သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် အဆောက်အဦးပြိုကျမှု သေဆုံးသူ ၇၀၀ ကျော်ပြီ


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အထည်ချုပ်စက်ရုံ အဆောက်အဦး ပြိုကျမှုမှာ သေဆုံးသူအရေအတွက် ၇၀၀ ကျော်သွားပြီဖြစ်ပြီး၊ ကယ်ဆယ်ရေး လုပ်သားတွေကတော့ အပြိုအပျက်ပုံတွေအောက်က လူသေအလောင်းတွေကို ဆက်ပြီး ရှာဖွေနေဆဲ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာလည်း အပြိုအပျက်ပုံတွေအောက်က လူသေအလောင်းတွေ ထပ်ရှာတွေ့ခဲ့တယ်လို့ ရဲကပြောပြီး သေဆုံးရသူအရေအတွက် ၇၀၅ ဦးလို့ အတည်ပြုခဲ့ပါတယ်။

ဧပြီလ ၂၄ ရက်နေ့က အဲ့ဒီဖြစ်ရပ်ကြောင့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာပြောဖို့ ပိုပြီး ခက်လာတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အများအားဖြင့် သေဆုံးသူတွေရဲ့ အိတ်တွေထဲမှာတွေ့ရတဲ့ မှတ်ပုံတင်တွေ လက်ကိုင်ဖုံးတွေကိုကြည့်ပြီးပဲ ဘယ်သူဘယ်ဝါဆိုတာ ပြောနေရတယ်လို့ ဆိုပါတယ်။

အဲ့ဒီ အထည်ချုပ်စက်ရုံ ပြိုကျမှုဟာ သိပ်ပြီးစိုးရိမ်မရာ မရှိပါဘူး။ ဒါဟာ မတော်တဆ ထိခိုက်မှုပါလို့ ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီးက အရင်တစ်ပတ်ကပဲ ပြောသွားပါ တယ်။ အဲ့ဒီဖြစ်ရပ်ကြောင့် နိုင်ငံခြားအထည်ချုပ်ကုမ္ပဏီတွေ ပြန်ထွက်သွားမှာ မစိုးရိမ်ပါဘူး၊ ဒီလို ဖြစ်ရပ်မျိုးက နေရာတိုင်းမှာ ဖြစ်တာပါလို့ သူက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒေါ်လာသန်း ၂ သောင်းဖိုးရှိတဲ့ အထည်ချုပ်လုပ်ငန်းဟာ နိုင်ငံ
ပြည်ပပို့ကုန် ပမာဏရဲ့ ၈၀ ရာခိုင်နှုန်း ရှိပါတယ်။ နိုင်ငံခြား အဝတ်အထည် ကုမ္ပဏီ အများအပြားကလည်း သေဆုံးသူတွေရဲ့ မိသားစုတွေကို ထောက်ပံ့ပါမယ်လို့ ကတိပြုထားပါတယ်။

ဒီဖြစ်ရပ်ကြောင့် လူအနည်းဆုံး ၉ ဦးကို ဖမ်းဆီးထားပါတယ်။ အဲ့ဒီထဲမှာ ပြိုကျတဲ့ အဆောက်အဦးပိုင်ရှင်၊ အဲ့ဒီ အဆောက်အဦးမှာရှိတဲ့ စက်ရုံတွေရဲ့ ပိုင်ရှင်တွေနဲ့ အဲ့ဒီ အဆောက်အဦး တည်ဆောက်မှုအတွက် တာဝန်ရှိတဲ့ အင်ဂျင်နီယာတွေ ပါဝင်ပါတယ်။
XS
SM
MD
LG