မလေးရှားနိုင်ငံမြောက်ပိုင်းမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျံမှုတွေ ဖြစ်နေတဲ့အတွက် လူ ၁၂၂ ၀၀၀ (တသိန်းနှစ် သောင်းနှစ်ထောင်) လောက် ရေဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ မလေးရှား သဘာဝဘေး အန္တရာယ် တုန့်ပြန်ဆောင်ရွက်ရေး တာဝန်ရှိသူတွေက ဒီနေ့ စနေနေ့မှာ ပြောဆိုပါတယ်။ ဒါဟာ လူ ၁ သိန်း ၁ သောင်း ကျော်လောက် ရွှေ့ပြောင်းခဲ့ရတဲ့ ၂၀၁၄ ခုနှစ် အဆိုးဆုံး ရေဘေးထက်ကို ကျော်လွန်သွားတာလည်း ဖြစ်ပါတယ်။
ကီလန်တန် Kelantan ၊ တရင်ဂါနူ Terengganu ၊ ဆာရာဝပ် Sarawak ပြည်နယ်တွေမှာ အဓိကဖြစ်ခဲ့ပြီး အခုအချိန်အထိ သေဆုံးသူ ၄ ဦး ရှိသွားပြီလို့ ထုတ်ပြန်ထားပါတယ်။ ကီလန်တန်ပြည်နယ်မှာ အဆိုးဝါးဆုံးဖြစ်ခဲ့ပြီး ရွှေ့ပြောင်းခဲ့ရသူတွေထဲက ၆၃ ရာနှုန်းဟာ အဲဒီဒေသက ဖြစ်ပါတယ်။ တရင်ဂါနူပြည်နယ်က ဒုတိယအဆိုးဆုံးဖြစ်ပြီး လူ ၄ သောင်းနီးပါး ရွှေ့ပြောင်းခဲ့ရပါတယ်။ အခြားပြည်နယ် ၇ ခုမှာလည်း ရေဘေးကြောင့် ဒေသခံတွေ ရွှေ့ပြောင်းခဲ့ရပါတယ်။
ဒီရက်သတ္တပတ် အစောပိုင်းက စတင်ပြီး မိုးသည်းထန်ခဲ့တဲ့အတွက် အခုလို ရေကြီးရေလျံခဲ့တာဖြစ်ပြီး မြို့ရွာတွေနဲ့ လူနေအိမ်တွေနဲ့ လမ်းတွေလည်း ရေလွှမ်းမိုးခဲ့ပါတယ်။ မနက်ဖြန် တနင်္ဂနွေနေ့အထိ မိုးကြီးနိုင်သေးတယ်လို့ မလေးရှား မိုးလေဝသဌာနက သတိပေးထားပါတယ်။ ထောင်နဲ့ချီတဲ့ ကူညီကယ်ဆယ်ရေးသမားတွေကို စက်လှေတွေ၊ လေးဘီးမော်တော်ကားတွေ၊ ရဟတ်ယဉ်တွေနဲ့အတူ ရေကြီးရေလျံတဲ့ဒေသတွေကို စေလွှတ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ သဘာဝဘေး အန္တရယ် တုန့်ပြန်ဆောင်ရွက်ရေး ကော်မတီဥက္ကဖြစ်တဲ့ မလေးရှား ဒုဝန်ကြီးချုပ် Ahmad Zahid Hamidi က ပြောပါတယ်။
မလေးရှားနိုင်ငံမှာ နိုဝင်ဘာလကနေ မတ်လအတွင်း အရှေ့မြောက်မုတ်သုန်လေကြောင့် မိုးသည်းထန်စွာ ရွာသွန်းလေ့ရှိ ပြီး လူပေါင်း ၃၄ သန်းလောက် ရေကြီးရေလျံမှုဘေး ကြုံရလေ့ရှိပါတယ်။
Forum