သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်ပြည်နယ်က စံချိန်ချိုးတဲ့ နှင်းမုန်တိုင်း


နှင်းမုန်တိုင်းတိုက်ခတ်ခံလိုက်ရတဲ့ နယူးယောက်ပြည်နယ် Buffalo မြို့ (နိုဝင်ဘာ ၂၀၊ ၂၀၁၄)
နှင်းမုန်တိုင်းတိုက်ခတ်ခံလိုက်ရတဲ့ နယူးယောက်ပြည်နယ် Buffalo မြို့ (နိုဝင်ဘာ ၂၀၊ ၂၀၁၄)

၂၀၁၄ ခုနှစ်ရဲ့ ဆောင်းဦးပေါက် ရာသီမှာ နှင်းမုန်တိုင်းကြီးတခုဟာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်မှာ ဝင်ရောက် တိုက်ခတ်နေ ပါတယ်။ အခုအချိန် အထိ ဆိုရင် နှင်းမုန်တိုင်း တိုက်ခတ်မှု ခံနေရတဲ့ ဒေသတွေ မှာ နှင်းထု ဟာ ၆ပေ ဝန်းကျင် ရှိနေပြီး အဖျားခတ် တိုက်ခတ်မှု ခံရတဲ့ ဒေသတွေ မှာတော့ ၄ပေ ပတ်ဝန်းကျင်မှာ ရှိတယ်လို့ ဒေသခံ မြန်မာ တချို့က ပြောပြ ပါတယ်။ နှင်းမုန်တိုင်း တိုက်ခတ်ခံရတဲ့ ဒေသ မှာ နေထိုင်နေတဲ့ မြန်မာ လူမျိုးတွေရဲ့ နှင်းမုန်တိုင်း အတွေ့အကြုံတွေကို မခွာညိုက စုစည်းတင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ် အတွင်းက ဘတ်ဖဲလိုမြို့ဟာ ၂၄ နာရီကြာ နှင်းမုန်တိုင်းဒဏ်ကို ခံခဲ့ရပြီး တောင်ပိုင်းကျတဲ့ ဘက်တွေက ပိုပြီး ဆိုးဝါးတယ် လို့ ဒေသခံတွေက ပြောပါတယ်။ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က စီရင်စု (၁၀) ခုကို အရေးပေါ်အခြေအနေ ကြေညာ ထားပြီး နှင်းမုန်တိုင်း အရေးပေါ် ကြေညာချက် ထုတ်ပြန်စဉ် အုပ်ချုပ်ရေးမှူးက အပြင်မထွက်ကြဖို့ အခုလို သတိပေးသွားပါတယ်။

"အခု ကျထားတဲ့ နှင်းထု ပမာဏကြောင့် အခြေအနေက တော်တော်ဆိုးနေပါတယ်။ လမ်းပေါ်မှာ ပျက်နေတဲ့ ကားတွေကြောင့် လမ်းရှင်း ရတာ ပိုပြီးတော့ ခက်ခဲစေ ပါတယ်။ ဒါကြောင့် လမ်းကိုလည်း သုံးလို့မရ၊ နှင်းတွေလည်း ဖယ်လို့မရ ဖြစ်နေပါ တယ်။ အခြေအနေ အားလုံးဟာ ကောင်း မလာဘဲ ပိုဆိုးဖို့ပဲ ရှိပါတယ်။ ဒါကြောင့် ဒီနေ့ နေ ထွက်လာလို့ အခြေအနေပိုကောင်းလာမယ်လို့တော့ မမျှော်လင့်ကြပါနဲ့၊ နေထွက်လာလို့ ပို ကောင်းလာအောင် လုပ်ပေးချင်ပေမယ့် နောက်ထပ် နှင်းထပ်ကျဖို့ ရှိနေပါတယ်။”

အခု မုန်တိုင်းအတွင်းကျနေတဲ့နှင်းထုပမာဏဟာ အရင်နှစ်တွေက တဆောင်းတွင်းလုံး ပုံမှန်ကျတဲ့နှင်းပမာဏနဲ့ ညီမျှတယ်လို့ ပြောကြပါတယ်။ လမ်းမတွေပေါ် ပိတ်ဆို့နေတဲ့ နှင်းထုကြောင့် အင်္ဂါနေ့ကတည်းက အလုပ်တွေ၊ ကျောင်းတွေကိုလည်း အင်္ဂါနေ့ကတည်းက ပိတ်ထားရပြီး အနည်းဆုံး နောက် ထပ် ၃-၄ ရက်လည်း ပိတ်ထားရဖွယ် ရှိတယ်လို့ထင်ကြောင်း ဘတ်ဖဲလိုမြို့မှာ နေထိုင်နေတဲ့ ကိုမျိုးသန့်က ပြောပါတယ်။

"ကျောင်းတွေ ပိတ်ရတယ်။ အလုပ်တွေ အကုန်ပိတ်ရတယ်။ လမ်းတွေကို မထွက်ရဘူးဆိုပြီး အမိန့်ထုတ်ထားတယ်။ ဒီအစိုးရက ပြီးခဲ့တဲ့ ဒီနှင်းစကျတဲ့အချိန်မှာကတည်းက ဒါပေမဲ့ လူတွေက ထွက်တဲ့လူတွေက ရှိတယ်။"

ထူထပ်တဲ့နှင်းထုကြောင့် ကားဆက်မောင်းလို့ မရတော့ဘဲ ကားထဲမှာတင် အအေးဒဏ်ကြောင့် သေဆုံးသွားသူ တစ်ဦးအပါအဝင် နှင်း မုန်တိုင်းနဲ့ ဆက်စပ်ပြီး သေဆုံးသူ (၇ ) ဦး ရှိကြောင်းလည်း အာဏာပိုင်တွေက အတည်ပြုထားပါတယ်။ အုပ်ချုပ်ရေးမှူးနဲ့ အာဏာပိုင်တွေရဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြောကြားခဲ့တဲ့အကြောင်းကိုလည်း ပြောပြပါတယ်။

" ပြည်နယ်အုပ်ချုပ်ရေးမှူးရော၊ ခရိုင်အုပ်ချုပ်ရေးမှူးရော မြို့တော်ဝန် ရောပေါ့ သူတို့တွေ မနက်က သတင်းစာရှင်းလင်းပွဲ လုပ်တော့ ပြည်သူတွေက မထွက်နဲ့ဆို မထွက်နဲ့ပေါ့။ အရေးပေါ်ကြေညာတာကို မသိတာလည်း ပါတယ်။ တချို့ကလည်း သိလျက်နဲ့ ထွက်တာလည်း ပါတယ်။ ဟိုင်းဝေးတွေမှာ ကားတွေက ရာနဲ့ချီပြီး ပိတ်မိသွားတယ်။ ကျန်းမာရေးက အရေးပေါ် အခြေအနေဖြစ်တဲ့ အခြေအနေမှာ ဆေးရုံကားက ဝင်လို့မရဘူး။ လူတွေ သေတာပေါ့နော်။ ၇ယောက်။ တချို့ကျတော့လည်း ကားထဲမှာ နေရင်းနဲ့ နှင်းထုက များလာတော့ ကားကို အုပ်သွားတဲ့အခါကျတော့ တစ်ယောက်က ကားထဲမှာ သေနေတယ်။"

အခုလို ဆောင်းဦးကာလမှာ နှင်းမုန်တိုင်းကျရောက်မှုဟာ ပုံမှန်အနေအထားမျိုး မဟုတ်တာကို သတိထားမိကြောင်းလည်း ဒေသခံတွေက ပြောနေကြတာပါ။

ကိုမျိုးသန့်ကတော့ သူနေတဲ့ နှစ်တွေအတွင်း ၂၀၀၁ ခုနှစ်က ပြင်းထန်တဲ့ မုန်တိုင်းတခုကို ခံခဲ့ရဖူးကြောင်း၊ ၂၀၀၆ ခုနှစ်မှာတော့ ရေခဲမုန်တိုင်းဒဏ်ကြောင့် လျှပ်စစ်မီးတွေပြတ်တောက်ပြီး အအေးဒဏ်ကို အပြင်းအထန် ခံခဲ့ရကြောင်းနဲ့ ပြီးခဲ့တဲ့ နှစ် ကတော့ ရေခဲမှတ်အောက် ၅၀ ဒီဂရီအထိ ကျသွားတာကို ကြုံခဲ့ရကြောင်း ပြောပြပါတယ်။

" မနှစ်ကကျတော့ လေတိုက်တာရယ်၊ ဆောင်းလယ်မှာ ဖြစ်တာပေါ့နော်။ ဒီနှစ်ကတော့ ဆောင်းတောင် မဝင်သေးဘူး။ ခရစ်စမတ်မတိုင်ခင် ဆောင်းတရားဝင် ဝင်မှာပေါ့နော်။ ဒါပေမဲ့ အခုက ဆောင်းတွင်းမဟုတ်သေးဘူး။ ဆောင်းဦးပေါက်ပဲ ရှိသေးတယ်။ "

ဒီညပိုင်းမှာ နှင်းထပ်ကျဖို့ ရှိကြောင်း မိုးလေဝသ သတင်းတွေမှာ ကြေညာ ထားပြီး ဒီတခါ နှင်းထပ်ကျမယ်ဆိုရင် နှင်းထုဟာ ၈ ပေအထိ ရှိလာနိုင်ကြောင်း လည်း ပြောထားပါတယ်။တနင်္ဂနွေနေ့မှာ နေရောင်ပြန်လည်မြင်ရဖွယ် ရှိပေမယ့် နေအပူရှိန်ကြောင့် နှင်းထုအရည်ပျော်ပြီး ရေကြီးဖွယ် ရှိတယ်လို့လည်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG