တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ် တောင်ပိုင်း ရှန်ဇန်းမြို့က စက်မှုဇုံတခုမှာ တနင်္ဂနွေနေ့က မြေပြိုကျမှုကြောင့် လူပေါင်း ၉၁ ဦး ပျောက်ဆုံးနေတယ်လို့ တရုတ် အာဏာပိုင်တွေက ပြောပါတယ်။ စက်မှုဇုံအထက်က မြေစာတွေ ပြိုကျခဲ့တာမှာ စက်ရုံ ၄၄ ရုံ၊ ရုံးခန်း ၂ ခုနဲ့ အလုပ်သမားအဆောင် ၃ ခု အပါအဝင် အဆောက်အဦး ၃၃ လုံး ထိခိုက် ပျက်စီးသွားခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
အပျက်အစီးတွေနဲ့ပြည့်နေတဲ့ စတုရန်းမီတာ ငါးသောင်း ပတ်လည် နေရာမှာ အရေးပေါ်ဝန်ထမ်း ၁၅၀၀ လောက်က ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေကြပါတယ်။ မိုးအပြင်းအထန် ရွာသွန်းသွားပြီးတဲ့နောက် မီတာ ၁၀၀ အမြင့်ရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေက စွန့်ပစ်ပစ္စည်းတွေနဲ့ အမှိုက်ပုံကြီး ပြိုကျခဲ့တာဖြစ်တယ်လို့ မြေယာနဲ့အရင်းအမြစ်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြေပြိုမှုကြောင့် တရုတ်နိုင်ငံရဲ့ ထိပ်တန်း ရေနံနဲ့ ဓာတ်ငွေ့ကုမ္ပဏီ Peto China ပိုင်သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း တခုလည်း ပေါက်ကွဲ သွားခဲ့ပါတယ်။ ပျောက်ဆုံးနေ သူတွေ ထဲမှာ အမျိုးသား ၅၉ ယောက်နဲ့ အမျိုးသမီး ၃၂ ပါဝင်တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနကပြောပါတယ်။ လူ ၉၀၀ လောက်တော့ မြေပြိုမှု မဖြစ်ခင် ဘေးလွှတ်ရာကို ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။ လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှုမရှိတာ၊ ကြီးကြပ်မှုအားနည်းတာနဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် စက်ရုံလုပ်ငန်းတွေမှာ မတော်တဆ အခြေအနေတွေ တိုးပြီး ဖြစ်လာနေတဲ့အပေါ်မှာ တရုတ်အစိုးရကတော့ ပြစ်တင် ဝေဖန်ခံနေရပါတယ်။
သြဂုတ်လတုန်းကလည်း ဓာတုပစ္စည်းသိုလှောင်ရုံတခုမှာ မီးလောင်ပေါက်ကွဲမှု တချို့ ဖြစ်ခဲ့တာကြောင့် လူပေါင်း ၁၆၀ နီးပါး သေဆုံးခဲ့ပါသေးတယ်။ အဲဒီပေါက်ကွဲမှုနဲ့ဆက်စပ်ပြီး ကုမ္ပဏီဝန်ထမ်း ၁၂ ယောက်နဲ့ အစိုးရအရာရှိ ၁၁ ယောက် ကို အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။