မြို့တော် ခန်းမ ရှေ့မှာ အင်အားရာနဲ့ချီ ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။
XS
SM
MD
LG