သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Arizona တောမီး မီးသတ် ၁၉ ယောက်သေ


တနင်္ဂနွေနေ့တုံးက လောင်ခဲ့တဲ့ တောမီးကို ငြိမ်းသတ်ရင်း မီးသတ်သမား ၁၉ ဦး သေဆုံးသွားတဲ့ အမေရိကန် ပြည်ထောင်စု အနောက်တောင်ပိုင်း၊ အာရီဇိုးနားပြည်နယ်ဆီကို အထူးမီးသတ်တပ်ဖွဲ့ဝင်တွေ တိုးပြီး စေလွှတ်နေပါတယ်။ တောမီးဟာ အခုထိ ငြိမ်းသတ်လို့ မရသေးဘဲ ဖြစ်နေတာပါ။

ရုတ်တရက်ကျရောက်လာတဲ့ လေပြင်းမုန်တိုင်းကြောင့် တောမီးလောင်ခဲ့ပြီး hot- shot လို့ခေါ်တဲ့ အထူး မီးသတ်တပ်ဖွဲ့တွေက မီးကို ငြိမ်းသတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အရေးပေါ် ခိုလှုံရာ - မီးတားထားတဲ့နေရာတွေထိအောင် မီးတောက်တွေက လွှမ်းခြုံသွားခဲ့ပြီး မီးသတ်သမားတွေ သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။

အခု တောမီးဟာ နှစ်ပေါင်း ၈၀ အတွင်း အမေရိကန် မီးသတ်တပ်ဖွဲ့ဝင်တွေ တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့ရတဲ့ အရေအတွက်ဟာ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုပြီးရင် ဒုတိယမြောက် အများဆုံးဖြစ်ပါတယ်။

မီးငြိမ်းသတ်ဖို့ ကြိုးပမ်းနေတဲ့ မီးသတ်တပ်ဖွဲ့ဝင် အရေအတွက်ဟာ တနင်္လာနေ့က ၂၀၀ လောက် ရှိနေရာကနေ နောက်ထပ် ၂ ဆလောက်တိုးဖို့ ခန့်မှန်းထားကြောင်းလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

အာဖရိကကို ရောက်နေတဲ့ သမ္မတ အိုဘားမားက သေဆုံးသွားတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို သူရဲကောင်းတွေအဖြစ် ဂုဏ်ပြုခေါ်ဆိုလိုက်ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေနဲ့အတူ ကြေကွဲ ဝမ်းနည်းကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အာရီဇိုးနားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျဲန် ဘရူဝါ က ဒီ တောမီးလောင်တာကို အမှောင်တိုက် လွှမ်းတဲ့နေ့ - လို့ သတ်မှတ်ခေါ်ဆိုလိုက်ပါတယ်။
XS
SM
MD
LG