သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ အလုပ်သမားတွေအပေါ် ထိုင်းအာဏာပိုင်တွေ နှိပ်ကွပ်မှုတိုး


နေရပ်ပြန်ပို့ခံရသည့် ထိုင်းရောက် မြန်မာအလုပ်သမားများ။
နေရပ်ပြန်ပို့ခံရသည့် ထိုင်းရောက် မြန်မာအလုပ်သမားများ။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံလာခဲ့တဲ့ (၃) ရက်တာ ခရီးစဉ်အတွင်းမှာ မြန်မာ အလုပ်သမားတွေကို ဥပဒေအရ အကာကွယ်ပေးဖို့နဲ့ ထိုင်း ဥပဒေအတိုင်း လုပ်ဆောင်ဖို့ ပြောဆိုခဲ့ပြီးတဲ့ နောက်မှာ ထိုင်းနိုင်ငံတွင်းမှာ တရားဝင် လာကြတဲ့ မြန်မာ အလုပ်သမားတွေ ပြန်ပို့တာတွေ၊ ကုမ္ပဏီက တင်ပို့တဲ့ အလုပ်သမားတွေ အလုပ်ရှင်မတူလို့ ဖမ်းဆီးတာတွေ ဆက်တိုက် ဖြစ်လာတဲ့အတွက် ဆန့်ကျင်ဘက် ရလာဒ်တွေသာ ထွက်ပေါ် လာခဲ့ ပါတယ်။ ဒီလိုဖြစ်လာ တာဟာ မမှန်ကန်တဲ့ နည်းနဲ့ အလုပ်သမား တင်ပို့မှုတွ လုပ်ခဲ့ကြ တာကြောင့်လု့ိ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေက ထောက်ပြ ဝေဖန်ခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ထိုင်းနိုင်ငံ (၃) ရက်တာ ခရီးစဉ်အတွင်းမှာ မြန်မာ အလုပ်သမားတွေကို အကာကွယ် ပေးနိုင်ဖို့အတွက် အလုပ်သမားရေး ဆောင်ရွက်နေသူတွေနဲ့ မြန်မာ အလုပ်သမားတွေက မျှော်လင့် ခဲ့ကြတာပါ။

ဒါပေမဲ့ အလုပ်သမားတွေဟာ တရားမဝင် ရောက်လာကြသူတွေ များတာရယ်၊ မမှန်ကန်တဲ့ နည်းနဲ့ အလုပ်သမား တင်ပို့မူတွေ လုပ်ခဲ့ကြတာဖြစ်လို့ အခြေအနေ ပိုဆိုးသွာတာ ဖြစ်တယ်လို့ အလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့က ကိုရဲမင်းက ဆိုပါတယ်။

“သူက ဥပဒေအတိုင်း လုပ်ပေးပါလို့မှာခဲ့တာကို ထိုင်းအစိုးရက ဥပဒေ အတိုင်း ပြန်လုပ်နေတဲ့ သဘောပဲ။ မမှန်မကန် လုပ်ထားတဲ့ ဟာတွေက ပေါ်လာပြီး ဖမ်းတိုင်း မမှန်မကန် လုပ်တာတွေက ပေါ်လာတာပေါ့။ အရင်က မဖမ်းပဲ နားလည်မှုလေးနဲ့ လွှတ်ထားတာလေ။ မြန်မာသံရုံးကတော့ တတ်နိုင်သလောက် သူတို့ကတော့ အကာအကွယ်ပေးဖို့ သံအမတ်ကြီးကနေ ပြောနေတာပဲ။ ထိုင်းအစိုးရက ဥပဒေအတိုင်း လုပ်တဲ့ အပိုင်းတွေမှာတော့ သံရုံးက ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ အခုလို work permit မရှိလို့ ဖမ်းလိုက်တယ် ဆိုတာမျိုး ဘာမှ လုပ်မရဘူး။ အဲလိုမျိုး အပိုင်းလေးတွေကတော့ ရှိလိမ့်မယ်။ ”

ဒါပေမဲ့ နှစ်နိုင်ငံသဘောတူညီမှု (MoU) နဲ့ တရားဝင်လာကြတဲ့ လပ်ဘူရီ ဂျယ်ရီ စက်ရုံက မြန်မာ အလုပ်သမားတွေဟာ အလုပ်သမားအခွင့်ရေး တောင်းဆိုကြရင်း ပြီးခဲ့တဲ့ ရက်ကပဲ အလုပ်ကနေ အတင်းအကြပ် မောင်းထုတ်တာ ခံခဲ့ရတာပါ။ တချို့ကိုတော့ နယ်စပ် ပြန်ပို့ခဲ့ပါတယ်။

ဒီအခြေအနေ ကိုတော့ အေအေစီအဖွဲက ဒါရိုက်တာဦးခိုင်ကြီးက အခုလို ပြောပြ ပါတယ်။

“မပြန်ချင်ပဲ ပြန်တဲ့ အလုပ်သမားတွေက သူတို့ ဒီမှာ သံအရာရှိနဲ့ သဘောတူညီတာက သူတို့ ပြန်ပြီး ရက်ပိုင်း အတွင်းမှာ အပေါ်ကို ပြန် ရောက်အောင် လုပ်ပေးမယ်ဆိုပြီး သဘောတူညီချက် လုပ် သွားတယ်။ လုပ်အားခတွေလည်း ပေးမယ်။ သူတို့ ကျန်နေတဲ့ ရက်ပေါင်ကြေးတွေလည်း ပေးမယ် ဆိုပြီးတော့သဘောတူညီချက်နဲ အဲဒီညမှာပဲ မြန်မာပြည်ကို ချက်ချင်း ပြန်ပို့လိုက်တယ်။ မပြန်ချင်ပဲနဲ့လေ။”

လပ်ဘူရီ စက်ရုံကနေ ရာဂဏန်းရှိတဲ့ အလုပ်သမားတွေ မောင်းထုတ်ခံရပြီး ဘတ်စကား (၃) စီးနဲ့ ထွက်ခွာရာမှာ အလုပ်သမား (၈၀) ကျော်ဟာ မြဝတီမြို့အထိ ပို့ဆောင်တာ ခံရပြီး တခြားအလုပ်သမားတွေကိုတော့ ဘယ်ကို ပို့ဆောင် သလဲဆိုတာ မသိရဘူးလို့ ဆိုပါတယ်။

ဒီအလုပ်သမားတွေကိုတော့ ကုမ္ပဏီတွေက အတင်းအကြပ် လက်မှတ်ရေးထိုး ခိုင်းခဲ့ပြီး ပြန်ပို့တာ ခံနေရတယ်လို့မြဝတီမြို့ကို ရောက်နေတဲ့ အလုပ်သမား တဦးက ပြောပါတယ်။

“ဒီဘန်ကောက်ကို ပြန်မတက်ရဘူး ခင်ဗျ။ ကျွန်တော်တို့ မြန်မာတွေ ပြန်ဆင်းတာ ကိုယ့် စိတ် ကိုယ့် ဆန္ဒနဲ့ ပြန်တာ မဟုတ်တဲ့အတွက် ဒီ လက်မှတ် မထိုးနိုင်ဘူး လို့ ပြောတဲ့အခါမှာ သူတို့က မထိုးမနေရ ဇွတ်အတင်း ထိုးခိုင်းတဲ့အခါမှာ ကျွန်တော်တို့ ထိုးခဲ့ရတယ် ခင်ဗျ။ ကျွန်တော်တို့ ပြန်တာ ကိုယ့်စိတ် ကိုယ့်ဆန္ဒ ကိုယ့် သဘောနဲ့ ကိုယ် ပြန်တာ ဖြစ်ပါသည်ဆိုပြီး လက်မှတ် ထိုးခိုင်းတာခင်ဗျ။ ကျွန်တော်တို့၈၄ယောက် ပြန်လာတဲ့အထဲမှာ ကျွန်တော်တို့ အလုပ်သမားတွေ အပေါ်မှာ လုံး၀ ငဲ့ညှာမှု မရှိဘူး။ ရန်ကုန်ကို ကားစီစဉ်ပြီး ပို့တယ်ခင်ဗျ။ အခုဆိုရင် ကားတွေ ထွက်ခွာသွားပြီ။ ကျွန်တော်တို့ ၁၁ယောက်ပဲ ကျန်ခဲ့တယ်ခင်ဗျ။”

အခုဆိုရင် ထိုင်းနိုင်ငံထဲကို အလုပ်သမားတွေကို ဆက်လက် ပို့ဆောင်ဖို့ နှစ်နိုင်ငံ သဘောတူစာချုပ်တွေ လက်မှတ်ရေးထိုးပြီး လုပ်နေတာကြောင့် အစိုးရအနေနဲ့ အလုပ်သမားပြဿနာကို သေချာ အဖြေရှာဖို့ လိုအပ်တယ်လို့ လူကုန်ကူးခံရသူတွေကို အကူညီပေးနေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖဲ့ွက အမူဆောင်ဒါရိုက်တာ ဦးကျော်သောင်းက ဆိုပါတယ်။

“အလုပ်သမား တင်သွင်းတဲ့ ကိစ္စက စာရွက်စာတမ်း အပေါ်မှာ မူတည်ပြီးမှ အကျိုးအမြတ် ကြီးကြီးမားမား ရယူပိုင်ဆိုင်ပြီး လုပ်နေကြတာ ဖြစ်တယ်။ ထိုင်းနိုင်ငံမှာ အလုပ်အကိုင်က အဲဒီလောက် မရှိတော့ဘူး။ လူတွေက ပြည့်လျံနေပါပြီ။ ခုတော့ အဲဒီလို စာရွက်စာတမ်း အကျိုးများကို ကြည့်ပြီးတော့ ထိုင်းအလုပ်ရုံတွေက မန်နေဂျာ စက်ရုံ ပိုင်ရှင်တွေက ပွဲစားတွေနဲ့ ပေါင်းပြီးတော့ အလုပ်သမားတွေကို သွင်းလိုက်၊ အကြောင်း အမျိုးမျိုးပြ ပြန်ထုတ်လိုက်နဲ့၊ အဲဒီပုံစံမျိုးနဲ့ အကျိုးအမြတ်ယူနေတယ်။ ဒီနေ့ ဒီအချိန်အထိ မြန်မာ အလုပ်သမား ဝန်ကြီး ဌာနသည် တာဝန်မဲ့စွာ လုပ်နေတာက၊ တရားဝင် သတ်မှတ်ထားတာက ကျပ်ငွေ တစ်သိန်းခွဲ၊ အလုပ်သမားတွေ ဒီကို လာရတာက၊ အနည်းဆုံး ကျပ်ငွေ လေးသိန်းကနေ ရှစ်သိန်းအထိ ကုန်နေတယ်။ လက်ရှိ ဖြစ်နေတဲ့ အခြေအနေအရ မြန်မာအလုပ်သမားတွေရဲ့ အခြေအနေကို အလုပ်သမား ဝန်ကြီးဌာနက ဃဂနဏ မသိသေးဘူး လို့ ကျွန်တော် ယူဆတယ်။”

အခုလို အခြေနေတွေမျိုးတွေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က မြန်မာ သံရုံးကို ဆက်သွယ်မေးမြန်းဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ ပါဘူး။

ထိုင်းနိုင်ငံထဲမှာ မြန်မာ ရွေပြောင်း အလုပ်သမား ၃ သန်းထက်မနည်း အလုပ်လုပ်ကိုင် နေပြီး တရားမဝင် ဝင်ရောက်သူတွေက များတာကြောင့် မြန်မာ အလုပ်သမားတွေ လူကုန်ကူးခံမူတွေက မကြာခဏ ဖြစ်ပေါ်နေတာပါ။

အခုဆိုရင် အဖမ်အဆီးတွေ ဆက်တိုက် ရှိလာတာကြောင့် တရားဝင် ဝင်ရောက် လာတဲ့ မြန်မာ အလုပ်သမားတွေကို ကာကွယ်ပေးဖို့ လိုအပ်တယ် လို့ ထောက်ပြကြ သလို မြန်မာ အစိုးရသစ် အနေနဲ့ အလုပ်သမားတွေရဲ့ ပြဿနာ အရင်းအမြစ်ကို သေချာလေ့လာပြီး အလုပ်သမား တင်ပို့မူတွေကို လုပ်ဖို့လည်း အကြံပြု တင်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG