သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်မြောက်သူတွေထဲ နိုင်ငံရေးအကျဉ်းသားတချို့ ပါဝင်


အောက်တိုဘာ ၁၂ ရက်နေ့က ပြန်လွတ်လာမည့် နိုင်ငံရေးအကျဉ်းသားများကို စောင့်နေကြသည့် မိသားစုဝင်တွေနဲ့ ထောက်ခံအားပေးသူများ။ (AP Photo/Khin Maung Win)
အောက်တိုဘာ ၁၂ ရက်နေ့က ပြန်လွတ်လာမည့် နိုင်ငံရေးအကျဉ်းသားများကို စောင့်နေကြသည့် မိသားစုဝင်တွေနဲ့ ထောက်ခံအားပေးသူများ။ (AP Photo/Khin Maung Win)

မြန်မာအစိုးရက ဒီကနေ့ နိုင်ငံအနှံ့မှာ အကျဉ်းသားတွေကို ပြန်လွှတ်ပေးတဲ့ နေရာမှာ နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာ ခေါ် ကိုသူရအပါအဝင် ဒါဇင်နဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်တယ်လို့ အတိုက်အခံ နိုင်ငံရေးပါတီနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေရဲ့ အပြောအရ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ပါဝင်တယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းသာခွင့်အရ အကျဉ်းသားတွေကို ပြန်လွှတ်ပေးနေတဲ့ နေရာမှာ ရာဇဝတ်မှုနဲ့ ထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေကတော့ ထောင်ဂဏန်းရှိတယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုလို အကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့အတွက် ကြိုဆိုလိုက်ပါတယ်။

အင်္ဂါနေ့တုန်းက နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ကြေငြာရာမှာ အစိုးရက အသက်အရွယ် ကြီးရင့်သူတွေ ကျန်းမာရေး ချို့တဲ့သူတွေနဲ့ ပြစ်ဒဏ် ကျခံရပြီး စည်းကမ်းနဲ့အညီ နေထိုင်သူတွေ အကျဉ်းသား ၆,၀၀၀ ကျော်ကို ပြန်လွှတ်ပေးမယ်လို့ ကြေညာခဲ့တာပါ။ အဲဒီလို ပြန်လွှတ်ပေးရာမှာ ယုံကြည်ချက်ကြောင့်
အကျဉ်းကျနေသူ ၂,၀၀၀ ကျော်ထဲက ဘယ်လောက်လွှတ်ပေးမယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီကနေ့ ပြန်ပြီးလွှတ်မြောက်လာတဲ့ လူရွှင်တော် ကိုဇာဂနာဟာ ဆိုလို့ရှိရင် စစ်အစိုးရအနေနဲ့ နာဂစ် လေမှုန်တိုင်းဒဏ် ခံရတဲ့ ဒုက္ခသည်တွေကို အစိုးရဖက်က ကူညီ ကယ်မှု ပြုလုပ်ရာမှာ နှေးကွေးတဲ့အပေါ် ဝေဖန် ပြစ်တင်ခဲ့တဲ့အတွက် ၂၀၀၈ ခုနှစ်အတွင်း အဖမ်းခံရပြီးတော့ ထောင်ဒဏ် ၅၉ နှစ် ချမှတ် ခံခဲ့ရသူ
ဖြစ်ပါတယ်။

ဒီကနေ့ နောက်ထပ် လွတ်မြောက်လာသူကတော့ ထောင်ဒဏ် ၁၀၆ နှစ် ကျခံနေရတဲ့ အပစ်ရပ် ရှမ်းပြည်တပ်မတော် မြောက်ပိုင်းရဲ့ နာယက ဗိုလ်ချုပ် ဆေထင်လည်း ပါဝင်ပါတယ်။ ဗိုလ်ချုပ် ဆေထင်ဟာ ရခိုင်ပြည်နယ် စစ်တွေထောင်ကနေ ပြန်ပြီး လွတ်မြောက်လာသူ ဖြစ်ပါတယ်။ လောလောဆယ် ကျန်းမာရေး ကောင်းမွန်တယ်လို့ သမီးဖြစ်သူက ပြောပါတယ်။

ဗိုလ်ချုပ် ဆေထင် လွတ်မြောက်လာတဲ့အပေါ် အစိုးရကို ဆက်လက် ဆန့်ကျင် တိုက်ခိုက်နေတဲ့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်းက ကြိုဆိုလိုက်ပြီးတော့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေ စတင်ဖို့ လမ်းစပေါ်လာပြီးလို့ သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည် လွတ်မြောက်လာတဲ့အတွက် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီးဖြစ်တဲ့ Amnesty International အဖွဲ့က ကြိုဆိုလိုက်ပါတယ်။ ဒါပေမယ့် လွတ်မြောက် လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အရေအတွက်ဟာ ၅ ရာခိုင်နှုန်းလောက်သာ ရှိသေးတဲ့အတွက် တကယ်တမ်း လုံလောက်မှု မရှိသေးကြောင်းနဲ့ ထပ်ပြီးတော့ လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG