သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားနှင့် သတင်းသမားတချို့ကို ဆက်လက် ဖမ်းဆီး


သပိတ်ကျောင်းသားများအားဖမ်းဆီးစဉ်။ ( မတ် ၁၀၊ ၂၀၁၅)
သပိတ်ကျောင်းသားများအားဖမ်းဆီးစဉ်။ ( မတ် ၁၀၊ ၂၀၁၅)

ပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေ ကို အာဏာပိုင်တွေက ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ အကြမ်းဖက် ဖြိုခွင်းပြီး ဖမ်းဆီး သွားခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတချို့ကို ကြာသပတေးနေ့က ခံဝန်ချက်နဲ့ ပြန် လွှတ်ပေးခဲ့ပေမယ့်လည်း ကျောင်းသားခေါင်းဆောင်တချို့နဲ့ သတင်းထောက် တချို့ကို ထပ်မံ ဖမ်းဆီးလိုက်ပါတယ်။ ဧည့်စာရင်းစစ်မယ်ဆိုပြီး အာဏာပိုင်တွေက ရန်ကုန်မြို့၊ အလုံမြို့နယ်အတွင်းက သူတို့နေတဲ့ တိုက်ခန်း ပတ်ပတ်လည်ကို ဝိုင်းပြီး အဲဒီမှာရှိနေတဲ့ ၅ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ မျက်မြင် သက်သေတွေ ပြောတာကို ကိုးကားပြီး အဖမ်းခံလိုက်ရသူ တဦးဖြစ်တဲ့ ဗကသ ခေါင်းဆောင်တဦးဖြစ်သူ မဟန်နီဦးရဲ့ ဖခင် ဦးထွန်းဦးက ဗွီအိုအေမြန်မာပိုင်းက ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းရာမှာတော့ အခုလို ပြောပါတယ်။

"ကျနော်တို့ကတော့ ဖုန်းဆက်လို့ အလုံရဲစခန်းကို ရောက်နေတယ်။ ဧည့်စာရင်းနဲ့ ဖမ်းသွားတယ်ဆိုပြီး ပြောတယ်။ အဲ့တာကြောင့် ကျနော်က အလုံရဲစခန်းကို လိုက်လာတယ်ပေါ့။ လိုက်လာတော့ ဒီကျတော့ အနီးအနားက လူတွေပြောတာတော့ အိမ်ကို ဝိုင်းတယ်ပေါ့။ သူတို့ရှိနေတဲ့အိမ်ကို လုံခြုံရေးအပြည့်နဲ့ ဝိုင်းတယ်ပေါ့။ ဝိုင်းပြီးတော့မှ ဧည့်စာရင်းစစ်မယ်ဆိုပြီး တိုက်ခန်းတွေ ရှိတယ်။ သူတို့တခန်းတည်းကိုပဲ ဝင်ပြီးတော့ ဧည့်စာရင်းစစ်မယ်ဆိုပြီး ဝင်တယ်တဲ့။ အဲ့လိုပြောတယ်။ အခုထက်ထိတော့ အလုံရဲစခန်းမှာပဲ စစ်ဆေးနေတုန်းပဲခင်ဗျ။

ဗွီအိုအေ။ ။ ဆိုတော့ ဝင်စစ်တာက သူတို့အခန်းတခန်းတည်းကိုပဲ စစ်တာ ပတ်ဝန်းကျင်က အိမ်တွေကို မစစ်ဘူးပေါ့နော်။

" ဟုတ်တယ်။ မစစ်ဘူးခင်ဗျ။ သူတို့တိုက်က သူတို့အခန်းတခန်းတည်းကိုပဲ စစ်တာ။"

ဗွီအိုအေ။ ။ လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဝင်ဝိုင်းတာပေါ့။

" ဟုတ်တယ်ခင်ဗျ။ ဟုတ်တယ်။ ဟုတ်ပါတယ်။ နောက်တခါ ရိုးရိုး အဲ့အနားမှာရှိတဲ့ တခြားလုံခြုံရေးတွေလည်း လာတာပေါ့။ ဝိုင်းထားတာ။ ရဲမဟုတ်တဲ့ဟာတွေပေါ့။

ဗွီအိုအေ။ ။ ရဲမဟုတ်တဲ့ ရပ်ကွက်က လူတွေလည်းပါတာပေါ့။

" အော် ဟုတ်ကဲ့။ ဟုတ်ကဲ့။"

ဗွီအိုအေ။ ။ အင်အား ဘယ်လောက်လောက်ရှိလဲပြောလဲဗျ။

" နောက်ဖေးရော၊ ဘေးရော ဝိုင်းထားတာ တော်တော်များတဲ့သဘောပဲဗျ။

ဗွီအိုအေ။ ။ ဘာကြောင့်များ အခုလိုမျိုး ဖမ်းတယ်လို့ ယူဆမိသလဲ စိတ်ထဲမှာ။

"အော် သူက ဗကသလေ။ အဲ့ဒီ့ ဗကသအနေနဲ့ ဒီမိုကရေစီပညာရေးအတွက် သူတို့တွေက ပါနေတာပေါ့ဗျာ။"

ဗွီအိုအေ။ ။ အဲ့တော့ ဆက်စပ်မှုရှိမယ်ထင်သလား ။ဖမ်းတာက။

"ဟုတ်ကဲ့ခင်ဗျ။ ဖြစ်နိုင်ခြေကတော့ အဲ့တာအများဆုံးဖြစ်နိုင်တယ်လေ။ အခုကတော့ အဲ့ဒီ့ရည်ရွယ်ချက် ပဲ။ အဲ့တာနဲ့ လိုက်ဖမ်းတာ။ ဒါက သိသာပါတယ်ခင်ဗျ။

သူတို့ သားသမီးတွေနဲ့ တွေ့ခွင့်ပေးဖို့ အလုံရဲ့စခန်းက တာဝန်ရှိသူတွေကို အကြိမ်ကြိမ် တောင်းဆိုပေမယ့် တွေ့ခွင့်မပေးဘူးလို့ ဖမ်းခံထားရသူ ဗကသ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုသီဟဝင်းတင်ရဲ့ မိခင် ဒေါ်လီလီထွေးက ဗွီအိုအေကို ပြောပါတယ်။


"ကျမထင်တာ သူတို့ စရဖတွေရော ဘာတွေရောဆိုတော့ သူတို့ကို ဘယ်လိုလုပ်မယ် ဆိုတာ ကျမ မသိသေးဘူး။ အခုထက်ထိလည်း မတွေ့ရသေးဘူး။ ဘယ်လို အခြေအနေ ရှိတယ်တောင် မသိဘူး။ အဲ့ဒီ့အမျိုးသားပညာရေးဥပဒေနဲ့ပဲ သူတို့ကို လုပ်မှာလား။ သူတို့ပြောတာက တိတိကျကျ သားကိုလည်း မမြင်ရသေးတော့ ကျမ တောင်းတောင်းပန်ပန်နဲ့ မိခင်မေတ္တာနဲ့ သားမျက်နှာလေးပဲ မြင်ချင်တယ်။ ခဏလေး တွေ့ပါရစေဆိုတာ သူတို့က ခဏလေးစောင့်ပါဆိုတော့ နှစ်နာရီလောက် တောင်းတယ်။ ၁၂နာရီမှ ရတယ်။ ၁၂နာရီ သိသိချင်းစောင့်နေတယ်။ ၂နာရီ ၁၅ကျတော့ အမေတယောက်အနေနဲ့ မိခင်တယောက်ရဲ့သောကနဲ့ သားလေးမျက်နှာ မြင်ပါရစေဆိုတာ ခဏလေးစောင့်ပါ ဆိုတာ အခုထက်ထိ မတွေ့ရသေးပါဘူးရှင်။"

ဗွီအိုအေ။ ။ ဟုတ်ကဲ့ ဖမ်းတာ ဘယ်အချိန်လောက်မှ စဖမ်းသွားတာ ကြားတာလဲ ခင်ဗျ။

"ဖမ်းတာက ၁၂နာရီ မတိုင်ခင်ကပေါ့။"

ဗွီအိုအေ။ ။ အခုဟာက ရဲစခန်းဝင်းထဲ ထိုင်စောင့်နေကြတာလား။ အပြင်မှာ စောင့်နေကြတာလား။ အထဲကို ဝင်လို့ရလား။

"ပေးမဝင်ဘူး။ ပေးမဝင်ဘူး။ ကျမတို့ ပေတရာပေါ်မှာ စောင့်နေကြတာ။ သူတို့ ဧည့်စာရင်းစစ်တယ်သာ ပြောတာ။ ဒီပတ်ဝန်းကျင်က ပြောတာ။ နောက်ဖေးလမ်းမှာလည်း အများကြီးပဲတဲ့။ သူတို့ပိတ်ပြီးတော့ ဖမ်းတာ ထင်တာပဲ။ "

ဗွီအိုအေ။ ။ ဟိုတနေ့ အင်္ဂါနေ့က ဖြစ်သွားတဲ့ကိစ္စမှာလည်း အများကြီး အရိုက်ခံရတယ်။ အဖမ်းခံရတယ်။ မိန်းကလေးတွေဆိုလည်း မချေမငံ ပြောဆိုဆက်ဆံခဲ့ရတယ်ဆိုပြီးတော့ ရဲတွေကပေါ့နော်။ ပြောကြတာရှိတယ်။ ဒီနေ့ပြန်လွတ်လာတဲ့ တချို့ကလေးတွေကပေါ့နော်။ ဆိုတော့ အန်တီ့စိတ်ထဲမှာ ဘယ်လိုခံစားမိပါသလဲ။ ဘယ်လိုထင်သလဲ ဒီဟာတွေဟာ ဆက်နွယ်မှုရှိတယ်။ အဲ့လိုမျိုးကြောင့် အဖမ်းခံရတယ်ထင်သလား။ ဘယ်လိုထင်သလဲ။

"အော် ဒါနဲ့ဆက်နွယ်ပြီးတော့ ဖမ်းတယ်ထင်တယ်။ အန်တီလည်း ခုနက ပြောသလိုပေါ့။ ဒီရဲတပ်သားတွေကို လူကြီးနဲ့တွေ့ပါရစေ။ ဒီက အကြီးဆုံးနဲ့တွေ့ပါရစေ။ ကျမက ဆရာမပါ။ တွေ့ပါရစေ။ မိဘအနေနဲ့ မိဘချင်း၊ သားသမီးချင်းကိုယ်ချင်းစာပြီးတော့ သားမျက်နှာလေးတွေ့ရရင် ကျေနပ်ပါတယ်။

မင်းတို့ လက်ပံတန်းမှာဖြစ်တဲ့ကိစ္စ ကျမတို့ ပေးမှ မတွေ့တာ။ ပေးမှ မဝင်တာ။ လက်ပံတန်းမှာဖြစ်တဲ့ကိစ္စ ဒီလောက်အထိ နှိပ်စက်ကလူ လုပ်ထားတော့ သားအတွက် စိုးရိမ်တယ်။ နော် သားအတွက်လည်း စိုးရိမ်တယ်။ ဖမ်းထားတဲ့ကလေးတွေအတွက်လည်း စိုးရိမ်တယ်။ အကုန်လုံး သားသမီးချင်း ကိုယ်ချင်းစာတယ်။ အဲ့ဒီ့အတွက် စိုးရိမ်တယ်။ အခုထက်ထိ မသိရတော့ အရမ်းရင်ပူနေတယ်။ ကိုယ့်သားတင်မဟုတ်ဘူး။ အကုန်လုံးဖမ်းထားတဲ့ ငါးယောက်စလုံးအတွက် ကျမ တော်တော်စိတ်မကောင်းဘူး။ (ငိုလျက်) အခုထက်ထိလည်း မတွေ့ရသေးပါဘူး။ (ငိုသံ)

အခု အဖမ်းခံထားရတဲ့ ၅ ဦးထဲမှာ ပညာရေးဥပဒေ ပြင်ဆင် ရေးဆွဲရေးအတွက် တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြတဲ့ ဗကသ - ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသားခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုသီဟဝင်းတင်၊ မဟန်နီဦးတို့ အပြင် ဇန်ဇန်၊ နောက် သတင်းထောက် မိုးထက်နေနဲ့ AFP သတင်းဌာနက သတင်းထောက် ကိုဖြိုးဟိန်းကျော်တို့လည်း ပါဝင်တယ်လို့ အဖမ်းခံထားရသူ တဦးရဲ့ မိတ်ဆွေက ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG