သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာ စိုးရိမ်ရေမှတ် နှစ် ၅၀ အတွင်း အမြင့်ဆုံးရောက်


မုံရွာ စိုးရိမ်ရေမှတ်ကျော်နေတဲ့ အခြေအနေ။ (ဓာတ်ပုံ - မုံရွာမှာ ဘာတွေဖြစ်နေလဲ)
မုံရွာ စိုးရိမ်ရေမှတ်ကျော်နေတဲ့ အခြေအနေ။ (ဓာတ်ပုံ - မုံရွာမှာ ဘာတွေဖြစ်နေလဲ)

မုတ်သုန်မိုးသည်းထန်ခဲ့တာနဲ့ မုန်တိုင်းအရှိန်ကြောင့်တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တချို့မှာ ရေကြီးတာ၊ မြေပြိုတာတွေဖြစ်ပွားနေချိန်မှာ မြန်မာပြည်က အဓိက မြစ်ကြီး ၄ စင်းမှာလည်း ရေကြီးပြီး မြို့ကြီးအတော်များများဟာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပါတယ်။ ဒီကနေ့မှာတော့ ချင်းတွင်းမြစ်ရေဟာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ စိုးရိမ်ရေမှတ်အထက် ၄ ပေခွဲကျော်ရောက်ရှိပြီး နှစ် ၅ဝ အတွင်းမှာ အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ လတ်တလော မြန်မာပြည်အဝှမ်းမြစ်ရေကြီးမှုအခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်းက ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာပြည်ရဲ့ အဓိကမြစ်ကြီးတွေဖြစ်တဲ့ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနဲ့ သံလွင်မြစ်တွေမှာ မြစ်ရေမြင့်တက်တာကြောင့် မြို့ကြီး အတော် များများမှာ စိုးရိမ်ရေမှတ်အထက်ကိုကျော်လွန်နေပြီး အထူးသဖြင့် ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေကြီးတာကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဟာ ရေလွှမ်းမိုးမယ့် အခြေအနေကို သတိထားနေရတဲ့ အခြေအနေကို ရောက်ရှိနေတာဖြစ်ပါတယ်။

ဒီကနေ့ ၁၂ နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေကြီးတဲ့အခြေအနေကို မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာ ဟာရင် နိုင်တီယမ်က အခုလို ပြောပါတယ်။

“ဒီနေ့ထုတ်ပြန်တာအနေနဲ့တော့ ဧရာဝတီမှာဆိုရင် စိုးရိမ်ရေအမှတ်အထက်မှာရှိတာက ပခုက္ကူ၊ မြောက်ဦး၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန် - ဧရာဝတီစခန်းတွေမှာတော့ စိုးရိမ်မှတ်အထက်မှာ ရှိနေတယ်။ နောက် ချင်းတွင်းမြစ်ဘက်မှာတော့ လက်ရှိ စိုးရိမ်ရေအမှတ်အထက်မှာရှိတာကတော့ မော်လိုက်၊ ကလေးဝ၊ မုံရွာပေါ့-”

ဧရာဝတီမြစ်ရေဟာ ပခုက္ကူမြို့နဲ့ ညောင်ဦးမြို့တွေမှာ စိုးရိမ်ရေမှတ်အထက် ၆ လက်မလောက်ရှိနေပြီး နောက်တရက်အထိ စိုးရိမ်ရေမှတ်မှာ ရှိနိုင်ကြောင်း၊ မင်းဘူး၊ မကွေး၊ အောင်လံပြည်မြို့တွေမှာတော့ နောက် ၃ ရက်အတွင်း စိုးရိမ်ရေမှတ်အောက်ကျနိုင်ကြောင်း၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်မြို့တွေမှာတော့ နောက် ၃ ရက်အတွင်း စိုးရိမ်ရေမှတ် အထက်မှာ ဆက်ရှိနိုင်ကြောင်းခန့်မှန်းထားပါတယ်။

ဒီကနေ့မှာတော့ ချင်းတွင်းမြစ်ရေကတော့ မုံရွာမြို့မှာ နှစ် ၅ဝအတွင်း အများဆုံးဖြစ်တယ်လို့လည်း ပြောပါတယ်။

“ချင်းတွင်းဘက်မှာကျတော့ ဒီနေ့မနက် တိုင်းရတဲ့ ၁,၁၄၃ စင်တီမီတာဟာဆိုရင်တော့ နှစ်ပေါင်း ၅၀ အတွင်း တိုင်းလို့ရတဲ့ အမြင့်ဆုံ မြစ်ရေအမှတ်တော့ ဖြစ်သွားပါတယ်။ အခု လက်ရှိမှာတော့ မုံရွာမှာဆိုရင် စိုးရိမ်ရေအမှတ်အထက်ကို ၄ ပေခွဲလောက် ကျော်နေတယ်။ အခုရက်အတွင်းမှာတော့ ပြန်ကျသွားမယ်။ အဲလိုမှန်းထားပါတယ်။ လက်ရှိမှာတော့ စိုးရိမ်ရေအမှတ်အထက် ၄ ပေလောက်ရှိတယ်။ ဒါပေမယ့် နောက် ၂ ရက်အတွင်းတော့ ပြန်ကျသွားမယ်လို့ မှန်းထားပါတယ်။ နောက် ကလေးဝမှာဆိုရင် အခု လက်ရှိမှာကို စိုးရိမ်ရေအမှတ်အထက်မှာ ၁၀ ပေလောက် ရှိသေးတယ်။ …ဆိုတော့ နောက် ၂ ရက်အတွင်းမှာတော့ ထပ်ပြီးတော့ ကျသွားနိုင်မယ်လို့တော့ မှန်းထားတယ်။ စိုးရိမ်ရေအမှတ်အထက်မှာတော့ ရှိနေအုံးမယ်။”

မုံရွာမြို့ခံတဦးကတော့ ဒီကနေ့မွန်းလွဲပိုင်းအခြေအနေကို အခုလို ပြောပါတယ်။

“အခုနေကတော့ မနေ့ညကတော့ စိုးရိမ်ရတာပေါ့။ အခုနေတော့ ပြန်ကျသွားပြီ။ ၁,၁၄၀ ကနေ အခု ၁,၁၃၅ ရောက်သွားပြီ။ အမြင့်ဆုံးက ၁,၁၄၃။ ရေဝင်တာတွေကတော့ နောက်ဘက်မှာ များများစားစား ဝင်သွားတာပေါ့။ ညောင်ပင်ကြီးကနေ တုံရွာတို့၊ ရွှေလှေတို့ အကုန်ဝင် သွားတယ်လေ။”

မုံရွာမြို့အနောက်ဘက်ကမ်းစလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်တွေဘက်မှာ ပြီးခဲ့တဲ့အပတ်တည်းက ရေလွှမ်းခဲ့တာလည်း ဖြစ်ပါတယ်။ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်နေသူတဦးကတော့ အဲဒီဘက်ဒေသတွေမှာ သောက်သုံးရေအဓိက လိုအပ်နေတယ်လို့ ပြောပါတယ်။

ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေကြီးနေတဲ့အခြေအနေကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ ရေနစ်မြုပ်မယ့်အခြေအနေရှိကြောင်း သတိပေးတာတွေလည်း ရှိနေပါတယ်။ မိုးဇလဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာဟာရင်နိုင်တီယမ်က မိုးဇလဌာနရဲ့ခန့်မှန်းချက်ကို အခုလို ပြောပါတယ်။

“မဖြစ်ပေါ်နိုင်ပါဘူးရှင်။ ကျမတို့ခန့်မှန်းချက်အရ - အခုလည်း ပြန်ကျနေပါပြီ။ ဥပမာ- ဆိပ်သာတို့၊ ဟင်္သာတတို့ကတော့ နည်းနည်းရှိသေးတယ်။ ဒါပေမယ့် သူလည်း ပြန်ကျသွားမှာပါ။ အဲလိုမျိုးအခြေအနေတော့ လုံးဝမဖြစ်ပါဘူး။ အဲလိုမျိုး မုန်တိုင်းရှိတဲ့ကာလလောက်တော့ မများတော့ဘူးလေ။”

ဟင်္သာတ မြို့ခံတချို့ကလည်း လက်ရှိအခြေအနေကို အခုလို ပြောပါတယ်။

“ဟင်္သာတဘက်ကအခြေအနေကတော့ စိုးရိမ်ရေအမှတ်ထက်ကို ၄ ပေခွဲနီးပါးလောက် ကျော်နေတယ်။ အခု မနက် ၈ နာရီလောက်အထိပေါ့နော်။ ကျနော် ၁ နာရီခွဲလောက်မှာ တချက်သွားကြည့်တော့ ဆက်မတက်တော့ဘူး၊ အလွန်ဆုံးတက်ရက် လက်မဝက်လောက်ပဲ။ နည်းနည်းတန့်သွားပြီပေါ့၊ သိလား။ ရေတွေက တန့်သွားပြီဆိုတော့ ဟင်္သာတမြို့ပေါ်အတွက်ကတော့ စိုးရိမ်စရာ မရှိတော့ဘူး။”

“ဟင်္သာတမြို့ ရေအခြေအနေကတော့ အခု လောလောဆယ်မှာတော့ စိုးရိမ်ရတဲ့အခြေအနေတော့ အများကြီးမရှိသေးဘူးပေါ့နော်။ အခုလောလောဆယ်တော့ ….ဘုရား ကမ်းနား၊ မြစ်ကမ်းနား ရေစိမ့်တဲ့အတွက် သဲအိတ်တွေ ဖို့နေတာ ရှိပါတယ်ရှင့်။”

ဧရာဝတီတိုင်းဒေသကြီးအတွင်းက အင်္ဂပူမြို့နယ်၊ ကြံခင်းမြို့နယ်၊ မြန်အောင်မြို့နယ်တွေအတွင်းမှာတော့ ရေလွှမ်းမိုးတာတွေကြောင့် ဒေသခံပြည်သူတချို့ရွှေ့ပြောင်းတာတွေ ရှိသလို ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားတာတွေလည်း ရှိနေပါတယ်။

လောလောဆည် စစ်တောင်းမြစ်ရေအခြေအနေကတော့ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်အထက် ၃ ပေခွဲ ကျော်လွန်နေပြီး နောက် ၃ ရက် အတွင်း ၂ ပေလောက်ကျဆင်းနိုင်ကြောင်းနဲ့ ရွှေကျင်မြို့မှာ စိုးရိမ်ရေမှတ်အထက် ၁ပေလောက်ကျော်လွန်နေပြီး နောက် ၂ ရက်မှာ စိုးရိမ်ရေ မှတ်အောက် ကျဆင်းနိုင်ကြောင်း မိုးဇလဌာနက ခန့်မှန်းထားသလို သံလွင်မြစ်ရေကတော့ ဘားအံမြို့မှာ စိုးရိမ်ရေမှတ်အထက် ၂ ပေလောက် ကျော်လွန်နေပြီး ၂၄ နာရီအတွင်း ပေဝက်လောက် ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

XS
SM
MD
LG