သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်ကလေးငယ်များ ကျန်းမာရေးအန္တရာယ်ရှိ


ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာကလေးငယ်များ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar က ရိုဟင်ဂျာဒုက္ခသည်ကလေးငယ်ပေါင်း သန်းတ၀က်ကျော်ဟာ ကပ်ဘေးရောဂါ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး လာမယ့် ဆိုင်ကလုန်နဲ့ မုတ်သုန်ရာသီမှာ အမြောက်အများ သေဆုံးမယ့် အခြေအနေရှိနေကြောင်း ကုလသမဂ္ဂကလေးများရံပုံငွေ အဖွဲ့က သတိပေးပြောကြားလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ကုလသမဂ္ဂဌာနချုပ်ကနေ ဗွီအိုအေ သတင်းထောက် Lisa Schlein ပေးပို့ထားတဲ့ သတင်းလွှာကို မအင်ကြင်းနိုင်က ပြောပြမှာပါ။

နှစ်စဉ် နွေနဲ့ မိုးရာသီတွေရောက်တိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အပူပိုင်းဒေသ မုန်တိုင်းဒဏ်ကို အလူးအလဲခံရပါတယ်။ ဒါကြောင့်လည်း Cox’s Bazar မှာရှိတဲ့ ဒုက္ခသည်အကူအညီပေးရေးအဖွဲ့အစည်းတွေကနေ ဆိုင်ကလုန်နဲ့ မုတ်သုန်ရာသီ အဦးဆုံးကာလဖြစ်တဲ့ မေလ အစပိုင်းကနေ ဇူလိုင်လ နောက်ဆုံးပတ်တွေအတွင်း ရာသီဥတုဒဏ်ကြောင့် ဒုက္ခသည်စခန်းတွေမှာ အသေအဆုံးများနိုင်မယ့် အခြေအနေကို တွက်ဆနေကြတာပါ။

ညစ်ပတ်ပြီး ဖြစ်ကတတ်ဆန်း လုပ်ထားတဲ့ ယာယီတဲတွေမှာ လူတွေစုပြုံပြီး နေထိုင်နေရတဲ့ရိုဟင်ဂျာ ဒုက္ခသည် ၆၅၀,၀၀၀ ကျော်အတွက် အင်အားပြင်းထန်မယ့် မုန်တိုင်း တိုက်ခတ်မှု အပျက်အစီးတွေဖြစ်လာမယ့် အခြေအနေကို ရင်ဆိုင်ဖို့ကြိုတင်ပြင်ဆင်မှုတွေ မရှိသေးကြောင်း ကုလသမဂ္ဂလက်အောက်ခံအဖွဲ့တွေက သတိပေးနေပါတယ်။

ရာသီဥတု အခြေအနေတွေဆိုးရွားလာတာနဲ့အမျှ ဒုက္ခသည်စခန်းတွေမှာ ဖြစ်သလို စုပြုံ နေထိုင်နေရတဲ့ သိန်းနဲ့ချီတဲ့ ကလေးငယ်တွေအတွက် ကျန်းမာရေးအန္တရာယ်နဲ့ လုံခြုံမှု ကင်းမဲ့မယ့် အခြေအနေတွေ ပိုပြီးတိုးလာဖို့ပဲရှိကြောင်း ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ ပြောခွင့်ရ Christophe Boulierac ကပြောပါတယ်။ မုတ်သုန်ရာသီရောက်ပြီဆိုရင် ရောဂါတွေအဖြစ်များပြီး ရေကြီး မြေပြိုတာ အပြင် အခြား ဆိုးရွာတဲ့အခြေအနေတွေဖြစ်လာဖို့ရှိကြောင်း သူက အခုလို ဆိုပါတယ်။

“လက်ရှိ Cox’s Bazar က ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ ကလေးပေါင်း ၅၂၀,၀၀ ဟာ လူသားချင်းဆိုင်ရာ အခြေအနေတွေ ကြောက်စရာကောင်းလောက်အောင်ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပြီး မကြာခင် သီတင်းပတ်တွေအတွင်း ရောက်လာတော့မယ့် ဆိုင်ကလုန်နဲ့ မုတ်သုန်ရာသီမှာဆိုရင်တော့ တကယ့်ကိုကြီးမားလှတဲ့ လူသားဘေးဒုက္ခကြီးကို တွေ့ကြုံရဖို့ရှိနေပါတယ်။”

သောက်သုံးရေမသန့်ရှင်းမှု၊ မိလ္လာစနစ် မလုံလောက်မှု၊ တကိုယ်ရေနဲ့ ဘေးပတ်ဝန်းကျင်သန့်ရှင်းမှု နည်းပါးတာတွေကြောင့် ကပ်ဘေးရောဂါဖြစ်လာဖို့ အလားအလာရှိနေသလို ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ ကာလ၀မ်းရောဂါနဲ့ ဆုံဆို့နာ ရောဂါတွေကြောင့် သေဆုံးမှုတွေနဲ့ အခြားကူးစက်ရောဂါတွေကို ပိုပြီး ဆိုးရွားလာစေမှာဖြစ်ကြောင်း Christophe Boulierac က ပြောပါတယ်။

ကုလသမဂ္ဂ ကလေးသူငယ်များအရေးပေါ်ရံပုံငွေအဖွဲ့ UNICEF အနေနဲ့လည်း ရိုဟင်ဂျာဒုက္ခသည်ကလေးတွေကို ရောဂါဘေးအန္တရာယ်ကနေ ကင်းဝေးအောင် ဆောင်ရွက်ပေးဖို့ အချက်ကို အဓိက ဦးစားပေးလုပ်ဆောင်နေကြောင်း ကြေညာထားပါတယ်။ သောက်သုံးရေသန့်ရှင်းမှုရှိအောင်၊ မိလ္လာစနစ်အလုံအလောက်ရှိအောင် အပြင် ဆုံဆို့နာအပါအ၀င် အခြားကူးစက်ရောဂါတွေမဖြစ်အောင် ကာကွယ်ဆေးထိုးပေးတာ စတာတွေကို UNICEF အနေနဲ့ ထောက်ပံကူညီနေကြောင်း သူတို့ရဲ့ အစီရင်ခံစာမှာလည်း ဖေါ်ပြထားပါတယ်။ ဒါပေမယ့်လည်း ရာသီဥတုအလွန်အမင်းဆိုးရွားမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါတွေအတွက် ဒီထောက်ပံမှုတွေဟာ လုံလောက်မှုမရှိသေးကြောင်း UNICEF ကသတိပေးထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်ကလေးငယ်များ ကျန်းမာရေးအန္တရာယ်ရှိ
please wait

No media source currently available

0:00 0:02:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG