သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်လွတ်မြောက်


L'ambiance qui règne à Bata avec des supporters.
L'ambiance qui règne à Bata avec des supporters.
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ စတင်ဖွင့်လှစ်လိုက်တဲ့နေ့မှာပဲ မြန်မာနိုင်ငံအကျဉ်းထောင်တွေမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်ကို နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီနေ့ ထပ်မံ လွှတ်ပေးလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကတော့ အကျဉ်းထောင်တွေအတွင်းမှာ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၄၀ ကျော်လောက် ထပ်မံ ကျန်ရှိနေသလို၊ နိုင်ငံရေးပုဒ်မနဲ့ ရင်ဆိုင်နေရတဲ့ အမှုပေါင်း ၂၀၀ ကျော်လောက်လည်း ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ သူတု့ိလွတ်မြောက်ရေးကို ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေ-မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ခဲ့ပါတယ်။

ဒီကနေ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ အင်းစိန်၊ သာယာဝတီ၊ မန္တလေး၊ ပုသိမ်၊ ပဲခူး၊ သထုံ၊ ကော့သောင်း၊ မြစ်ကြီးနား၊ ဘူးသီးတောင်နဲ့ တောင်ငူ စတဲ့ ထောင်တွေက ဖြစ်ပါတယ်။ ဒီလို လွတ်မြောက်လာသူတွေဟာ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီက တင်ပြထားတဲ့သူ ၄၁ ယောက် ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးသက်ဦးက ပြောပါတယ်။

“ကျနော်တို့ စာရင်းအရက ၄၁ ယောက်၊ စုစုပေါင်း ၄၄ ယောက်လွတ်တယ်လို့ သိရပါတယ်။ ကျန်တဲ့ ၃ ယောက်ဟာက ကျနော်တို့ စာရင်းမရသေးဘူး။ ဥပမာ-ဘယ်ထောင်က လွတ်တယ်၊ နာမည်ဘယ်သူလဲ အဲ့ဒီဥစ္စာ စာရင်းမရသေးဘူး။ အများစုကတော့ ပုဒ်မ ၁၈ အဲ့ဒီဥစ္စာ အများစုပဲ။”

ဒီကနေ့ အင်းစိန်ထောင်က လွတ်မြောက်လာသူတွေထဲမှာ လက်ပန်းတောင်းတောင် သပိတ်စခန်းကို အင်အားသုံး ဖြိုခွင်းတာကို ကန့်ကွက်ဆန္ဒပြခဲ့ပြီး၊ ပုဒ်မ ၁၈ နဲ့ ထောင်တစ်လ ချမှတ်ခံရတဲ့ ကိုဒီငြိမ်းလင်းလည်း ပါဝင်ပါတယ်။ သူ့ကို ထောင်က လွှတ်ပေးတဲ့အပေါ်မှာ ကိုဒီငြိမ်းလင်းက အခုလို သုံးသပ်ပါတယ်။
“ကျနော်တို့ကိုဗျာ တရားဥပဒေမဲ့ ဖမ်းဆီးပြီး အမိန့်ချ ထောင်ချလိုက်တယ်။ ပြီးတော့ ပြန်လွှတ်ပေးလိုက်တယ်ဆိုတာကြီးက နိုင်ငံတော်သမ္မတရဲ့ ဒီနှစ်ကုန် နိုင်ငံရေးအကျဉ်းသား အကုန်ပြန်လွတ်ရမယ်ဆိုတဲ့မူကို မဖြစ်မနေ အကောင်အထည်ဖော်တယ်လို့ ကျနော်တို့ ခံစားမိပါတယ်။ ကျနော်တို့ကို ဒီအချိန်မှာ ပြန်လွှတ်ပေးတယ်ဆိုတာက နိုင်ငံရေးသမားတွေကို သူတို့တွေက နိုင်ငံရေးကစားကွက်အနေနဲ့ အပေးအယူတခုအနေနဲ့ ကစားနေတယ်လို့ပဲ ကျနော်တို့ မြင်ပါတယ်။ ကစားကွက်တခုအနေနဲ့ နိုင်ငံတကာမှာ ပြလို့ကောင်းလို့ လုပ်ဆောင်လိုက်တယ်လို့ပဲ ကျနော်တို့ မြင်ပါတယ်။”

ကိုဒီငြိမ်းလင်းနဲ့ အမှုတွဲတူသူ ၆ ဦးကို နိုဝင်ဘာလ ၂၁ ရက်နေ့က ထောင်ဒဏ် ချမှတ်ခဲ့တာကြောင့် နောက်တပတ်ဆိုရင် ပြန်လည်လွတ်မြောက်ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီဝင် ဦးဘိုကြည်က လတ်တလော စိစစ်ထားတဲ့ စာရင်းအရဆိုရင် အကျဉ်းထောင်တွေအတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်လောက် ကျန်ရှိနေသေးတယ်လို့လည်း ပြောပါတယ်။

“လက်ရှိ အကျဉ်းထောင်ထဲမှာ ကျန်နေတာက ၄၄ ဦး ကျန်နေပါသေးတယ်။ ဒါက ထောင်ကျပြီးသားပေါ့။ အမှုရင်ဆိုင်နေရတာတွေလည်း ရှိနေပါသေးတယ်။ ရဲမင်းဦးတို့လိုမျိုး ဥပမာ အင်းစိန်ထောင်ထဲမှာ အမှုရင်ဆိုင်နေရတာတွေရှိတယ်။ ဒေါ်မြင့်မြင့်အေးတို့လို မိတ္ထီလာဘက်မှာ အသင်းအဖွဲ့ပုဒ်မ ၆ နဲ့ အမှုရင်ဆိုင်နေရတာတွေ ရှိပါတယ်။ ပြီးတော့ ပုဒ်မ ၁၈ နဲ့ အမှုရင်ဆိုင်နေရတာတွေကလည်း ၂၀၀ လောက်ရှိပါတယ်။”

လက်ရှိ စိစစ်ထားတဲ့စာရင်းအပြင် ထပ်မံ ကျန်ရှိနိုင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက် စိစစ်သွားမယ့် အစီအစဉ်ကို ဦးဘိုကြည်က အခုလို ပြောပါတယ်။

“တကယ်လို့ မိမိရဲ့ မိသားစုဝင်တယောက်ယောက်က နိုင်ငံရေးအရ ထိန်းသိမ်းခံထားရတယ်၊ ဖမ်းဆီးခံထားရတယ် ဆိုတာမျိုးကို အချက်အလက် အထောက်အထား ခိုင်ခိုင်မာမာနဲ့ သမ္မတရုံးကိုပဲဖြစ်ဖြစ်၊ ၈၈ ရုံးကိုပဲဖြစ်ဖြစ်၊ ကျနော်တို့ ဒီ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ ရုံးကိုပဲဖြစ်ဖြစ် ကျနော်တို့ ဒီ ထိုင်းနိုင်ငံမှာဆိုရင်လည်း AAPP ကိုပဲဖြစ်ဖြစ် ဆက်သွယ်ပြီးတော့ အကြောင်းကြားကြဖို့၊ အဲ့ဒီလိုအကြောင်းကြားလာတယ်၊ အချက်အလက် ခိုင်ခိုင်မာမာ ဖြစ်တယ်ဆိုရင် ကျနော်တို့ စိစစ်သွားမှာပါ။ အဲ့လို ကြေညာချက်မျိုးတွေ ထုတ်ဖို့ကိုလည်း အစိုးရဘက်ကို ကျနော်တို့ တိုက်တွန်းထားပါတယ်။ သတင်းစာတွေထဲမှာ ထည့်ပြီး ကြေညာဖို့ကိုလည်း သဘောတူထားပြီ ဖြစ်ပါတယ်။”


လောလောဆယ် နိုင်ငံရေးပုဒ်မနဲ့ အမှုရင်ဆိုင်နေရတဲ့ အမှုပေါင်း ၂၀၀ အတွက်လည်း ဆောင်ရွက်နေဆဲရှိကြောင်းနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဖို့ဆိုရင် အစိုးရနဲ့ လွှတ်တော်ကပါ ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုမယ်လို့ ဦးဘိုကြည်က သုံးသပ်ပါတယ်။

“ကျနော်တို့ကတော့ နိုင်ငံရေးအကျဉ်းသား ၁ ယောက်လောက် ကျန်နေတယ်ဆိုရင်တောင်မှ ဒီ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသား ၁ ယောက် လွတ်မြောက်လာဖို့အတွက်ကို ဆက်ပြီးတော့ လုပ်ဆောင်နေကြရမှာပါ။ အဲ့လိုဒီ တခြား နိုင်ငံရေးအကျဉ်းသားများအဖွဲ့တွေ၊ နောက် ဒီ တခြားနိုင်ငံရေးပါတီအဖွဲ့အစည်း အသီးသီးတွေကလည်း ဒီနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက်ကို ပူးပေါင်းပါဝင်လုပ်သွားဖို့ လိုပါတယ်။ အဲ့ဒီလိုပဲ လွှတ်တော်ဘက်ကရော၊ အစိုးရဘက်ကရော ပူးပေါင်းပါဝင် ဆောင်ရွက်သွားဖို့ လိုပါတယ်။ အခု မြန်မာနိုင်ငံမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားပြဿနာက တိုင်းပြည်ရဲ့ပြဿနာဖြစ်ပါတယ်။ အဲ့ဒီအတွက် အကုန်လုံးက ပူးပေါင်းဖြေရှင်းမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသား ကုန်မသွားစရာအကြောင်း ဘာမှ မရှိပါဘူး။ ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင် တချို့ဌာနဆိုင်ရာတွေက ပူးပေါင်းဆောင်ရွက်မှု အပြည့် မရှိဘူးဆိုရင်တော့ ဒီပြဿနာက ပြီးဆုံးသွားမှာ မဟုတ်ဘဲနဲ့ ၂၀၁၄ ထဲကို ကူးသွားမှာပါ။”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကတော့ နိုင်ငံရေးအကျဉ်းသား ၆၉ ဦးကို အကျဉ်းထောင် ၁၈ ခုကနေ လွှတ်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ရဲ့စာရင်းအရဆိုရင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရလက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၁၄ ကြိမ် လွှတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၁၄၁ လွတ်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။
XS
SM
MD
LG